ကျောင်းဖွင့်ပေမယ့် ကျူရှင်နဲ့ ဘော်ဒါဆောင်တွေ ဖွင့်ခွင့်မရသေး

အခြေခံပညာကျောင်းသားတွေအတွက် ဘော်ဒါဆောင်တွေနဲ့ ကျူရှင်တွေ ဖွင့်ခွင့်မပြုသေးလို့ မြို့ပေါ်နဲ့ အလှမ်း ဝေးတဲ့နေရာတွေကနေ ကျောင်းတက်ရမယ့် ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတချို့တို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ စာသင်ကျောင်းတွေအထဲက ကိုရိုနာဗိုင်းရပ်စ် ညွှန်ကြား ချက်တွေနဲ့ ကိုက်ညီတဲ့ အစိုးရအထက်တန်းကျောင်းတွေနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပေမယ့်လည်း ဘော်ဒါဆောင်တွေနဲ့ ကျူရှင်တွေကတော့ ဖွင့်ခွင့်မရသေးပါဘူး။

ဒါကြောင့် ကျောင်းနဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေကနေ ကျောင်းအိပ်ကျောင်းစားနဲ့ ဘော်ဒါဆောင်တွေမှာ ကျောင်းတက်ရမယ့် ကျောင်းသားတွေ အခက်အခဲဖြစ်နေပါတယ်။

ဧရာဝတီတိုင်းထဲက ၁၅ မိုင်လောက်ဝေးတဲ့ ဖိုးခမှီဒေါင့်ကျေးရွာကနေ မော်လမြိုင်ကျွန်းမြို့ပေါ်မှာ ဆယ်တန်း ကျောင်းသူသမီးကို ကျောင်းလာထားရတဲ့ ဦးကျော်ဇင်က သူတို့ အခက်အခဲဖြစ်နေရတဲ့အကြောင်းကို RFA ကို ပြောပါတယ်။

"ဟုတ်ကဲ့ အဲလိုမျိုးဖြစ်တော့ အခုကျွန်တော်တို့က ထားဖို့ကို စီစဉ်နေကြရတာပေါ့၊ သူတို့ကလည်း မဖွင့်ဘူး ဆိုတော့ ကျွန်တော်တို့မှာ အခက်အခဲတွေဖြစ်နေတာပေါ့၊ အခုတော့ လာပို့လိုက် ဒီမှာက ညီအကိုမောင်နှမ ကလည်း မရှိဘူးဆိုတော့ လောလောဆယ် အိမ်ကတော့ ခနငှားထားရတာပေါ့၊ သူတို့တွေဖွင့်မယ်ဆိုရင်တော့ ကျွန်တော်တို့ အိမ်ငှားကိစ္စကို မလုပ်ရတော့ဘူးပေါ့၊ အဲလိုမဖွင့်တဲ့အတွက်ကြောင့် ကျွန်တော်တို့မှာ အကုန်လုံး စိုးရိမ်ရတာပေါ့၊ ကလေးတွေစည်းကမ်းရော၊ နောက်ပြီးတော့ သူတို့ရဲ့နေမှုထိုင်မှု၊ မိန်းကလေးဖြစ်တော့ ပိုစိုးရိမ်ရတယ်၊ ဘော်ဒါမှာဆိုရင် ကျွန်တော်တို့က အကုန်အပ်ထားလိုက်ပြီဆိုရင် ဘာမှစိုးရိမ်စရာမရှိဘူး။"

မြို့ပေါ်မှာ အိမ်ငှားနေရမယ့်သားသမီးအတွက် စိတ်ပူတယ်လို့လည်း ဦးကျော်ဇင်က ဆိုပါတယ်။

ကျောင်းတက်ဖို့ မိုင်ငါးဆယ်လောက်ဝေးတဲ့အတွက် မကွေးမြို့ပေါ်က ဘော်ဒါဆောင်မှာပဲ သမီးဖြစ်သူကို ကျောင်းထားဖို့ စဉ်းစားထားတဲ့ ဦးမြင့်ဇော်ကလည်း လက်ရှိအခက်အခဲကို အခုလိုပြောပါတယ်။

"မကွေးမြို့နယ် သပွတ်ကျောကျေးရွာကနေ မိုင်ငါးဆယ်လောက်ဝေးပါတယ်ဗျ၊ ဘော်ဒါပို့ဖို့အစီအစဉ်ဆွဲထား တာ ဘော်ဒါတွေကဖွင့်ခွင့်မပြုဘူးဆိုတော့ အခက်အခဲရှိပါတယ်၊ ကျွန်တော်တို့ မြို့ပေါ်အထက်တန်းကျောင်း တွေ ပို့ဖို့ဆိုတာဟာက အိမ်ငှားထားဖို့က ဒီအရွယ်နဲ့အဆင်မပြေပါဘူး၊ ကျန်တဲ့မွေးချင်းကလည်း မြို့ပေါ်မှာ မရှိတဲ့အတွက် အခက်အခဲတွေကတော့ ရှိပါတယ်၊ ကလေးတွေထားဖို့ ဘယ်လိုလုပ်ရမလဲမသိဘူးဖြစ်နေ ပါတယ်၊ ကျွန်တော်တို့က ဘော်ဒါတွေထားမှ အဆင်ပြေမှာပါ၊ ဘော်ဒါကျောင်းဆရာနဲ့ အုပ်ထိန်းမှုရှိမှ ဒီကလေးတွေအရွယ်က အဆင်ပြေမှာပါ၊ ဘော်ဒါတွေ ကျွန်တော်တို့အနေနဲ့ကတော့ ပြန်ဖွင့်စေချင်ပါတယ်။"

အလုပ်တစ်ဖက်နဲ့ မအားတာရယ် ကျောင်းနဲ့ ရွာနဲ့ဝေးတာရယ် စတာတွေက သူတို့ရဲ့ အခက်အခဲတွေဖြစ်တယ်လို့ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကံချောင်းရွာမှာနေထိုင်တဲ့ ဦးမင်းမင်းထွန်း က ပြောပါတယ်။

"ကျောက်ထုမြို့နဲ့ ကျွန်တော်တို့ ကံချောင်းနဲ့က ဆယ်ငါးမိုင်လောက်ဝေးတယ်ဗျ၊ ကိုယ့်သားသမီးကို စိတ်ချ ရတဲ့နေရာမျိုးမှာ ထားချင်တာခင်ဗျ၊ ဘော်ဒါဆိုရင်တော့ ကျွန်တော်တို့သားသမီးလည်း စိတ်ချရတယ်ခင်ဗျ၊ ကျွန်တော်တို့က လယ်ယာလုပ်ငန်းလုပ်တာဆိုတော့ မအားတော့ ဘော်ဒါဆိုရင်တော့ စိတ်ချရတဲ့နေရာ လုံခြုံတော့ ပိုကောင်းတယ်ခင်ဗျ၊ ပြန်ဖွင့်စေချင်တယ်ခင်ဗျ၊ ဘော်ဒါတွေပြန်ဖွင့်ရင် စားရသောက်ရတာတွေ ရော စာသင်ရတာတွေရော ကလေးရဲ့ဝေယျာဝစ္စတွေရော စိတ်ချရတာတွေရော ပြည့်စုံနိုင်မှုရှိပါတယ်ခင်ဗျ။"

မြို့နဲ့ အလှမ်းဝေးပြီး မြို့ပေါ်ကျောင်းမှာ ကျောင်းတက်ရမယ့် ကျောင်းသား/ ကျောင်းသူတွေအတွက်ကတော့ ဘော်ဒါဆောင်တွေကိုပဲ အားကိုးပြီး မိဘတွေက ကျောင်းထားကြတာဖြစ်ပါတယ်။

‌ကျောင်းမှာစာသင်ပေမယ့်ကလေးတွေကို အိမ်မှာပြန်သင်ကြားမပေးနိုင်တဲ့အတွက် ကျူရှင်တွေကို ဖွင့်စေချင်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ ဆယ်တန်းကျောင်းသား မိခင် ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

"ဒီကျောင်းတစ်ခုတည်းနဲ့ အဆင်မပြေဘူး၊ ကျောင်းကလည်း မသင်ကြားဘူးလားဆိုတော့ သင်ကြားပါတယ်၊ ဒါပေမဲ့လည်း အဆင်ပြေနိုင်ဖို့ဆိုတာ မလွယ်ဘူး၊ အိမ်မှာလည်း ကျွန်မတို့တွေလည်း အခက်အခဲလေးတွေနဲ့ ဆိုတော့ ဒီကလေးတွေကို ပြန်ပြီးတော့ သူတို့ကိုရှင်းလင်းဖို့ ပြောပြဖို့ဆိုတာလည်း အင်အားမရှိဘူးလေ၊ အဲတော့ ဒီကျူရှင်လေးထားပေးမှပဲ အဆင်ပြေလိမ့်မယ်လို့တော့ထင်တာပဲ။"

အိပ်ဆောင်မပါတဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေပဲ ဖွင့်ခွင့်ပြုမယ်လို့ အစိုးရပညာရေးဝန်ကြီးဌာနက ညွှန်ကြား ထားတဲ့အပေါ်  သီးခြားမခွဲခြားဘဲ ပုဂ္ဂလိက ကိုယ်ပိုင်စာသင်ကျောင်းတွေ အကုန်လုံးကို ပြန်ဖွင့်ခွင့်ပြုဖို့ ပုဂ္ဂလိက ပညာရေးကဏ္ဍ ဖွံ့ဖြိုးမှုကွန်ရက်အဖွဲ့ဝင်တွေကလည်း ဇူလိုင်လ ၂၀ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုထားပါတယ်။

မကွေးတိုင်း ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းအဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာခင်မောင်ဝင်းက များသောအားဖြင့် အိပ်ဆောင်ပါတဲ့ ကိုယ်ပိုင်ကျောင်းတွေပဲဖြစ်တဲ့အတွက် အားလုံးကိုပြန်ဖွင့်ခွင့်ပေးဖို့ တောင်းဆိုပါတယ်။

"တကယ်တော့လည်း လက်တွေ့မှာတော့ အိပ်ဆောင်ပါတဲ့ ကိုယ်ပိုင်ကျောင်းကြီးပဲရှိပါတယ်၊ အိပ်ဆောင် မပါတဲ့ ကိုယ်ပိုင်ကျောင်းဆိုတာ လက်ချိုးရေလို့ရမှာပါ၊ အိပ်ဆောင်ပါတဲ့ ကိုယ်ပိုင်ကျောင်းမှသာလျှင် ကျန်တော်တို့က ကလေးတွေကို ပိုပြီးတော့ စည်းစနစ်တကျသင်ပေးနိုင်မှာပါ၊ ကျွန်တော်တို့ ဘာသာရပ်သင် သင်တန်းကျောင်းတွေပေါ့ ဖွင့်လှစ်ခွင့်ပေးတဲ့အထဲမှာ ကျွန်တော်တို့မပါဘူးပေါ့၊ မပါတဲ့အတွက်ကြောင့် ဘာတွေဖြစ်ပေါ်လာနိုင်လဲဆိုတော့ ကျွန်တော်တို့တွေဆီကိုလာတဲ့ကလေးတွေက ငွေကြေးမတတ်နိုင်တဲ့ ကလေးတွေများပါတယ်၊ အစိုးရကျောင်းတွေကိုတက်တယ်၊ ကျွန်တော်တို့ဒီသင်တန်းတွေမှာနေပြီးတော့ ကျောင်းလွှတ်ချိန်တွေမှာ စာသင်ရတယ်ပေါ့၊ အခုတော့ အဲလိုဖွင့်ခွင့်မပေးဘူးဆိုတော့ ကလေးတွေမှာ ရွာကနေပဲ ဒီကျောင်းကိုဘယ်လိုတက်ရမလဲ၊ တက်ရဖို့တော်တော်လေးခက်ခဲပါတယ်။"

အုပ်ထိန်းမှုမရှိရင် မူးယစ်ဆေးဝါးပြဿနာတွေ၊ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေအပြင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေတွေပါ ကြုံလာရနိုင်တယ်လို့ ဒေါက်တာခင်မောင်ဝင်းက ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုယ်ပိုင်ကျောင်းဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဦးမြင့်ဝင်းကျော်ကလည်း ခွဲခြားပြီး ဖွင့်ခွင့်မပြုတာဟာ မျှတမှုမရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။

"နိုင်ငံတော်ကျောင်းတွေဖွင့်ခွင့်ရတယ်၊ ကိုယ်ပိုင်ကျောင်းတွေဖွင့်ခွင့်ရတယ်၊ ဘော်ဒါတွေဖွင့်ခွင့်မရဘူး၊ ကျူရှင်တွေဖွင့်ခွင့်မရှိဘူး၊  ဒီဥပဒေဟာတစ်ခုတည်းပဲဖြစ်ရမယ်၊ ကိုးတန်းဆယ်တန်းကို ဖွင့်ခွင့်ပြုတယ်ဆိုရင် ကျွန်တော်တို့ ကျူရှင်ဆရာတွေကလည်း ကိုးတန်း ဆယ်တန်းကို နိုင်ငံတော်က သတ်မှတ်ထားတဲ့ ကိုဗစ် စည်းကမ်းအညီ ဆောင်ရွက်ထားရင် ဖွင့်ခွင့်ပြုသင့်တယ်လို့ ကျွန်တော်တို့မြင်ပါတယ်။"

လက်ရှိ ပညာသင်နှစ်အတွက် ပုဂ္ဂလိက ဘော်ဒါနဲ့ ကျူရှင်တွေမှာ တက်ရောက်မယ့် အထက်တန်း ကျောင်းသား ကျောင်းသူ တစ်သန်းနီးပါးရှိတယ်လို့ ကိုယ်ပိုင်စာသင်ကျောင်းက ဆရာတွေက ပြောပါ တယ်။

ပုဂ္ဂလိကပညာရေးကဏ္ဍဖွံ့ဖြိုးမှု ကွန်ရက်ဟာ တစ်နိုင်ငံလုံးက ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း တည်ထောင်သူတွေ၊ ဆရာ ဆရာမတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ကိုယ်ပိုင်ဘော်ဒါတွေနဲ့ ဘာသာရပ်သင်ကျူရှင်တွေ ပြန်ဖွင့်ခွင့်ပေးဖို့ တောင်းဆိုတာနဲ့ ပတ်သက်ပြီး အခြေခံပညာ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကို RFA ကဒီကနေ့ ညနေပိုင်းအထိ ဖုန်းအကြိမ်ကြိမ်ဆက်သွယ် ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ကျောင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး ဆောင်ရွက်ထားမှု အနေအထား ဆန်းစစ်တာတွေကို ကျောင်းသားတွေနေရာအကွာအဝေးခွဲပြီး နေရာချထားတာ၊ လက်ဆေးဖို့ စီစဉ်ထားတာ၊ နှာခေါင်းစည်း၊ မျက်နှာပြင်အကာတွေ အလုံအလောက်ရှိဖို့ စတာတွေကို A/ B/ C အဆင့် သုံးခုသတ်မှတ်ထားပြီး A အဆင့်ရမှသာ ကျောင်းပြန်ဖွင့်ခွင့်ရတာ ဖြစ်ပါတယ်။

ကျောင်းသားတွေဟာ ကိုရိုနာဗိုင်းရပ်စ် ညွှန်ကြားချက်တွေနဲ့အညီ တစ်ယောက်ကို ခြောက်ပေခြားနဲ့ နှာခေါင်း စည်းတပ်ပြီး စာသင်နေကြရသလို မနက် ၇ နာရီခွဲကနေ ၁၁ နာရီခွဲအထိတစ်ချိန်နဲ့ နေ့လယ် ၁၂ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိတစ်ချိန် တစ်ရက်ကို နှစ်ချိန်ခွဲပြီး တက်နေကြပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အထက်တန်းအဆင့် ကျောင်းပေါင်း ခုနှစ်ထောင်ကျော်ရှိတဲ့ထဲက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးသတ်မှတ်ချက်တွေနဲ့ အဆင့်မှီတဲ့ ကျောင်းပေါင်း ၃၂၀၀ ကျော်ကို ဇူလိုင် ၂၁ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်ခဲ့ပေမယ့် ကိုယ်ပိုင်ဘော်ဒါဆောင်နဲ့ ဘာသာရပ်သင်ကျူရှင်တွေ မပါဝင်သေးပါဘူး။

သန့်ဇင်ဦး / RFA Burmese
https://www.rfa.org/burmese/program_2/not-allow-to-open-tution-and-hostel-for-students-07232020060157.html


ကျောင်းဖွင့်ပေမယ့် ကျူရှင်နဲ့ ဘော်ဒါဆောင်တွေ ဖွင့်ခွင့်မရသေး ကျောင်းဖွင့်ပေမယ့် ကျူရှင်နဲ့ ဘော်ဒါဆောင်တွေ ဖွင့်ခွင့်မရသေး Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.