မဲဆန္ဒရှင်စာရင်း သွားကြည့်ကြဖို့ တိုက်တွန်းနှိုးဆော်ထား



Share/Bookmark
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ မဲဆန္ဒရှင်စာရင်းကြည့်ဖို့ တိုက်တွန်းနှိုးဆော်ချက်။ (ဇူလိုင် ၂၅၊ ၂၀၂၀)
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်မဲပေးနိုင်မယ့် မဲဆန္ဒရှင်စာရင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ စတင်ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ တနင်္ဂနွေနေ့မှာ လွှတ်တော်အသီးသီးအတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးခွင့်ရှိတဲ့ သူတွေရဲ့ မဲဆန္ဒရှင်စာရင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ မြန်မာပြည်တဝန်း စတင်ကြေညာ ကပ်လိုက်ပြီ ဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့က ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကပ်ထားတဲ့ မဲစာရင်း ကြည့်ရှုနေသူတချို့။ (ဇူလိုင် ၂၅၊ ၂၀၂၀။ ဓာတ်ပုံ - MOI)
ဒီမဲဆန္ဒရှင်စာရင်းတွေကို ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေ၊ ရပ်ကွက် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ ဒီနေ့ ဇူလိုင်လ ၂၅ ရက်နေ့ကနေ လာမယ့် သြဂုတ်လ ၇ ရက်နေ့အထိ စုစုပေါင်း ၁၄ ရက် ကပ်ထားမှာဖြစ်ပါတယ်။ ဒါကြောင့် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အမည်စာရင်းတွေကို ကိုယ်တိုင်သွားကြည့်ကြပါ၊ မိသားစုဝင်တွေကလည်း သွားကြည့်ကြပါ၊ တကယ်လို့ ကိုယ့်ရဲ့အမည်၊ မှတ်ပုံတင်နံပါတ်နဲ့ နေရပ်လိပ်စာ အမှားအယွင်း ရှိတယ်ဆိုရင် ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲကို ဆက်သွယ်ပြီး လိုအပ်တဲ့ ဖောင်ပုံစံတွေ ဖြည့်သွင်းပါလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေး ကြေညာထားပါတယ်။

မိမိအမည်စာရင်း မပါဝင်ပါက ပုံစံ-၃ ဖြည့်သွင်းပြီး အမည်စာရင်း ထည့်သွင်းပေးဖို့ တောင်းဆိုနိုင်သလို မပါဝင်သင့်သူတွေ ပါဝင်နေတယ်ဆိုရင်လည်း ပုံစံ-၄ ဖြည့်သွင်း ကန့်ကွက်နိုင်ပါတယ်။ နောက် မဲစာရင်းပါ အချက်အလက်တွေ မှားယွင်းနေတယ်ဆိုရင် ပုံစံ ၄-ဂ နဲ့ ပြင်ဆင်လွှာ ဖြည့်သွင်းနိုင်ပြီး ဒီပုံစံတွေကို ရပ်ကွက် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ အခမဲ့ရယူနိုင်တယ်လို့ ကော်မရှင်က ပြောထားပါတယ်။ ဒီလိုမျိုး မဲစာရင်းသွားကြည့်တဲ့ ပြည်သူတွေ အခက်အခဲဖြစ်ရင် အချိန်နဲ့တပြေးညီ ဆက်သွယ်နိုင်တဲ့ အခြေအနေကို ဖန်တီးပေးဖို့နဲ့ ပြည်သူတွေကို ပညာပေးဖို့လိုတယ်လို့ မဲဆန္ဒရှင် ရန်ကုန်မြို့ခံ ရှေ့နေတဦးဖြစ်တဲ့ ဦးစိုးမိုးမြင့်က ပြောပါတယ်။

“မဲစာရင်း သွားကြည့်ဖို့ပဲ ပြောနေတာ။ မဲစာရင်း သွားကြည့်ပြီးတော့ ကျနော်တို့ ဘယ်လို Apply လုပ်ရမလဲ၊ မဲစာရင်းမှာမပါရင် ဘယ်လိုဆောင်ရွက်ရမလဲ၊ ကိုယ်မဲပေးမယ့်နယ်မြေ ပြောင်းချင်ရင် ဘယ်လိုပြောင်းရမလဲဆိုတဲ့ အဲဒီအသိလေးတွေပေးဖို့ နည်းနည်းလေးတော့ လိုအပ်နေသေးတယ်ဗျ။ ပညာပေးဖို့ Education ပေးဖို့ Awareness တွေပေးဖို့ အားနည်းနေသေးတယ်ဗျ။ မဲစာရင်းသွားကြည့်ဖို့ပဲ ဖိတ်ခေါ်တဲ့ပုံစံပဲ များနေတာကိုး။ မိမိအမည်မပါရင် ဘာနဲ့လျှောက်ရမလဲ၊ မိမိမှာ အချက်အလက်မှားနေရင် ဘာနဲ့လျှောက်ရမလဲ၊ မဲပေးလို့မရတဲ့သူတွေပါရင် ဘယ်လိုကန့်ကွက်ရမလဲလို့။

“ဥပမာ ကျနော်က နေ့လယ်က သွားကြည့်တယ်။ ကျနော့်ရဲ့နာမည်က လွဲနေတယ်။ ပြန်ပြင်ရမယ်ဆိုရင် ဘယ်လိုလျှောက်ပြီး ဘယ်သူ့ဆီကယူရမယ်၊ ဘယ်အချက်အလက်တွေကို ဘယ်လိုဖြည့်ပြီး ဘယ်လိုလျှောက်ရမယ်ဆိုတာ ရုံးနဲ့အလှမ်းဝေးတဲ့ ပြည်သူတွေအတွက်က အဆင်မပြေဘူးလေ။ လျှောက်လို့ရတယ်ဆိုတာ သိတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သူတို့ လွယ်လွယ်ကူကူ မရှိဘူးဆိုရင် ကော်မရှင်တွေ ရှိတဲ့အချိန်မှ ပြန်လာပါဆိုရင် အဲဒီလူတွေက ပြန်လာပါ့မလား၊ ဒုတိယအခေါက် အုပ်ချုပ်ရေးမှူးရုံးကို။ အဲဒါမျိုးလေးတွေ အခက်အခဲ နည်းနည်းပါးပါး ရှိတယ်ခင်ဗျ။ ဖြည့်နိုင်မှ လာမယ့် အောက်တိုဘာလ မဲစာရင်း ပြန်ကြေညာတဲ့အချိန်မှ ကိုယ့်နာမည်ပါလာမှာလေ။”

မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မဲဆန္ဒရှင်စာရင်း ကပ်ထားချိန် အမှားအယွင်းရှိခဲ့ရင် အသိပေးဖို့ နိုင်ငံသားတို့ရဲ့ တာဝန်နဲ့အညီ စောင့်ကြည့်လေ့လာသင့်တယ်လို့ ရွေးကောက်ပွဲမှာ မဲပေးကြမယ့် ပြည်သူတွေ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးနဲ့ လုပ်ဆောင်ရမယ့် အချက်တွေကို ပညာပေးနေတဲ့ ပြည်သူ့မိတ်ဆွေအဖွဲ့ (Genuine People’s Servants) အဖွဲ့ရဲ့ ဒါရိုက်တာ ဦးသွင်လင်းအောင်ကလည်း အကြံပေးပါတယ်။

“နိုင်ငံသားဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို မဆုံးရှုံးသင့်ဘူးလို့ ယူဆတယ်ဆိုရင် မဲပေးသင့်တယ်ပေါ့နော်။ ဒါပေမယ့်လည်း မဲမပေးဘူးဆိုရင်လည်း တယောက်ချင်းရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ကစပြီး မဲစာရင်းတွေ စကပ်တဲ့အခါမှာတော့ ကိုယ့်နာမည်ပါမပါ သွားကြည့်တာကိုတော့ လုပ်သင့်တယ် ထင်ပါတယ်။ ဒါမှလည်း နိုင်ငံတော်ရဲ့ အဓိက အရေးကြီးတဲ့ ယန္တရားတွေပေါ့နော်၊ အဓိက ရွေးကောက်ပွဲကို ထိန်းကျောင်းရတဲ့ UEC လို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံသားတယောက်အနေနဲ့ အကဲဖြတ်တဲ့အလုပ်ကို လုပ်နိုင်မှာလေ။ ဒါတွေကို ထောက်ရှုပြီး မဲစာရင်းကို သွားကြည့်ပါ၊ ကိုယ့်နာမည်ပါသလား၊ ဘာတွေမှားနေလဲ၊ မပါသင့်တဲ့သူတွေ ပါနေလား၊ အဲဒါတွေကိုတော့ ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ သီးသန့်စောင့်ကြည့်တဲ့ အဖွဲ့တွေရဲ့ တာဝန်တင်မဟုတ်ဘဲ နိုင်ငံသားတိုင်း လုပ်ဖို့လိုအပ်ပါတယ်။ မဲစာရင်းကို သွားကြည့်တာကိုတော့ ကြည့်သင့်တယ်လို့ မြင်ပါတယ်။

“ကျနော်တို့ မဲဆန္ဒရှင်တွေကို ပညာပေးတဲ့ သင်တန်းတွေမှာဆို အဲဒါတွေပါပါတယ်။ နာမည်မပါရင် ဖောင်နံပါတ်ဘယ်လောက်၊ မှားယွင်းနေရင် ဘာကိုသုံးရမလဲ၊ မပါသင့်တဲ့တယောက် ပါနေတယ်ဆိုရင် ဘယ်ဖောင်နံပါတ်ကို သုံးရမလဲဆိုတာ အခုတော့ ကျနော်တို့ ပြည်သူတွေသိအောင် အသိပညာပေးတာပေါ့။ Awareness ပေးပါတယ်။ လောလောဆယ်တော့ ကျနော်တို့ ကိုဗစ်ကာလဖြစ်နေတော့ မလုပ်နိုင်သေးဘူး။ ဒါကြောင့် လာမယ့်လမှာ စလုပ်ပါမယ်။ ဒါပေမယ့် အခုလောလောဆယ်မှာက အာဏာပိုင်တွေအနေနဲ့ မဲစာရင်းကပ်ထားတဲ့ နေရာတွေမှာ ရှင်းလင်းပြတဲ့သူတယောက် ထားသင့်တယ်လို့ ထင်ပါတယ်။ ၂၀၁၅ တုန်းကတော့ အဲဒါမျိုးရှိခဲ့တယ်ဗျ။”

လာမယ့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ပြည်သူတချို့က မဲမပေးဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် နိုင်ငံသားအခွင့်အရေးနဲ့အညီ မိမိတို့ကို အုပ်ချုပ်မယ့် အစိုးရ အဖွဲ့အစည်းကို မိမိတို့ကိုယ်တိုင် ရွေးချယ်တင်မြှောက်နိုင်တဲ့ အခွင့်အရေးကို လက်လွတ် ဆုံးရှုံးမခံကြဖို့အတွက် ဒီကနေ့ကပ်တဲ့ မဲစာရင်းကို သွားကြည့်ပေးပါလို့ လူ့ဘောင်သစ်ပါတီရဲ့ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီ အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးကလည်း ပြည်သူကို တိုက်တွန်းပါတယ်။

“မဲဆန္ဒရှင်စာရင်းတွေ ဒီနေ့ စကပ်ပါတယ်။ ပြည်သူတွေ အနေနဲ့ကတော့ ဒီနေ့ကပ်တဲ့ မဲဆန္ဒရှင်စာရင်းမှာ မိမိတို့ရဲ့နာမည် ပါမပါကို သေသေချာချာ သွားကြည့်သင့်ပါတယ်။ မပါဘူးဆိုရင်လည်း ဖြည့်စွက်ကြပါလို့ ကျမက တိုက်တွန်းချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လာမယ့်ရွေးကောက်ပွဲမှာ မဲမပေးဘူးဆိုတဲ့ အသံတွေကလည်း ထွက်လာတယ်။ ဒါကလည်း လက်ရှိအခြေအနေအပေါ်မှာ တစုံတရာ စိတ်ပျက်မှု၊ အားမလိုအားမရ ဖြစ်မှုတွေကြောင့်လို့ ယူဆပါတယ်။ ဆိုတဲ့အခါကျတော့ မဲမပေးတော့ဘူး၊ မဲဆန္ဒရှင်စာရင်းလည်း သွားမကြည့်တော့ဘူးဆိုတဲ့ အသံမျိုးတွေ များလာတော့ ကျမက စိတ်ပူပါတယ်။ တကယ်တော့ မဲပေးတယ်ဆိုတာက ကျမတို့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေး၊ ရနိုင်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ အဲဒီအခွင့်အရေးကို အသုံးချပြီးတော့မှ ကျမတို့အနေနဲ့ နိုင်ငံရဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ရွေးချယ်နိုင်ဖို့၊ နောက် အစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့ ဒါကို တင်မြှောက်နိုင်တဲ့ အခွင့်အရေးတရပ်ဖြစ်တာမို့ သေသေချာချာ အသုံးချစေချင်ပါတယ်။”

ဒီကနေ့မှစ သြဂုတ်လ ၇ ရက်အထိ ကပ်ထားတဲ့ မဲဆန္ဒရှင်စာရင်းရဲ့ လိုအပ်ချက် အမှားအယွင်း ပြင်ဆင်ဖြည့်စွက်ချက်တွေကို ဖြည့်စွက်ပြီးချိန်မှာတော့ နောက်ထပ်တကြိမ် မဲဆန္ဒရှင်စာရင်းတွေကို လာမယ့် အောက်တိုဘာလ နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကြေညာမှာ ဖြစ်ပါတယ်။ အဲဒီအကြိမ်မှာလည်း မိမိတို့ရဲ့ မဲဆန္ဒရှင်စာရင်းတွေကို ကြည့်ရှုပြီး လိုအပ်တာတွေကို ထပ်မံဖြည့်သွင်း ဆောင်ရွက်နိုင်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

ဒါကြောင့် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ နာမည်စာရင်း ပါမှသာ မဲပေးခွင့်ရမှာဖြစ်လို့ ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းရနိုင်ဖို့ မိမိတို့ရဲ့ အိမ်ထောင်စုဝင် မိသားစု အနည်းဆုံး တဦးကနေ မဲစာရင်းတွေ လာရောက်ကြည့်ရှုပေးခြင်းအားဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီပေးကြပါလို့လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြည်သူကို မေတ္တာရပ်ခံထားပါတယ်။

မဆုမွန်  / ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/election-voter-lists/5517387.html

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ