စလင်းမြို့နယ် မင်းလျင်ကျေးရွာတွင် လူနေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွား


စလင်း၊ ဇူလိုင် ၂၀

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မင်းလျင်ကျေးရွာအုပ်စု၊ မင်းလျင်ကျေးရွာ၌ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က ယာခင်းအတွင်း အမှိုက်မီးရှို့ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ မင်းလျင်ကျေးရွာနေသူ ယာခင်းအတွင်း အမှိုက်မီးရှို့ရာမှ မင်းလျင်ကျေးရွာနေ ဦးလေးမြို့ပိုင်၏ သက္ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နွားစာတဲတစ်လုံး၊ ဦးလုံး၏ သက္ကယ်မိုး၊ သွပ်တန်းချ၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်တစ်လုံး၊ ဦးမြင့်အောင်၏ သက္ကယ်မိုး၊ သွပ်တန်းချ၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်တစ်လုံးနှင့် ဦးအောင်မိုးဦး၏ သက္ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနေအိမ် တစ်လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းရာနေရာသို့ သရက်တောစခန်းမှ ခေတ္တယာယီစခန်းမှူး ဒုရဲအုပ် ဇော်မင်းလွင်နှင့် တပ်ဖွဲ့ဝင်(၅)ဦး၊ မင်လျင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဝင်လှိုင်၊ စလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းဗိုလ်နှင့် တပ်ဖွဲ့(၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၉)ဦး၊ အုပ်ချုပ်ရေး ယာဉ် တစ်စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ စလင်းတမံဆည်မြောင်းဦးစီးဌာနမှ ရေသယ်ယာဉ်(၂)စီးနှင့် မင်းလျင်ကျေးရွာအုပ်စု ရပ်ကျေးအဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက်(၁၀)နာရီအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူနေအိမ်(၃)လုံးနှင့် နွားစာတဲ(၁)လုံးတို့ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီး လူနှင့်တိရိစ္ဆာန် ဆုံးရှုံးမှုမရှိခဲ့ကြောင်းနှင့် မီးလောင်မှုအား အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်လွင်(ပြန်/ဆက်) မကွေးတိုင်းဒေသကြီး
https://www.moi.gov.mm/iprd/
စလင်းမြို့နယ် မင်းလျင်ကျေးရွာတွင် လူနေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွား စလင်းမြို့နယ် မင်းလျင်ကျေးရွာတွင် လူနေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:26 Rating: 5
Powered by Blogger.