ဇူလိုင်၂၀ ရက်နေ့ ည ၇ နာရီမှာတားနိုင် |
အဆိုပါ တာဘောင်ဟာ တောင်မြောက် ပေ ၆၀၊ အနက် ပေ ၃၀နဲ့ လမ်းသားအကျယ်က ပေ ၁၀၀ခန့် ကျယ်ဝန်းပါတယ်။အဆိုပါ အကျယ်အဝန်းရှိ တာဘောင်ကို ဘက်ဟိုး၊ ဘူဒိုဇာများ အသုံးပြုပြီး ကျောက်များချကာ ပိတ်ဆို့ခဲ့ခြင်း ဖြစ်ပါတယ်။
ဇူလိုင်၁၉ ရက်နေ့ ညပိုင်းက စစ်ကိုင်း -မန္တလေးလမ်းမှာရှိတဲ့ ရွှေဂဲရေထိန်းတံခါး တာရိုးကျိုးပေါက်ပြီး မြစ်ရေဝင်ရောက်လာလို့ အိမ်ထောင်စုဦးရေ ၁,၄၀၀ ကျော် လူဦးရေ ၄,၀၀၀ကျော် ရေးဘေးဒဏ် ရင်ဆိုင် ခဲ့ရတာဖြစ်ပါတယ်။
မန္တလေးတိုင်း အမရပူမြို့နယ် ရွှေဂဲရေထိန်းတံခါးဟာ ဇူလိုင်လ ၁၉ရက်နေ့ ည ၇ နာရီအချိန်လောက်က စတင်ယိုစိမ့် ကျိုးပေါက်မှု ဖြစ်ခဲ့ပြီး ဇူလိုင် ၂၀ ရက်နေ့ မနက် ၃ နာရီအချိန်လောက်မှာတော့ နှစ်ဖက် အလုံးစုံ ကျိုးကျ သွားခဲ့ပါတယ်။
ရေဝင်ရောက်နေတဲ့နေရာတွေကို ရေဘေးအန္တရာယ် သတိပေးတာ၊ ဒေသခံတွေ နေရာရွှေ့ပြောင်း ပေးတာတွေကို တိုင်းအစိုးရ၊ တပ်မတော်နဲ့ မီးသတ်ဌာန၊ လူမှုကူညီရေးအသင်းတွေက ဆောင်ရွက်ပေးခဲ့ရပါတယ်။
ရပ်ကွက်အတွင်းရှိသူများ ပြောင်းရွှေ့ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်၊တပ်မတော် နဲ့လူမှုကူညီရေး အသင်းများက ကူညီဆောင်ရွက်ပေး |
ဒီရေဘေးကြောင့် အနည်းဆုံး ရွာ၄ ရွာလောက် ရေဘေးသင့် ခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင် ဆိုးဆိုးရွားရွား ရေဘးသင့်ခံရတာလို့လည်း ရေဘေးဒဏ်သင့်သူတွေကပြောပါတယ်။
လက်ရှိမှာ ဧရာဝတီမြစ်ရေတိုးချိန်လည်းဖြစ်လို့ အနီးတစ်ဝိုက်ကရပ်ကွက်နဲ့ကျေးရွာတွေကို အချိန်တိုတွင်း ခုလို ဧရာဝတီ မြစ်ရေ ဝင်ရောက်သွားတာဖြစ်ပါတယ်။
အခုလို တာရိုးကျိုးပေါက်တာဟာ မကြာသေးခင်က ရေထိန်းတံခါးကို တာဝန်ရှိသူတွေ ပြုပြင်ခဲ့တာနဲ့ ဆက်စပ်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။
ပြိုကျတဲ့နေရာကို ခိုင်မာအောင် ပြုပြင်ပေးမယ်လို့ပြော |
တာရိုးကျိုးပေါက်တဲ့နေရာကို ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တို့လည်း လာရောက်ခဲ့ပါတယ်။
မန္တလေးမြို့ ရေဆိုးထုတ်ဖို့ အတွက် ဆောက်လုပ်တဲ့ ရွှေဂဲရေဆိုးထုတ်စက်ရုံစီမံကိန်းအနီးမှာ ကလိုင်ပေါက်ဖြစ်ကာ ရေစိမ့်ပေါက်ဝင်ခဲ့ပြီး နောက် ဧရာဝတီမြစ်တာရိုး ကျိုးပေါက်မှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ရေဘေးသင့်သူတွေကတော့ အမရပူရ မြို့ပေါ်က ဘုန်းကြီးကျောင်းတွေနဲ့ ဘုရားတွေမှာ နေထိုင်လျက်ရှိပါတယ်။
တာရိုးကျိုးပေါက်တဲ့နေရာကို ပိတ်လိုက်နိုင်ပြီးတဲ့နောက်မှာ လက်ရှိဧရာဝတီမြစ်ရေဟာ ဆက်မတိုးတော့ဘူး လို့လည်း ဒေသခံတွေပြောပါတယ်။
တာရိုးကျိုးပေါက်တဲ့ အမရပူရ ကမ်းနားလမ်းတစ်လျှောက် ဟာ အမရပူရ မြို့ပြစီမံကိန်းအတွက် လျာထားတဲ့နေရာလည်းဖြစ်ပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင့် ကတော့ပြိုကျတဲ့နေရာကို ခိုင်မာအောင် ပြုပြင်ပေးမယ်လို့ပြောကြားခဲ့ပါတယ်။
BBC Burmese
https://www.bbc.com/burmese/53473252
အမရပူရရေဘေး တားနိုင်ပြီ
Reviewed by THITHTOOLWIN
on
07:41
Rating: