ကပ်ရောဂါကာလသတ်မှတ်ချက် နိုင်ငံတွင်းလိုက်နာသူလျော့နည်းလာ

COVID 19 ကူးစက်မှုကို ကာကွယ်ဖို့ နှာခေါင်းစည်းနဲ့ Face Shield တပ်ထားတဲ့ အမျိုးသမီးတဦးကို ရန်ကုန်မြို့ရှိ စျေးတခုမှာတွေ့ရ။ (ဧပြီ ၂၁၊ ၂၀၂၀)
မြန်မာနိုင်ငံက အများပြည်သူကြားမှာ COVID 19 ကပ်ရောဂါကာကွယ်ရေး ပေါ့လျော့လာတဲ့အပေါ် ကျန်းမာရေးဝန်ကြီးကိုယ်တိုင် သတိပေးနေရတာ ဘယ်လိုအကြောင်းတွေကြောင့်လဲဆိုတာကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။

ကမ္ဘာတဝန်း ကပ်ရောဂါကူးစက်မှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက် သတိထားဖို့ လိုအပ်နေပေမဲ့ မြန်မာနိုင်ငံက အများပြည်သူကြား ကာကွယ်ရေး အစီအမံတွေကို လိုက်နာဖို့ ပျက်ကွက်နေတဲ့အပေါ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးလိုက်တာပါ။ ရောဂါလက္ခဏာမပြဘဲ ပိုးကူးစက်နေသူတွေ ရှိနိုင်တာကြောင့် အန္တရာယ်ရှိနေဆဲ ဖြစ်ပေမဲ့ အများပြည်သူကြား နှာခေါင်းစည်း အကာအကွယ် အသုံးပြုတာမျိုးတွေ မတွေ့ရကြောင်လည်း ဝန်ကြီးဒေါက်တာမြင့်ထွေးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဗစ်ကာလ ရုပ်ရှင်ဆိုင်ရာဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။

အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမိုးအောင်ကျော်နိုင်ကတော့ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ အများစုဟာ ပြည်ပက ပြန်လာသူတွေ ဖြစ်နေတာက စိုးရိမ်စိတ်လျော့ပါးလာတဲ့ အကြောင်းရင်းတခုလို့ မြင်ပါတယ်။

“လူတွေဘာလို့ ပေါ့ပေါ့လျော့လျော့ ဖြစ်လာသလဲဆိုတော့ ဆရာတို့တိုင်းပြည်မှာက Positive ဖြစ်တဲ့ Case တွေကို ကြည့်လိုက်ရင် နောက်ပိုင်းတွေမှာ ဒီ Quarantine Center တွေမှာ ထားတဲ့သူ၊ ထိန်းချုပ်ထားတဲ့သူတွေမှာပဲ ပိုးတွေတွေတာ အဓိကဖြစ်တယ်ပေ့ါနှော်။ ဒီ Community ကိုယ့်ရဲ့ လူထုကြားထဲမှာ သိပ်မတွေ့ရတော့ဘူးပေါ့နော်။ မတွေ့ရတော့တဲ့အခါကျတော့ လူတွေရဲ့ စိတ်ထဲမှာက ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ပိုးမရှိတော့ဘူးလို့ အဲ့လိုယူဆကြတဲ့ အတွက်ကြောင့်မို့လို့ တချို့တွေ ပေါ့ပေါ့လျော့လျော့ဖြစ်လာတယ်။ လူစုလူဝေးတွေဖြစ်လာတယ်။ အပြင်ထွက်တဲ့လူတွေမှာတောင် Mask တွေ မတပ်တဲ့သူတွေ တွေ့လာတယ်။ အထူးသဖြင့် ရန်ကုန်ပေါ့နော်။ ရန်ကုန်လို့ဘာလို့ပြောလဲ ဆိုတော့ ရန်ကုန်က Positive Case တွေ အများဆုံးနဲ့ တွေ့တဲ့နေရာဖြစ်တဲ့ခါကျတော့ပေါ့နော်။”

ကျန်မားရေးဝန်ကြီးဌာနကတော့ အများပြည်သူကြား သွားလာရာမှာ နှာခေါင်းစည်းသုံးဖို့ လူစုလူဝေးရှောင်ဖို့ တိုက်တွန်းထားသလို ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကိုလည်း ဒီလကုန်အထိ သက်တမ်းတိုးထားပါတယ်။ ဒါပေမဲ့လည်း ရောဂါပိုးစစ်ဆေးတွေ့ရှိတဲ့ အတည်ပြုလူနာ အများစုဟာ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေ ဖြစ်နေတဲ့အတွက် ပြည်တွင်းမှာ ကူးစက်မှုအန္တရာယ်ကို ဒီပလိုမာကျောင်းသူ မသူသူသန့်စင် တို့လို တချို့လူတွေကတော့ မစိုးရိမ်ကြပါဘူး။

“အဓိက အမအနေနဲ့ စိုးရိမ်မှု မရှိဘူးဆိုတာက ပြည်တွင်းကူးစက်မှုမရှိတဲ့ကြောင့်မို့အမအနေနဲ့ စိုးရိမ်မှု မရှိတာပေါ့။ ဘာလို့လည်းဆိုတော့ ခုအချိန်မှာ နိုင်ငံတော်အစိုးရကလည်း Quarantine တွေကို သေသေချာချာ အဲ့လို လုပ်နေတဲ့အတွက်ကြောင့်မို့လို့ ဒီပြည်တွင်းမှာရှိတဲ့ပြည်သူတွေကနေတဆင့် မကူးစက်နိုင်တော့ဘူးလို့ အမအနေနဲ့ ယူဆတယ်ပေါ့နော်။ ပြည်တွင်းကူးစက်မှုကလည်း မရှိသလောက်ရှားတဲ့အတွက်ကြောင့်မို့လို့ အမအနေနဲ့ စိုးရိမ်မှုကတော့ လုံးဝမရှိတော့ဘူး။ ဒါပေမဲ့ ကာကွယ်ဖို့ကတော့ ဒါကတော့ ထုတ်ပြန်ထားတဲ့အတိုင်းပေါ့၊ Mask တပ်တာတို့ ဘာတို့တော့ လုပ်ရမှာပေါ့။ ဒါပေမဲ့ အဲ့ဒါကြီးကိုလည်း အရမ်းကြီး Mask မရှိရင်တော့ ရောဂါပိုးကူးတော့မှာပဲဆိုတဲ့ စိတ်မျိုးတော့လည်း မရှိပါဘူး။”

အခုအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ခြောက် ဦးအပါအဝင် ကူးစက်သူ အတည်ပြုလူနာ ၃၅၀ ကျော်ရှိပါတယ်။ ဒီအထဲမှာ ဆေးကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ ၂၉၃ ဦး ရှိကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်ရှင်။

အိမ့်သန္တာထွန်း  / ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid/5522018.html
ကပ်ရောဂါကာလသတ်မှတ်ချက် နိုင်ငံတွင်းလိုက်နာသူလျော့နည်းလာ ကပ်ရောဂါကာလသတ်မှတ်ချက် နိုင်ငံတွင်းလိုက်နာသူလျော့နည်းလာ Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.