ရသေ့တောင်မှာ လက်နက်ကြီးကျည်ကြောင့် အရပ်သားသုံးဦး ဒဏ်ရာရ


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းကျေးရွာဘက်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့ မနေ့စပြီးတော့ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ တပ်မတော်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေကြောင့် အရပ်သား သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကာယကံရှင်တွေနဲ့ ကျေးရွာသားတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အောင်သာစည်ရွာအနီးက တောင်တန်းမှာ မနေ့ မနက်က ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သလို ဒီနေ့မနက်မှာလည်း အောင်သာစည်နဲ့ ထီးစွဲရွာကြားမှာ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်အခြေစိုက် အမှတ်-၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်းတွေကနေ မနေ့ကနဲ့ ဒီနေ့တွေမှာ လက်နက်ကြီး ပစ်ကူတွေ တောက်လျှောက်ပေးနေပြီး အဲဒီလက်နက်ကြီးကြောင့် မနေ့က ကျောက်တန်းကျေးရွာမှာ လယ်ထွန်နေတဲ့ အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးကျည်တွေဟာ ထွန်ယက်နေတဲ့ လယ်ကွင်းပြင်ထဲမှာ ကျရောက်လာခဲ့တာလို့ ခြေဒူးဆစ်နားမှာ လက်နက်ကြီးအစ ထိမှန်ဒဏ်ရာရသွားတဲ့ အသက် ၄၆ နှစ်အရွယ် ဦးမောင်ခင်လှက RFA ကိုပြောပါတယ်။

“မနေ့က လယ်ထွန်စက်နဲ့လာနေတုန်း လက်နက်ကြီးက လယ်ကွင်းထဲ သုံးလုံးကျပါတယ်။ နီးနီးလေးမှာဆိုတော့ မဖြစ်တော့ဘူးဆိုပြီး ထွန်စက်ပေါ်ကနေ ဆင်းပြေးဖို့ လုပ်ပါတယ်။ အဲဒီအချိန်မှာ လက်နက်ကြီးကျည် နောက်ထပ်တစ်လုံး လာကျပါတယ်။ အဲဒီကနေ လွင့်လာတဲ့အစက ဒူးဆစ်ကို လာမှန်သွားတာပါ။ ပစ်တဲ့အချက်ကတော့ မရေတွက်နိုင်ဘူး။ အခုဒီမနက်လည်း ပစ်နေတယ်။ အောင်သာစည်နဲ့ ထီးစွဲကြားမှာ တိုက်ပွဲဖြစ်နေတာ။ ဒီမနက် ၈ နာရီဝန်းကျင်လောက်ကနေ ဖြစ်နေကြတာ”

ဒဏ်ရာရသူတွေထဲက နောက်ထပ်နှစ်ဦးကတော့ အသက် ၄၁ နှစ်အရွယ် ဦးမောင်လှ နဲ့ အသက် ၄၅ နှစ်အရွယ် ဦးဦးကျော်သန်းတို့ဖြစ်တယ်လို့ ကျေးရွာသားတစ်ဦးဖြစ်သူ ဦးအေးမောင်ကပြောပါတယ်။

“ဦးမောင်လှနဲ့ ဦးဦးကျော်သန်းက ရွာထဲကို လက်နက်ကြီးတွေ တဖုန်းဖုန်းကျလာလို့ ဘုန်းတော်ကြီး ကျောင်းထဲကို ဝင်ပြေးကြတာ။ အဲဒီအချိန်မှာ လက်နက်ကြီးက ဘုန်းတော်ကြီးကျောင်းထဲကို ကျလာတယ်။ အဲဒီလိုဝင်ပြေးတဲ့အချိန်မှာ အစတွေ ထိမှန်သွားတာ။ ဘုန်းတော်ကြီးကျောင်းထဲမှာလည်း မှန်တိုင်က ပွင့်ထွက်သွားတယ်။ ကျောင်းထရံတွေလည်း ပွင့်ထွက်သွားတယ်။ ခေါင်မိုးတွေလည်း ပျက်စီးသွားတယ်။”

ကျောက်တန်းကျေးရွာသားတွေဟာ တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြပြီး အခုမိုးတွင်း စပါးထွန်ယက်စိုက်ပျိုးရာသီမှာ တိုက်ပွဲတွေမရှိတဲ့အချိန် အသက်စွန့်ပြီး လယ်ယာတွေကို လာရောက်ထွန်ယက်နေကြတဲ့ ကျေးရွာသား ၁၀ ယောက်ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

လာရောက်ထွန်ယက်ဖို့ ကြိုးစားနေရာကနေ မနေ့က မနက်က လက်နက်ကြီးကျည် ကြောင့် လူ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် အားလုံးပြန်ထွက်ပြေးလာကြရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

မနေ့က တိုက်ပွဲဖြစ်ပွားတဲ့ အောင်သာစည်ရွာဘက်က တောင်တန်းတွေရှိတဲ့နေရာတွေကို တပ်မတော်က ရဟတ်ယာဉ်သုံးပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံမျက်မြင်တွေကပြောပါတယ်။

ရသေ့တောင်မြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က အခုအချိန်ဟာ စပါး စိုက်ပျိုးရာသီဖြစ်တာကြောင့် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒေသခံအရပ်သားတွေကို မထိခိုက်အောင် လုပ်ဆောင်ဖို့လိုတယ်လို့ ပြောပါတယ်။

“အဲဒီဒေသမှာ ပါဝင်တိုက်ခိုက်ကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဒေသခံတွေရဲ့လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့် အရေးကို မထိပါးဖို့လိုတယ်။ နောက်ပြီး အခုက ဆန်စပါး ဝမ်းစာထုတ်လုပ်တဲ့အချိန်ဖြစ်လို့ ဒီလုပ်ငန်းတွေကိုလည်း မထိခိုက်ဖို့လိုတယ်။ နောက်ပြီးတော့ နိုင်ငံတကာမှာ ကျင့်သုံးတဲ့ ထိတွေ့တိုက်ခိုက်မှု ဆိုင်ရာ ROE စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ ဒါတွေကိုလည်း လိုက်နာဖို့လိုတယ်။ နိုင်ငံတကာကလည်း ဒီကိစ္စတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတာရှိတယ်။ အစိုးရအနေနဲ့ကတော့ ကိုယ့်ခွင့်ပြုမိန့်နဲ့လုပ်တဲ့အတွက် ပိုပြီးတော့ တာဝန်ရှိတယ်”

အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို အစိုးရက လုံလောက်တဲ့ စားနပ်ရိက္ခာတွေ မပေးတာကြောင့် ဒေသခံတွေဟာ စားနပ်ရိက္ခာအတွက် ကြိုးပမ်းနေကြရတာလို့လည်း ဆိုပါတယ်။

ရသေ့တောင်မြို့နယ် ကျောက်တန်းဒေသမှာ မနေ့ကစပြီး တိုက်ပွဲတွေဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA) ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ AA ပြောခွင့်ရသူ ခိုင်သုခက မနေ့က နေ့လယ် ၁ နာရီခွဲမှာ အောင်သာစည်နဲ့ ကျောက်တန်းရွာတစ်ဝိုက်နဲ့ ကြားနေရာတွေကို ရဟတ်ယာဉ်တစ်စီး ပေါ်ကနေ စက်သေနတ်တွေနဲ့ တိုက်ခိုက်ခဲ့လို့ လယ်ကွင်းထဲမှာ အလုပ်လုပ်နေသူတွေ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ ဒီနေ့ထိလည်း အစိုးရတပ်က အဲဒီနေရာတစ်ဝိုက်ကို ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ AA အနေနဲ့ ကိုဗစ်ကာလမှာ တိုက်ပွဲတွေကိုရပ်ထားမယ်လို့ ထုတ်ပြန်ထားပေမယ့် မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်လို့ တိုက်ပွဲတွေဆက်ဖြစ်နေရတာဖြစ်ကြောင်းနဲ့ စစ်တပ်ကသာ ထိုးစစ်ကိုရပ်မယ်ဆိုရင် အခု လက်ရှိဖြစ်နေတဲ့တိုက်ပွဲတွေ လုံးဝရပ်သွားနိုင်တယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ တပ်မတော်စစ်ကြောင်းတွေဟာ ရသေ့တောင်-ဘူးသီးတောင် ဆက်သွယ်ရေးလမ်းပြန်ပွင့်ဖို့နဲ့ ရွာသူရွာသားတွေကို ကယ်တင်ဖို့ အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး(Counter Terrorism Operation) ကို အဲဒီဒေသမှာ မနေ့ကစတင်ပြီး လုပ်ဆောင်နေတာလို့ မနေ့ကထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆင်ရေးကြောင့် ကျောက်တန်းရွာမှာ မနေ့က အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တာ၊ လက်နက်ကြီးကျည်တွေဟာ ကျေးရွာထဲနဲ့ ဘုန်းတော်ကြီးကျောင်းကို ကျရောက်တာ စတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုသတင်း‌ကြေညာနေတဲ့ အချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။

ရသေ့တောင်မြို့နယ် ကျောက်တန်းနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်ဖို့ရှိတယ် ဆိုပြီး ဇွန်လ ၂၄ ရက်နေ့က ကျေးရွာပေါင်း ၄၀ ကျော်က ဒေသခံတွေ ဘေးလွတ်ရာကိုရှောင်တိမ်းဖို့ အစိုးရက ညွှန်ကြားခဲ့ပြီးနောက် ဒေသခံ နှစ်သောင်းခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ဇွန်လ ၂၆ ရက်နေ့မှာ အဲဒီညွှန်ကြားစာကို ပြန်ရုပ်သိမ်းခဲ့ပေမယ့် စစ်ဆင်ရေးကိုတော့ ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက RFA ကို ပြောဆိုခဲ့ပါတယ်။

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ မနေ့က ဇူလိုင်လ ၁၆ ရက်နေ့အထိ သေဆုံးတဲ့ အရပ်သား ၂၇၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၅၈၆ ဦးအထိ ရှိနေပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/three-injured-in-rathedaung-07172020085314.html
ရသေ့တောင်မှာ လက်နက်ကြီးကျည်ကြောင့် အရပ်သားသုံးဦး ဒဏ်ရာရ ရသေ့တောင်မှာ လက်နက်ကြီးကျည်ကြောင့် အရပ်သားသုံးဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 00:18 Rating: 5
Powered by Blogger.