ရန်ကုန်တိုင်း မဲစာရင်းမှာ လူလေးသိန်းကျော် မှတ်ပုံတင်နံပါတ်ထပ်နေ

၂၀၁၅ ရွေးကောက်ပွဲ တုန်းကမဲရေတွက်မှုသရုပ်ပြ
လာမယ့် ရက်ပိုင်းအတွင်း ထုတ်ပြန်မယ့် မဲဆန္ဒရှင်စာရင်းမှာ ရန်ကုန်တိုင်းက လူလေးသိန်းကျော် မှတ်ပုံတင်နံပါတ်တွေ ထပ်နေတဲ့အတွက် ပြန်လည် စိစစ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။

ဇူလိုင်လ ၂၀ ရက်က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ လူဦးရေနဲ့ မဲဆန္ဒရှင်စာရင်း တိကျ မှန်ကန်မှု စိစစ်ရေး ညှိနှိုင်းအစည်းအဝေးမှာ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့လူ့စွမ်းအားဝန်ကြီးက ပြောခဲ့တာပါ။

အခုလို မှတ်ပုံတင်နံပါတ်တွေ ထပ်သွားတာက နည်းပညာ အမှားအယွင်းကြောင့်နဲ့ ကွင်းဆင်း စာရင်းပြုစုရာမှာ လွဲမှား မှတ်သားမိတာမျိုးကြောင့်လည်း ဖြစ်နိုင်ပြီး ဒါတွေကို ပြန်လည်တိုက်ဆိုင် စိစစ်နေတယ်လို့ ရန်ကုန်တိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောခဲ့ပါတယ်။

ရန်ကုန်တုိင်းဟာ မြန်မာနိုင်ငံမှာ လူဦးရေအများဆုံးနေထိုင်တဲ့ တိုင်းဒေသကြီး တစ်ခုဖြစ်ပြီးတော့၂၀၂၀ ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းအတွင်း မဲပေးနိုင်သူဦးရေဟာ ၅၆ သိန်းဝန်းကျင် ရှိတယ်လို့ တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ စာရင်းတွေအရ သိရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း မဲစာရင်းထုတ်ပြန်ရာမှာ အမှားအယွင်းတွေရှိခဲ့
ဒီလို အစိုးရဘက်က ပြောခဲ့သလို မဲစာရင်းတွေကို လာမယ့် ဇူလိုင်လ ၂၅ ရက်နေ့ ထုတ်ပြန်မယ်လည်း ပြောထားတော့ သိန်းနဲ့ ချီတဲ့မဲစာရင်းတွေအချိန်မီ ပြင်ဆင်နိုင်ပါ့မလားဆိုပြီး စိုးရိမ်မှုတွေရှိလာကြပါတယ်။

အခုလို မှတ်ပုံတင်နံပါတ်တွေ ထပ်နေတာကို မဲစာရင်းထုတ်ပြန်မယ့် ဇူလိုင် ၂၅ ရက်နေ့အမီ ပြန်လည်ပြင် ဆင်နိုင်မလား ဆိုတာနဲ့ပတ်သက်ပြီး ဝန်ကြီးဒေါ်မိုးမိုးစုကြည်နဲ့ အဆက်အသွယ် မရသေးတဲ့အတွက် မသိရသေးပါဘူး။

၂၀၂၀ ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းထဲမှာ အခြေခံလူဦးရေစာရင်းကို ဇူလိုင်ကနေ စက်တင်ဘာလ ထိ စာရင်းကောက်ယူခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ကွန်ပျူတာ ဆာဗာမှာ ထိန်းသိမ်းထားတာ ဖြစ်ပါ တယ်။

လေ့လာစောင့်ကြည့်သူတွေကတော့ ဒီလွဲမှားမှုဟာ နည်းပညာကြောင့်ဆိုရင် ပြင်ဆင်ဖို့ အခက်အခဲ သိပ်မရှိနိုင်ပေမဲ့ အခြေခံလူဦးရေ စာရင်း ပြုစုစဉ်ကတည်းက လွဲမှားကောက်ယူခဲ့တာမျိုးဆိုရင်တော့ ရွေးကောက်ပွဲမှာ အန္တရာယ်များနိုင်တယ်လို စိုးရိမ်နေကြပါတယ်။

ဒီဟာကို အချိန်မီ မပြင်နိုင်ရင် လူလေးသိန်းကျော် မဲပေးခွင့်ဆုံးရှှူံးတာတွေဖြစ်နိုင်သလို မဲထပ်ပြီးပေးတာတွေ လည်းဖြစ်နိုင်တယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ Rain Maker အဖွဲ့ က တာဝန်ရှိသူ ဒေါ်အေးသန္တာအောင်က ဘီဘီစီကိုပြောပါတယ်။

ပထမအကြိမ် မဲစာရင်းတွေကို တစ်နိုင်ငံလုံးမှာ လာမယ့် ဇူလိုင် ၂၅ ရက်ကနေ သြဂုတ်လ ၇ ရက်အထိ နှစ်ပတ်ကြာ ကပ်ထားကြေညာမှာဖြစ်ပြီး ဒုတိယအကြိမ်မဲစာရင်းတွေကို ရွေးကောက်ပွဲမတိုင်ခင် တစ်လအလို အောက်တိုဘာလ အတွင်းမှာ ထပ်မံထုတ်ပြန်သွားမှာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-53504908
ရန်ကုန်တိုင်း မဲစာရင်းမှာ လူလေးသိန်းကျော် မှတ်ပုံတင်နံပါတ်ထပ်နေ ရန်ကုန်တိုင်း မဲစာရင်းမှာ လူလေးသိန်းကျော် မှတ်ပုံတင်နံပါတ်ထပ်နေ Reviewed by THITHTOOLWIN on 05:59 Rating: 5
Powered by Blogger.