ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့နေတာကို အိန္ဒိယအစိုးရ ဘာလို့ ဝန်မခံချင်တာလဲ

ပြည်ပကို သွားရောက်ဖူးသူတွေဆီကမဟုတ်ဘဲ ကိုယ့်အသိုင်းအဝိုင်းတွင်းကနေ ရောဂါစကူးစက်တယ်ဆိုတာကို အိန္ဒိယအစိုးရက လက်မခံ ဖြစ်နေဆဲ
အသက် ၄၅ နှစ်အရွယ် ရာဂျက်ရှ် ကူးမား ဟာ ဇွန်လဆန်းပိုင်းမှာ ချောင်းစဆိုးခဲ့ပါတယ်။ ရက်ပိုင်းအတွင်း အဖျားတက်လာပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ ဆေးစစ်ရမဲ့အစား အဖျားကျဆေးကိုပဲ ၅ ရက်လောက် သောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဖျား ကျမသွားဘဲ သိပ်မကြာခင်မှာ အသက်ရှူ ကြပ်လာခဲ့ပါတယ်။

သူ့ကို ဆေးစစ်ကြည့်ဖို့ မိသားစုက ပြောခဲ့ပေမဲ့ လက်မခံခဲ့ပါဘူး။ သူဟာ ဒေလီမြို့မှာ ရှိတဲ့ သူ့ရဲ့ အိမ်ကနေ အပြင်ထွက်လေ့ သိပ်မရှိသလို ဗိုင်းရပ်စ် ရှိခဲ့သူ ဒါမှမဟုတ် ရှိနေတယ်လို့ ယူဆရသူမျိုးနဲ့တောင် မတွေ့ခဲ့ဖူးတာကြောင့် သူ့မှာ ကိုဗစ်-၁၉ ရောဂါ လုံးဝမဖြစ်နိုင်ဘူးလို့ မှတ်ယူထားတာပါ။

ရောဂါလက္ခဏာ စပြခဲ့အပြီး ၈ ရက်အကြာမှာ သူ့အခြေအနေ ဆိုးလာခဲ့ပါတယ်။ အဲဒီနောက် ဆေးရုံ အမြန်ပို့ခဲ့ရပြီး ဆေးစစ်လိုက်တဲ့အခါ သူ့မှာ ဗိုင်းရပ်စ်ပိုး ရှိနေတာကို အတည်ပြု တွေ့ခဲ့ရပါတယ်။

"အခုတော့ ကျွန်တော် အသက်ဘေးက လွတ်ခဲ့ပါပြီ။ ဒါ့ထက်နောက်ကျပြီးသာ ဆေးရုံရောက်လာခဲ့ရင် အသက်ဆုံးနိုင်မယ့် အခြေအနေ ရှိတယ်လို့ ဆရာဝန်တွေက ပြောပါတယ်"

သူ့ရောဂါကူးစက်မှုရဲ့ဇာစ်မြစ်အစကို မစ္စတာ ကူးမား ခြေရာခံ ရှာနိုင်စွမ်းမရှိသလို ရောဂါ ဘယ်လိုကူးစက်ခဲ့သလဲဆိုတာကိုလည်း ခုချိန်ထိ နားမလည်နိုင်ဘဲ ဖြစ်နေဆဲပါ။

ကျွမ်းကျင်သူတွေကတော့ အိန္ဒိယနိုင်ငံထဲမှာ ဒီလို ဖြစ်ရပ်မျိုးတွေ အတော်များများ ရှိနေပြီး ဒါဟာ ရောဂါပိုးရှိနေသူတွေနဲ့ ထိတွေ့မှုမရှိဘဲ အသိုင်းအဝိုင်းအတွင်း ထိန်းမရလောက်အောင် ရောဂါ ကူးစက်ပြန့်ပွားနေတယ်ဆိုတဲ့ အထောက်အထား ဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယမှာ ရောဂါဖြစ်ပွားမှုတွေ တိုးလာနေတာနဲ့အမျှ ကျန်းမာရေးဝန်ဆောင်မှုစနစ်က မနည်း ကြိုးစားဆောင်ရွက်နေရ
ဒါပေမဲ့ အိန္ဒိယအစိုးရကတော့ ဒီလို ရောဂါကူးစက်မှု ဇာစ်မြစ်အစ ရှာမရဘဲ ရောဂါ ကူးစက်ပြန့်ပွားမှုတွေ စဖြစ်နေပြီဆိုတာကို လက်ခံအတည်ပြုဖို့ ငြင်းဆန်နေပါတယ်။

"ဒီသတ်မှတ်ချက်ကို တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုထားချက်မရှိဘူး။ နိုင်ငံတစ်ခုစီမှာ ကိုယ့်ဒေသဆိုင်ရာ အခြေအနေပေါ်မှာ အခြေခံပြီးသာ ရောဂါဖြစ်ပွားမှုကို အဓိပ္ပာယ်ကောက်ယူနိုင်တယ်"လို့ ပြောနေပါတယ်။

လောလောဆယ် ကယ်ရဲလားနဲ့ အနောက်ဘင်္ဂလားပြည်နယ် နှစ်ခုကပဲ ဒီလို ရောဂါဖြစ်ပွားမှုအဆင့်ကို ရောက်နေပြီဆိုတာကို လက်ခံထားပါတယ်။

ဒါပေမဲ့ ကမ္ဘာတဝန်း လက်ခံထားချက်ကတော့ ရှင်းရှင်းလေးပါ။ ရောဂါဖြစ်ပွားမှု အများအပြားမှာ ရောဂါ ဇာစ်မြစ်အစကို ရှာမတွေ့ဘူးဆိုရင် ဒါဟာ ဒေသခံအသိုင်းအဝိုင်းအတွင်းကနေ ရောဂါ စကူးစက်တယ်လို့ ကောက်ချက်ချရမှာပါ။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်တွေထဲမှာလည်း အလားတူ ပြောထားပါတယ်။

"ရောဂါဖြစ်ပွားမှုအများအပြားရဲ့ ရောဂါကူးစက်မှု ကွင်းဆက်အစ ဇာစ်မြစ်ကို ခြေရာခံနိုင်စွမ်း မရှိတာဟာ ဒေသခံ အသိုင်းအဝိုင်းအတွင်းကနေ ရောဂါ စကူးစက်တယ် ဆိုတဲ့ အထောက်အထားဖြစ်တယ်" လို့ ဆိုထားပါတယ်။

အိန္ဒိယမှာ ဒီလိုမျိုး ဖြစ်နေတာ သေချာတယ်လို့ ဒေလီမြို့ ဆီယာ ဂန်ဂါရမ်ဆေးရုံ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဌာနရဲ့ ဥက္ကဋ္ဌ ဒေါက်တာ အာဗင် ကူးမား က ပြောပါတယ်။

ရောဂါကူးစက်မှုအစ ဇာစ်မြစ် ရှာမရဘဲ ဆေးရုံကို ရောက်လာတဲ့ လူနာတွေ ပိုပိုများလာနေတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် ရောဂါဖြစ်ပွားမှုတွေ တိုးလာနေတာကလည်း ဒီအချက်ကို ပိုခိုင်မာစေတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုပေါင်း ၁ သန်း ၂ သိန်းကျော် ရှိပြီး လူပေါင်း ၂၉၀၀၀ သေဆုံးခဲ့ပါတယ်။

"ဒီကိန်းဂဏန်းတွေက အမှန်တရားကို ဖော်ပြနေပါတယ်။ ပြည်နယ်တွေ တစ်ခုပြီးတစ်ခုမှာ ရောဂါကူးစက်မှုနှုန်း တစ်ဟုန်ထိုး တိုးလာနေတာ တွေ့ရပါတယ်။ ကိုယ့်မျက်စိရှေ့မှာ ဖြစ်နေတာကို ငြင်းလို့ မရပါဘူး" လို့ ဒေါက်တာကူးမား က ပြောပါတယ်။
ဗိုင်းရပ်စ် မပြန့်ပွားအောင် တားဆီးဖို့ အများပြည်သူအကြား နှာခေါင်းစည်း ဝတ်ကြဖို့ တိုက်တွန်းထား
ဒါပေမဲ့ အိန္ဒိယအစိုးရကတော့ ဒါကို လက်မခံပါဘူး။

IMA အိန္ဒိယဆေးဘက်ဆိုင်ရာအဖွဲ့က ထိပ်တန်း ဆရာဝန်တစ်ယောက်က အိန္ဒိယနိုင်ငံမှာ ဒေသခံ အသိုင်းအဝိုင်းတွင်းကနေ ရောဂါ စကူးစက်တဲ့ အဆင့်ကို ရောက်နေပြီဆိုတာကို မကြာသေးခင်က ထုတ်ဖော် ပြောခဲ့ပါတယ်။

နှစ်ရက်အကြာမှာတော့ IMA အိန္ဒိယဆေးဘက်ဆိုင်ရာအဖွဲ့က ဒီကြေညာချက်ကို ပြန်ရုတ်သိမ်းခဲ့ပြီး ဒါဟာ အဲဒီဆရာဝန်ရဲ့ ကိုယ်ပိုင်ယူဆချက်သာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဒီပြင်ဆင်ပြောဆိုချက်ကြောင့် လူအတော်များများကို ဇဝေဇဝါ ဖြစ်စေခဲ့ပါတယ်။

ရောဂါဗေဒပညာရှင် ဒေါက်တာ ရှာဟစ် ဂျမားလ်က အစိုးရအနေနဲ့ ဆရာဝန်တွေနဲ့ ကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်တွေကို နားထောင်ဖို့၊ အထောက်အထား အချက်အလက်တွေကို လက်ခံ အသိအမှတ်ပြုဖို့ လိုတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့တစ်လကထက် အခုအခါ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အများကြီး ပိုဖြစ်နေတယ် ဆိုတာကို ငြင်းလို့ မရပါဘူး။

လူနေ အရမ်းထူထပ်တဲ့ မြို့ပြတွေ ရှိရာ အန်ဒရာပရာဒက်ရှ်နဲ့ ဘီဟား တို့လို နောက်ထပ်ပြည်နယ်တွေနဲ့ ခရိုင်တွေမှာ ရောဂါဖြစ်ပွားမှုတွေ အခုအခါ တစ်ဟုန်ထိုး တိုးလာနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲဒီပြည်နယ်တွေနဲ့ ခရိုင်တွေထဲက အတော်များများဟာ သူတို့ ပြည်နယ်ထဲ ရောဂါကူးစက်ပျံ့နှံ့မလာအောင် တားဆီးဖို့ တခြားပြည်နယ်တွေက ဝင်လာသူတွေကို ကွာရန်တင်း ဝင်ခိုင်းတာ၊ ဆေးစစ်တာတွေကိုပဲ အများအားဖြင့် လုပ်ခဲ့ကြပြီး ဒေသတွင်း ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးဖို့အတွက်တော့ လုံလောက်တဲ့ ပြင်ဆင် ဆောင်ရွက်မှုမျိုး မလုပ်ခဲ့ကြပါဘူး။

ပြည်နယ် တစ်ခုနဲ့တစ်ခုအကြား နယ်စပ်တွေကို ပိတ်ဆို့ စစ်ဆေးဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် တခြားပြည်နယ်တွေက ဝင်လာသူတွေကို ကွာရန်တင်းဝင်ခိုင်း၊ ဆေးစစ်ခိုင်းတဲ့ နည်းမှာလည်း လစ်ဟာမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ပြည်နယ်အတော်များများမှာ သူတို့ ပြည်နယ်ထဲ ဝင်လာသူ အယောက်တိုင်းကို ခြေရာခံ၊ ဆေးစစ်နိုင်စွမ်းလည်း မရှိကြပါဘူး။
ဒေသခံအသိုင်းအဝိုင်းအတွင်း ရောဂါ စကူးစက်တာမျိုး လျော့ကျဖို့အတွက် စေတနာရှင် အဖွဲ့တွေက ဆင်းရဲသားတွေအတွက် နှာခေါင်းစည်းတွေ အခမဲ့ ဝေပေး
နိုင်ငံရဲ့ တခြားဒေသတွေဆီ ရောဂါ မကူးစက်သွားအောင် တားဆီးဖို့ မြို့ကြီးတွေနဲ့ ရောဂါဖြစ်ပွားမှု များတဲ့ ပြည်နယ်တွေအတွင်းမှာ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ထားနိုင်မယ်လို့ ယူဆခဲ့ကြကြောင်း ဒေါက်တာ ဂျမား က ပြောပါတယ်။

"အဲဒီလို မဖြစ်ခဲ့ဘဲ အခုတော့ ကိုဗစ်-၁၉ ရောဂါဟာ အစစ်အဆေးမရှိ ပျံ့နှံ့နေပါပြီ" လို့ သူက ပြောပါတယ်။

ဗိုင်းရပ်စ်ပိုးဟာ အလျင်အမြန် ပျံ့နှံ့ကူးစက်နေပြီး ဘယ်ကဘယ်လို ကူးစက်သလဲဆိုတာကို ခြေရာခံ ကွင်းဆက် မမိနိုင်အောင် ဖြစ်လာနေပါပြီ။

အစိုးရကိုယ်တိုင် လေ့လာခဲ့တဲ့ စစ်တမ်းအရ သူတို့ မေးမြန်းခဲ့တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာ ခံစားခဲ့ကြရသူတွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ သူတို့ ဘယ်လို ရောဂါ ရခဲ့ကြသလဲဆိုတာ မသိကြဘူး ဆိုတာကို ပြနေတယ်လို့ ဒေါက်တာ ဂျမားက ထောက်ပြပါတယ်။

"ဒေသခံအသိုင်းအဝိုင်းအတွင်းမှာ ရောဂါစကူးစက်တယ်ဆိုတာကို လက်ခံဖို့ အထောက်အထား အလုံအလောက် ရှိထားတယ်" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဒါက နေ့တွင်း ညတွင်းချင်း ဖြစ်ခဲ့တာ မဟုတ်ဘဲ အစိုးရက ငြင်းချက်တွေ ဆက်ထုတ်နေချိန် သီတင်းပတ် အတော်ကြာကြာအတွင်းမှာ ဖြစ်နေခဲ့တာလို့ ကျွမ်းကျင်သူတွေက ပြောနေပါတယ်။

"ကပ်ရောဂါဆိုးကြီး စဖြစ်တဲ့ ကနဦးအဆင့်မှာ အသိုင်းအဝိုင်းတွင်းကနေ ရောဂါ စကူးစက်မှုတွေ ဒေသအလိုက် ဖြစ်ခဲ့တာပါ။ အခုတော့ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပြီး လူတိုင်း မြင်သာနေပါပြီ" လို့ ဒေါက်တာကူးမားက ပြောပါတယ်။
အခုအခါ နေရာအတော်များများမှာ အပူချိန်တိုင်း စစ်ဆေးမှုကို မလုပ်မနေ လုပ်ဖို့ ညွှန်ကြားထား
ဒီလောက် သိသာထင်ရှားနေတာကို အစိုးရက လက်ခံဖို့ ဘာ့ကြောင့် တွန့်ဆုတ်နေတာလဲ။

ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရက ဘာမှ ထုတ်ဖော်မပြောထားသလို အစိုးရရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်တဲ့ ကြေညာချက်လည်း ထုတ်ပြန်တာမျိုး မရှိတဲ့အတွက် ကျွမ်းကျင်သူတွေအနေနဲ့ မှန်းဆပြောရုံသာ ပြောနိုင်တယ်လို့ ဆိုပါတယ်။

တစ်ချက်က ဒီလို ဒေသခံအသိုင်းအဝိုင်းတွင်းကနေ ရောဂါ စကူးတာတွေ ဖြစ်နေတယ်ဆိုတာကို လက်ခံတာဟာ သူတို့ရဲ့ ပေါ်လစီမူဝါဒတွေ မအောင်မြင်ဘူး ဆိုတာကို အစိုးရအနေနဲ့ ဝန်ခံလိုက်တဲ့ သဘော ဖြစ်သွားနိုင်တာကြောင့်ပါ။

ဒေသခံအသိုင်းအဝိုင်းတွင်းကနေ ရောဂါ စကူးတာတွေအတွက် အစိုးရကို အပြစ် ပုံချလို့ မရဘူးလို့ ဒေါက်တာဂျမား က ပြောပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ကိန်းဂဏန်း အချက်အလက်တွေနဲ့ ပတ်သက်လို့ ရိုးသားပွင့်လင်းမှု ပိုရှိဖို့နဲ့ သိပ္ပံပညာပိုင်းဆိုင်ရာ သက်သေအထောက်အထားတွေကို လက်ခံဖို့ လိုတယ် လို့ ဆိုပါတယ်။

လူဦးရေ အကြီးအကျယ် ထူထပ်တဲ့အိန္ဒိယလို နိုင်ငံမျိုးတွေမှာ ဒီလို ကူးစက်နှုန်းမြန်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် အခုလို ဒေသခံအသိုင်းအဝိုင်းတွင်းကနေ ရောဂါ စကူးစက်တာမျိုးတွေ မကြာခဏ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ငြင်းချက်တွေ ထုတ်နေခြင်းအားဖြင့် ဖိအားတွေ ပိုများလာပြီး ဒီကိစ္စအပေါ် မလိုအပ်တဲ့ အချေအတင် အငြင်းပွားမှုတွေ ပေါ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောနေပါတယ်။

အိန္ဒိယအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ထိပ်တန်း ကူးစက်ရောဂါဗေဒ ပညာရှင် ဒေါက်တာ လာလစ်ကန့် ကတော့ အခုချိန်မှာ ဒီလိုအငြင်းပွားနေတာဟာ ဘာမှ အဓိပ္ပါယ် မရှိတော့ဘူးလို့ ပြောပါတယ်။

"ဒီကူးစက်မှုဟာ ဒေသခံအသိုင်းအဝိုင်းတွင်းကနေ ရောဂါ စကူးတဲ့ ကူးစက်မှု ဟုတ်သည်ဖြစ်စေ၊မဟုတ်သည် ဖြစ်စေ၊ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့ နည်းဗျူဟာကို ဆက်တိုးတက်အောင် လုပ်ရပါမယ်" လို့ သူက ပြောပါတယ်။

"အိန္ဒိယဟာ သိပ်ကို ကြီးတဲ့ နိုင်ငံကြီးတစ်ခုပါ။ ပြည်နယ်တစ်ခုမှာ ဗိုင်းရပ်စ် ထိန်းနိုင်ပေမဲ့ နောက်ပြည်နယ်မှာ ဗိုင်းရပ်စ် ရုတ်တရက် ပျံ့ချင်ပျံ့နှံ့သွားပါလိမ့်မယ်။ ဒီတော့ တကယ့် လက်တွေ့ကျကျ လုပ်ဆောင်နိုင်ဖို့အတွက် ရောဂါကူးစက်ပုံ အဓိပ္ပါယ် ဖွင့်ဆိုတာမျိုးတွေ လုပ်နေစရာ မလိုပါဘူး"

"အခြေအနေက တဖြည်းဖြည်း ဆိုးလာနေပါပြီ။ အဲဒါက နားခါးစရာ တကယ့်အမှန်တရားပါ" လို့ သူက ပြောပါတယ်။
အိန္ဒိယအစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် တားဆီးရေး ပေါ်လစီဟာ ရောဂါရှိမရှိ ဆေးစစ်နည်းနဲ့ ရောဂါရှိသူကို ခြေရာခံတဲ့ နည်းတွေအပေါ်မှာသာ အဓိကထား လုပ်ဆောင်ခဲ့
ဒါပေမဲ့ လည်း ဒေသခံအသိုင်းအဝိုင်းတွင်းကနေ ရောဂါ စကူးတယ် ဆိုတာကို လက်ခံတယ် ဆိုရင်ဖြင့် အိန္ဒိယအစိုးရအနေနဲ့ သူတို့ရဲ့ ပေါ်လစီတွေကို သိသိသာသာ ပြောင်းပစ်ဖို့ လိုလာပါလိမ့်မယ်။

"ဒေသခံအသိုင်းအဝိုင်းတွင်းကနေ ရောဂါ စတင်ကူးစက်မှု အများအပြား ဖြစ်လာပြီဆိုရင် တစ်ဦးတစ်ယောက်ချင်းကို ရောဂါ စစ်ဆေး၊ သူတို့နဲ့ ထိတွေ့ ဆက်ဆံခဲ့သူတွေကို ခြေရာခံ၊ ကွာရန်တင်း ဝင်ခိုင်းတာမျိုးတွေ လုပ်ဖို့ လိုတော့မှာ မဟုတ်ဘူး"လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အဲဒီအစား ပထဝီ ဒေသန္တရအလိုက် ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကို ကိန်းဂဏန်းအချက်အလက်တွေနဲ့ ခြေရာခံပြီး အဲဒီနေရာတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုစခန်းတွေ ထားပေးတာမျိုးကို အဓိကထား လုပ်ဆောင်သင့်တယ်လို့ WHO က အကြံပြုထားပါတယ်။

လောလောဆယ်တော့ အစိုးရအနေနဲ့ ပေါ်လစီ ပြောင်းဖို့ ထုတ်ဖော်ကြေညာချင်မယ့်ပုံ ရှိမှာ မဟုတ်ဘူးလို့ ဒေါက်တာကန့်က ပြောပါတယ်။

ဖြစ်နိုင်တာက ဆေးစစ်တာတွေ တိုးမြှင့်လုပ်ဖို့၊ စမ်းသပ်စစ်ဆေးမှုနဲ့ ခြေရာခံမှု လုပ်ထုံးလုပ်နည်းတွေ အကောင်အထည်ပေါ်ဖို့ စတာတွေအတွက် ဖက်ဒရယ်အစိုးရရော၊ ပြည်နယ် အစိုးရတွေပါ လပေါင်းများစွာ အချိန်ယူ လုပ်ခဲ့ကြရလို့ ဖြစ်နိုင်ပါတယ်။

နောက်စိန်ခေါ်မှုကတော့ ဒီကပ်ရောဂါဆိုးကြီးဟာ အိန္ဒိယနိုင်ငံရဲ့ နေရာဒေသအမျိုးမျိုးမှာ အဆင့်အမျိုးမျိုးနဲ့ ကူးစက် ဖြစ်ပွားနေတာမို့ အားလုံးခြုံပြီး ပေါ်လစီတစ်ခုတည်း ချမှတ်ဖို့က မလွယ်လို့ ဖြစ်ပါလိမ့်မယ်။

"ဒါပေမဲ့လည်း အစိုးရက ဆက်တိုက် ငြင်းချက် ထုတ်နေတာကတော့ မမှန်ဘူးလို့ ပြောရမှာပါပဲ။ သူတို့ရဲ့ ရေရှည် ချဉ်းကပ်မှုနည်းက ဘာလဲ၊ ဒါမှမဟုတ် ဒေသခံအသိုင်းအဝိုင်းတွင်းကနေ ရောဂါ စတင်ကူးစက်မှုနဲ့ ပတ်သက်လို့ သူတို့ရဲ့ အဓိပ္ပာယ် ကောက်ယူမှုက ဘာလဲ ဆိုတာကို ချပြဖို့ လိုပါတယ်" လို့ သူက ပြောပါတယ်။

ပြည်သူလူထုမှာ သိသင့်တဲ့ အခွင့်အရေး ရှိပြီး အစိုးရဘက်က ပွင့်လင်းမြင်သာမှု ရှိသင့်တယ်လို့ ဒေါက်တာ ကန့် က ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-53554625
ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့နေတာကို အိန္ဒိယအစိုးရ ဘာလို့ ဝန်မခံချင်တာလဲ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့နေတာကို အိန္ဒိယအစိုးရ ဘာလို့ ဝန်မခံချင်တာလဲ Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.