မြောက်ဦးအနီးတိုက်ပွဲ အပြင်းထန်ဖြစ် ၊အဝေးပြေးလမ်းမမှာ ကားတွေ ပိတ်မိနေ

မြောက်ဦးမြို့နဲ့ တစ်မိုင်ခွဲ အကွာမှာတိုက်ပွဲဖြစ်နေ
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မြောက်ဦးမြို့နယ်အတွင်းမှာ ဇူလိုင် ၃၀ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ရန်ကုန် စစ်တွေ အဝေးပြေးကားလမ်းမ မြောက်ဦး ကျောက်တော် လမ်းပိုင်းကို ပိတ်ထားရတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။

နေ့လယ်ပိုင်းမှာတော့ တိုက်ပွဲက ပိုပြင်းထန်လာပြီး တပ်မတော်ဘက်က လေယာဉ် နှစ်စီးနဲ့ နာရီဝက်နီးပါး လာရောက် ပစ်ခတ်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဟာ မနက်ပိုင်း ၅နာရီခွဲလောက်က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မြောက်ဦးမြို့နဲ့ တစ်မိုင်ခွဲလောက်သာ ကွာဝေးတဲ့ အုတ်ဖိုကန်ကျေးရွာအနီးက သရက်တစ်ပင် ကောက်ကွေ့မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ နှစ်ဖက် အပြန်အလှန် တိုက်ခိုက်နေကြတာလို့ အုတ်ဖိုကန်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ အဘောင်တော်ဆည်နဲ့ တောင်ဖြူဆည်အကြား အဝေးပြေးကားလမ်းမရဲ့ အရှေ့ဘက်ခြမ်း ငရုတ်ကောင်းခင်းထဲမှာ ဖြစ်ပွားနေကြတာဖြစ်ပြီး တပ်မတော်ကားတွေ ရပ်တန့်နေတာကိုမြင်နေရပြီး အဝေးပြေးကားတွေလည်း ရပ်တန့်နေရတယ်လို့ မြောက်ဦးမြို့ခံ ကားသမားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဇူလိုင် ၃၀ ရက်မနကအစောပိုင်းက စပြီးပိတ်မိနေ
တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် အဝေးပြေးကားလမ်းမပေါ်မှာ သွားလာနေတဲ့ ကားတွေဟာ မနက် ၆ နာရီလောက်ကတည်းက ရပ်တန့်နေကြရပြီး နေ့လည်ပိုင်းအထိ တိုက်ပွဲတွေ ဆက်ရှိနေသေးတဲ့အတွက် သွားလာခွင့်မရရှိသေးဘူးလို့ ဆိုပါတယ်။

"မနက်ပိုင်း ၆ နာရီလောက်မှာ မြောက်ဦးတောင်ဖြူနားမှာ ။ တပ်မတော်ယာဉ်တန်းနဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ ဒီဘက်မှာဆိုရင် မြောက်ဦးကားဂိတ်နားက ရပ်ထားတယ်။ ဟိုဘက်မှာဆိုရင် ဝေသာလီနားက ရပ်ထားတယ်။ ခရီးသည်တွေကတော့ မန္တလေး၊ ရန်ကုန်သွားတဲ့ ကားတွေမှာတော့ ဒီတိုင်းပဲ ကားပေါ်မှာနေကြရတာပေါ့။ ကျွန်တော်တို့ မြောက်ဦးစစ်တွေသွားတဲ့ ကားတွေဆိုတော့ ပြန်လှည့်လာလိုက်ရတာပေါ့"လို့ မြောက်ဦး-စစ်တွေ ပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေးကားပိုင်ရှင်တစ်ဦးက ပြောပါတယ်။

မြောက်ဦးဘက်က ထွက်လာခဲ့တဲ့ ကားတွေဟာ မြို့ပြင်မှာ ရပ်တန့်နေကြရပြီး စစ်တွေဘက်က ထွက်လာခဲ့တဲ့ ကားတွေကတော့ ဝေသာလီကျေးရွာအနီးမှာ ရပ်တန့်နေကြရတယ်လို့ ကားသမားတွေကပြောပါတယ်။

မြောက်ဦး-စစ်တွေလမ်းပိုင်းတစ်လျှောက်မှာ အခုလိုမျိုး တိုက်ပွဲဖြစ်ပွားတာတွေ မကြာခဏဆိုသလို ကြုံနေရပြီး ကားတွေလည်း ရပ်တန့်နေကြရတဲ့အတွက် စိုးရိမ်ကြောက်လန့်မှုတွေနဲ့ စောင့်ဆိုင်းနေကြရတယ်လို့ ကားသမားတွေက ပြောပါတယ်။

ဒါ့အပြင် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးစတဲ့နေရာတွေက လာခဲ့ကြတဲ့ခရီးသည်တွေဟာလည်း နေ့လည်ပိုင်းအထိ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ကားလမ်းတွေပိတ်နေဆဲဖြစ်တာကြောင့် ခရီးသည်အများစုကတော့ မြောက်ဦးမြို့မှာရပ်နားနေကြရပါတယ်။
ခရီးသည်အများစုကတော့ မြောက်ဦးမြို့မှာရပ်နားနေကြ
တချို့ကားတွေနဲ့ ခရီးသည်တွေကတော့ ဖြတ်သန်းခွင့်ရမလားဆိုပြီး တိုက်ပွဲပြီးမယ့်အချိန်တွေကို စောင့်ဆိုင်းနေကြတာတွေကိုလည်း တွေ့ခဲ့ရတယ်လို့ ပိတ်မိနေတဲ့ ရောက်နေတဲ့ ကျောက်တော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။

မနက်ပိုင်းကတော့ လက်နက်ကြီးပစ်ခတ်သံတွေကိုပါ ကြားခဲ့ရပေမဲ့ အခုနေ့လယ်ပိုင်းမှာတော့ လက်နက်ကြီးပစ်ခတ်တာတွေ မရှိတော့ပေမဲ့ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေရှိနေပြီး တိုက်ပွဲအတွင်းက ပစ်ခတ်လိုက်တဲ့ ကျည်တွေဟာ အဲ့ဒီနေရာနဲ့အနီးဆုံးဖြစ်တဲ့ အုတ်ဖိုကန်ကျေးရွာအတွင်းကို ကျရောက်ပြီး နေအိမ်တွေကိုလည်း ထိမှန်တာတွေရှိနေတယ်လို့ သိရပါတယ်။

ကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့အတွက် အုတ်ဖိုကန်၊ မောင်ရွှီကန်၊ သံချောင်း စတဲ့ကျေးရွာသားတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်။

၂၀၂၀ ခုနှစ်အတွင်း ပြီးခဲ့တဲ့လပိုင်းကလည်း အဲ့ဒီသရက်တစ်ပင်ကောက်ကွေ့အနီးမှာ တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရဖူးပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-53595058
မြောက်ဦးအနီးတိုက်ပွဲ အပြင်းထန်ဖြစ် ၊အဝေးပြေးလမ်းမမှာ ကားတွေ ပိတ်မိနေ မြောက်ဦးအနီးတိုက်ပွဲ အပြင်းထန်ဖြစ် ၊အဝေးပြေးလမ်းမမှာ ကားတွေ ပိတ်မိနေ Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.