အခြေခံလူတန်းစား အိမ်ထောင်စုများအား ငွေကျပ် နှစ်သောင်းစီ ထောက်ပံ့မှု ဇူလိုင်လကုန်တွင် စတင်မည်


ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ငွေကျပ် နှစ်သောင်းစီ ထောက်ပံ့ခြင်းကို ဇူလိုင်လကုန်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သမ္မတအိမ်တော်တွင် ဇူလိုင် ၁၇ ရက် ညနေပိုင်းက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ ကာလတွင် စည်းမျဉ်းစည်းကမ်းများ ကန့်သတ်ခြင်း၊ လူစုလူဝေး မလုပ်ရန် ကန့်သတ်ခြင်း စသည် ကန့်သတ်မှုများကြောင့် ထိခိုက် နစ်နာရသည့် ပုံမှန်ဝင် ငွေမရှိသော အိမ်ထောင်စုများအား ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“တတိယအကြိမ် အနေနဲ့ အခြေခံစားကုန် (၅)မျိုး ဖြန့်ဖြူးခဲ့တဲ့ အိမ်ထောင်စုပေါင်း လေးသန်းကျော် ရယ်၊ အကြောင်း အမျိုးမျိုးကြောင့် ကျန်ခဲ့တဲ့ အတွက် ကျပ် တစ်သောင်းခွဲ ထောက်ပံ့ခဲ့တဲ့ အိမ်ထောင်စုပေါင်း ၁ ဒသမ ၄ သန်းကျော် ပေါင်းလိုက်ရင် ၅ ဒသမ ၄ သန်းကျော် ရှိတယ်။ ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံ လူတန်းစား အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်းကျော်ကို အိမ်ထောင် တစ်စုကို ကျပ်ငွေ နှစ်သောင်းစီ ထောက်ပံ့ဖို့ ဇူလိုင်လ (ဒီလ) နောက်ဆုံးပတ်မှာ စပြီး ထောက်ပံ့မှာ ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ဇူလိုင်လကုန်တွင် စတင် ဆောင်ရွက်မည့် ငွေကြေး ထောက်ပံ့မှုတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ရှမ်းပြည်နယ် ကလောမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ စသည့် သုံးမြို့နယ်အား Mobile Payment များဖြင့် စမ်းသပ် ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် အခြေခံလူတန်းစားများ အတွက် ထောက်ပံ့ခြင်းကို ပထမအကြိမ် အဖြစ် အခြေခံစားနပ်ရိက္ခာ (၅) မျိုးအား အိမ်ထောင်စု ၄ သန်း ကျော်ကို ထောက်ပံ့ ပေးခဲ့ပြီး ကျပ် ၅၀ ဘီလီယံ အသုံးပြုခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ပထမအကြိမ်တွင် ကျန်ရစ်ခဲ့သည့် အိမ်ထောင်စု ၁ ဒသမ ၄ သန်းကျော်ကို ဒုတိ ယ အကြိမ်အဖြစ် အိမ်ထောင် တစ်စုလျှင် ငွေကျပ် တစ်သောင်းငါးထောင်  နှုန်းဖြင့် ထောက်ပံ့ခဲ့ရာ ကျပ် ၂၁ ဘီလီယံခန့် ထောက်ပံ့ ပေးခဲ့ပြီး ဖြစ်သည်။

စတုတ္ထအကြိမ် ထောက်ပံ့မှုတွင်လည်း အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်းကျော်ကို ကျပ် နှစ်သောင်းစီ ထောက်ပံ့သွားမည် ဖြစ်ကာ အဆိုပါ ထောက်ပံ့မှုအား သြဂုတ်လ နောက်ဆုံးပတ်တွင် ဆောင်ရွက်ရန် စီမံထားကြောင်း သိရှိရသည်။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
အခြေခံလူတန်းစား အိမ်ထောင်စုများအား ငွေကျပ် နှစ်သောင်းစီ ထောက်ပံ့မှု ဇူလိုင်လကုန်တွင် စတင်မည် အခြေခံလူတန်းစား အိမ်ထောင်စုများအား ငွေကျပ် နှစ်သောင်းစီ ထောက်ပံ့မှု ဇူလိုင်လကုန်တွင် စတင်မည် Reviewed by THITHTOOLWIN on 00:56 Rating: 5
Powered by Blogger.