ဖားကန့် မြေပြိုမှု စုံစမ်းရေးအစီရင်ခံစာ သမ္မတထံတင်

သေဆုံးသူ ၁၇၄ ဦးရဲ့ ရုပ်အလောင်းတွေ ရရှိထား

လူ ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ ဇူလိုင် ၂ ရက်နေ့ ဖားကန့် ဝှေခါမှော် မြေပြိုမှု ဖြစ်အပြီး သမ္မတ ဖွဲ့စည်းလိုက်တဲ့ စုံစမ်းရေး ကော်မရှင်ဟာ ဖားကန့်ကို သွားရောက် ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီး အခုအခါ သမ္မတထံ အစီရင်ခံစာ တင်လိုက်ပြီ ဖြစ်တယ်လို့ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့မှာ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ပြောတာ ဖြစ်ပါတယ်။

ဒါဟာ ကချင်ပြည်နယ် အစိုးရရဲ့ ၄ နှစ်တာ သက်တမ်းအတွင်း ၄ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ ဖြစ်ပါတယ်။

ဒီလို ဖြစ်ရပ်မျိုးတွေ ထပ် မဖြစ်အောင် အဲဒီမှာ ရှိတဲ့ ဌာနဆိုင်ရာပေါင်းစုံနဲ့ ပူးပေါင်းပြီး တားဆီးကာကွယ်ရေးကို ဦးစားပေး ဆောင်ရွက်သွားမယ်။ ပညာပေးတာတွေ၊ စောင့်ကြပ် ကြည့်ရှုတာတွေ လုပ်သွားမယ်လို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောပါတယ်။

အစီရင်ခံစာထဲမှာပါတဲ့ အချက်အလက်တွေနဲ့ ဘယ်သူတွေကို အရေးယူမှုတွေ လုပ်ဖို့ ရှိသလဲဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ ဝန်ကြီးချုပ်က တိတိပပ မဖြေခဲ့ပါဘူး။

အဲဒီမြေပြိုမှုဖြစ်စဉ်အတွက် ရေမဆေး လောပန်း၁၃ ဦးကို ထောင် ၃ နှစ်ထိ ကျခံရနိုင်တဲ့ ကျောက်မျက်ဥပဒေ ပုဒ်မ ၅၀ (က) နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက အမှုဖွင့်ထားသလို တပ်မတော်ကလည်း ပြည်နယ် နယ်လုံဝန်ကြီးနဲ့ တပ်မှူးတစ်ဦးကို အရေးယူခဲ့ပါတယ်။

ဒီမြေပြိုမှုဖြစ်စဉ်ဟာ ဖားကန့်မှာ လူအသေအပျောက်အများဆုံး မြေပြိုမှု ဖြစ်စဥ် ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲ

ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းကတော့ ရေမဆေးကျောက်ရှာသူတွေဟာ အန္တရာယ်ကို သတိမမူဘဲ ကုမ္ပဏီလုပ်ကွက်တွေမှာ ဝင်ရောက်ရှာဖွေကြတာလို့ မြေပြိုမှု စုံစမ်းစဥ်က အခြေအနေကို ဘီဘီစီကို ပြောထားပါတယ်။

ဖားကန့်မှာ ရေမဆေးကျောက်ရှာသူ အရေအတွက်ဟာ သိန်းချီရှိပြီး မြန်မာနိုင်ငံမှာ ကျောက်စိမ်းထုတ်လုပ်မှုကနေရတဲ့ဝင်ငွေဟာ တစ်နှစ်ကို ဒေါ်လာ ၃၀ ဘီလျံလောက် တန်ကြေးရှိတယ်လို့ စစ်တမ်းတွေက ဖော်ပြကြပါတယ်။

ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်း ဒေသမှာ ကျောက်စိမ်းတူးဖော်ရေး လက်လုပ်လက်စား လုပ်ကိုင်သူတွေ အတွက် ဧက သုံးသောင်း နီးပါးရှိတဲ့ လုပ်ကွက်တွေကို ဖော်ဆောင်ပြီး လုပ်ကိုင်ခွင့် ချပေးဖို့ စီစဥ်နေတယ်လို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြီးခဲ့တဲ့ နှစ်တုန်းက ပြောထားပါတယ်။

လူရာချီ သေဆုံးခဲ့ရတဲ့ ဖားကန့်မြေပြိုမှုနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေ အပြင် ကချင်ပြည်နယ်အတွင်း စီမံကိန်းတွေအကြောင်းနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေအကြောင်းလည်း ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ရှင်းလင်းခဲ့ပါတယ်။

ငြိမ်းချမ်ရေးနဲ့ ပတ်သက်လို့ ပြောကြားရာမှာတော့ လေးနှစ်တာ ကာလအတွင်း ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရအနေနဲ့ အားရကျေနပ်မှု မရှိဘူးလို့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာပဲ ပြည်နယ်အစိုးရ ဘဏ္ဍာအခွန် ဝန်ကြီး ဦးဝေလင်းက မြစ်ကြီးနားမြို့မှာရှိတဲ့ မြေ ဧက ၄၇၀၀ ပေါ် မှာ အကောင်အထည်ဖော်ဖို့ လျာထားတဲ့ နန်ကျင်း စက်မှုဇုန်စီမံကိန်းနဲ့ ပတ်သက်လို့ ရွေးချယ်ခံရတဲ့ ကုမ္ပဏီနဲ့ နှစ်ဘက် နားလည်မှုစာချွန်လွှာ MoU ဆက်ထိုးမယ်လို့လည်း ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-53446860
ဖားကန့် မြေပြိုမှု စုံစမ်းရေးအစီရင်ခံစာ သမ္မတထံတင် ဖားကန့် မြေပြိုမှု စုံစမ်းရေးအစီရင်ခံစာ သမ္မတထံတင် Reviewed by THITHTOOLWIN on 00:13 Rating: 5
Powered by Blogger.