မီဒီယာရဲ့ထိုးနှက်မှုကို ရင်ဆိုင်နေရတယ်လို့ တပ်မတော် စွပ်စွဲ

ရခိုင်ပြည်နယ် လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်ဟာ ချုံခိုတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရရုံသာမက သတင်းမီဒီယာတွေကလည်း အလစ်ချောင်း ထိုးနှက်နေကြတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောလိုက်ပါတယ်။ လေ့လာသူတွေကတော့ တပ်မတော်ရဲ့ စွပ်စွဲပြောဆိုချက်တွေကို ငြင်းဆိုလိုက်ပါတယ်။

လက်နက်ကိုင်အဖွဲ့တွေက တပ်မတော်ကို ချုံခိုတိုက်ခိုက်ကြသလို သတင်းမီဒီယာတွေကလည်း တပ်ကို ထိုးနှက်နေကြတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇူလိုင်လ ၂၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်လိုက်တာပါ။

“ကျနော်တို့မှာ ဗီဒီယိုမှတ်တမ်းတို့ ဘာတို့ပေါ့လေ၊ ရွာတွေကို ဝင်တဲ့အခါမျိုးမှာ၊ နောက်ပိုင်းတော့ ကျနော်တို့ တော်တော်လေး ဂရုစိုက်ရတယ်။ ပြောရရင် ရန်သူက တစ်မျိုး၊ မီဒီယာက တစ်မျိုး၊ တစ်ခါတစ်လေမှာလည်း ရန်သူက ချုံခို တိုက်ခိုက်တာတင် မဟုတ်ဘူး၊ မီဒီယာကပါ ချုံခိုပြီး တိုက်ခိုက်သေးတယ်။ ဘယ်မီဒီယာကိုမှ ရည်ညွှန်းပြောတာမျိုး မဟုတ်ဘူး။ ဒါ ခင်ဗျားတို့ အလုပ် ခင်ဗျားတို့ လုပ်တာ၊ ကျနော်တို့ ဘာမှပြောစရာ အကြောင်းမရှိဘူး။”

တပ်မတော် အနေနဲ့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ဖျက်ရေး ဆောင်ရွက်နိုင်ဖို့အတွက် လုံလောက်တဲ့ တပ်အင်အားသုံးပြီး ဆောင်ရွက်နေချိန်မှာ သတင်းမီဒီယာတွေရဲ့ ချုံခိုတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။  ဘယ်လို တိုက်ခိုက်ခံရတယ် ဆိုတာနဲ့ ပတ်သက်ပြီး တိတိကျကျ ပြောဆိုသွားခြင်း မရှိပါဘူး။

လက်နက်ကိုင်အဖွဲ့တွေအရေး လေ့လာနေတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က ဦးသိန်းထွန်းဦးကတော့ တပ်မတော်ရဲ့ ပြောကြားချက်ဟာ အရပ်သားထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေရဲ့ တင်ပြပုံကို ဆိုလိုတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဒါကတော့ အခုလောလောဆယ် လက်ရှိဖြစ်တာကို ကြည့်ဖို့ လိုတာပေါ့။ ဥပမာဆိုပါတော့ တိုက်ပွဲတစ်ပွဲ ဖြစ်တယ်၊ ကြားထဲက အရပ်သား ကျည်သင့်တယ်ဆိုရင် အရင်ဆုံး တပ်ဘက်ကို ဦးတည်ပြီး ရေးကြတာ များတာကိုး။ ဒါကိုလည်း ကျနော်တို့ သဘောပေါက်ပါတယ်။”

သတင်းမီဒီယာ ကောင်စီဝင် ဦးမြင့်ကျော်ကတော့  သတင်းမီဒီယာအလုပ်ကို အမှန်တကယ်လုပ်တဲ့သူတွေကတော့ တပ်မတော်ကို ထိုးနှက်တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“မီဒီယာက ချုံခိုတိုက်ခိုက်တယ်ဆိုတာက မီဒီယာထဲက အစိတ်အပိုင်းတချို့ ဖြစ်ကောင်းဖြစ်မှာပေါ့။ ဆိုလိုချင်တာက မီဒီယာအပေါ်မှာ တကယ့်သတင်းမီဒီယာအလုပ်ပဲ လုပ်တဲ့လူလည်း ရှိတယ်။ နောက်တစ်ခုက မီဒီယာပလက်ဖောင်းပေါ်မှာ ဝါဒဖြန့်ချိရေး လုပ်တဲ့လူလည်း ရှိတယ်။ အဲဒါမျိုးက သူတို့လည်း လုပ်တယ်၊ သူတို့နဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းကလည်း လုပ်နေတယ်ပေါ့နော်။ ဒါပေမဲ့ တကယ့်သတင်းမီဒီယာကတော့ အဲဒီထဲမှာ မပါဘူး။ ဒီပလက်ဖောင်းပေါ်မှာ နှစ်ဘက်စလုံးက ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ တကယ့် ကိုယ့်အလုပ် ကိုယ်လုပ်တဲ့ သတင်းမီဒီယာကတော့ ချုံခိုတိုက်ခိုက်တဲ့အထဲမှာ မပါဘူးလို့ ကျနော်ကတော့ မြင်တယ်။”

ရခိုင်ပြည်နယ်မှာ တပ်တော်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေတာ ၁ နှစ်ကျော်လာပါပြီ။ ရက္ခိုင့်တပ်တော် AA ကို မတ်လ ၂၃ ရက်နေ့က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာပြီးနောက်ပိုင်းမှာ AA ကို ဆက်သွယ် သတင်းရေးသားသူ တချို့ အရေးယူနိုင်အောင် ပြည်ထဲရေးဝန်ကြီးဌာနဘက်က ကြိုးစားတာတွေ ရှိခဲ့ပါတယ်။

ခေတ်သစ်မီဒီယာ တည်ထောင်သူ ကိုသာလွန်ဇောင်းထက်က သတင်းမီဒီယာတွေအနေနဲ့ ရခိုင်ပြည်နယ်က သတင်းတွေကို ဖော်ပြခဲ့တာတွေဟာ အရပ်သားပြည်သူတွေ ထိခိုက်မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို တင်ဆက်၊ ရေးသားတာကို ချုံခိုတိုက်တယ်လို့ သုံးနှုံးတာဟာ တပ်မတော်ဘက်က သတင်းမီဒီယာတွေကို ရန်သူလို သဘောထားတဲ့အကြောင်း ကြေညာလိုက်တာ ဖြစ်တယ်လို့ ယူဆပါတယ်။

“သူတို့အနေနဲ့ စစ်ပွဲတွေမှာ အရပ်သားရှိတဲ့နေရာတွေကို ရှောင်ကွင်းပြီးတော့ အရပ်သားတွေအပေါ်မှာ ထင်တိုင်းကျဲ ဖမ်းဆီးပြီးတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အဲလိုကိစ္စမျိုးတွေက ရခိုင်မှာ အမြဲကြားနေရတဲ့ ကိစ္စတွေပါ။ ဒီစစ်ပွဲတွေကြောင့်မို့။ ဒါတွေကို သတင်းမီဒီယာတွေကတော့ ဖော်ထုတ်မှာပဲ၊ ရေးမှာပဲ၊ ဒါတွေကို လျော့ပါးသွားအောင် လုပ်ရမယ့်တာဝန်က သူတို့တာဝန်ပဲ၊ အဲဒါကို လျော့ပါးသွားအေင် မလုပ်ဘဲနဲ့ မီဒီယာတွေက ဒါတွေရေးလို့ သူတို့ကို ချုံခိုတိုက်ပါတယ်လို့ သူတို့ပြောရင် မီဒီယာမှာ လက်နက်မှမရှိတာ၊ မီဒီယာက အမှန်တရားကို လူတွေသိအောင် ဖော်ထုတ်တာ။ ဆုံးဖြတ်တာက စာဖတ်ပရိသတ်တွေနဲ့ ပြည်သူတွေက ဆုံးဖြတ်တာ။”

ရခိုင်ဒေသ စစ်ပွဲသတင်းဖော်ပြတဲ့ သတင်းမီဒီယာတွေ အားလုံးနီးပါးဟာ နှစ်ဖက်ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေကို ဘက်မလိုက်ဘဲ တင်ဆက် ဖော်ပြနေတာဖြစ်တယ်လို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

“ရခိုင်စစ်မြေပြင်မှာ ပလက်၀ အပါအဝင်ပေါ့နော် စစ်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ သတင်းမီဒီယာတွေ တကယ်တမ်း လွတ်လွတ်လပ်လပ် သတင်းလိုက်ခွင့် နည်းပါတယ်။ တကယ်ချုံခို တိုက်မတိုက်တော့ မသိဘူး၊ သတင်းတင်ပြနိုင်မှုကတော့ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် သတင်းယူပြီး တင်ပြနိုင်တာကတော့ တော်တော်အားနည်းတယ်လို့ ထင်ပါတယ်။ သတင်းဌာနတွေကတော့ မြေပြင်အခြေအနေတွေရယ် နှစ်ဘက်ပြောဆိုချက်တွေကို မျှပြီး တင်ပြတာပဲ တွေ့ပါတယ်။ တစ်ဘက်ဘက်ကို ဇောင်းပေးတာတော့ မရှိပါဘူး။”

ရခိုင်ပြည်နယ် အခြေစိုက်သတင်းဌာနတွေ၊ ရခိုင်ဒေသမှာ သတင်းထောက် ခန့်ထားနိုင်တဲ့ သတင်းဌာနတွေကပဲ ရခိုင်ပြည်နယ် သတင်းတွေကို ဖော်ပြနိုင်တာဖြစ်ပြီး ကျန်တဲ့သတင်းမီဒီယာတွေဟာ သတင်းရယူခွင့် ကန့်သတ်ထားတဲ့အတွက် သတင်းဖော်ပြမှု အားနည်းနေရတယ်လို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ အရပ်သား သေဆုံးမှုတွေ၊ ဖမ်းဆီးခံရမှုတွေ အမြောက်အမြား ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်ဟာလည်း နှစ်သိန်းနီးပါးရှိနေပြီဖြစ်ကြောင်း စစ်ဘေးဒုက္ခသည်အရေး လေ့လာနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး REC က စာရင်းတွေအရ သိရပါတယ်။

အောင်သိင်္ခ / RFA Burmese
https://www.rfa.org/burmese/news/tatmadaw-accuses-onslaught-of-media-07272020030334.html


မီဒီယာရဲ့ထိုးနှက်မှုကို ရင်ဆိုင်နေရတယ်လို့ တပ်မတော် စွပ်စွဲ မီဒီယာရဲ့ထိုးနှက်မှုကို ရင်ဆိုင်နေရတယ်လို့ တပ်မတော် စွပ်စွဲ Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.