ဒေါ်အောင်ဆန်းစုကြည် အနီးကပ် သက်တော်စောင့် ဦးစိုးဝင်း ကွယ်လွန်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် သက်တော်စောင့် ဦးစိုးဝင်း (ဝဲစွန်)။ (ဇူလိုင် ၁၀၊ ၂၀၁၂)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာတဲ့ ဦးစိုးဝင်းဟာ ဒီနေ့ ဇူလိုင်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်မှာ ရုတ်တရက် ကွယ်လွန်သွားပါတယ်။

ဦးစိုးဝင်းဟာ ဒီနေ့ နေ့လယ်ပိုင်းက သွေးတိုးရောဂါနဲ့ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ ဒါပေမယ့် ဘယ်လိုကြောင့် ရုတ်တရက် ကွယ်လွန်သလဲ ဆိုတာကတော့ အတိအကျ ခိုင်ခိုင်လုံလုံ ထုတ်ပြန်ချက် မရသေးပါဘူး။

ဦးစိုးဝင်းနဲ့ပတ်သက်လို့ ၁၉၉၅-၁၉၉၈ ကာလတွေမှာ သူနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအဖြစ် တာဝန်ယူပေးခဲ့ဖူးသူ ကိုမျိုးသန့်က အခုလို ပြောပြပါတယ်။

“ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်တဲ့အချိန် ၉၅ ပေါ့၊ အဲဒီမှာ ကျနော်တို့ စပြီး ဆုံဖြစ်တာပေါ့။ ကျနော်တို့ စသိကာစကတော့ သူက နည်းနည်း စကားပြောတဲ့အခါမှာ တည့်ပဲပြောတယ်၊ ဘာမှ ဟန်ဆောင်မပြောဘူး။ တချို့တွေကလည်း မကြိုက်ဘူး သူပြောတဲ့စကားကို၊ သူ စကားလုံးသုံးတာကို။ ဒါပေမယ့် တကယ်တမ်းကျတော့ သူက စိတ်ရင်းကောင်းတယ်။ အဓိကတော့ သူက ရိုးသားတယ်၊ သစ္စာရှိတယ်။ သူ နိုင်ငံရေးလောကက လာတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ရိုးသားဖြူစင်မှုရှိတယ်။ အဓိကက အဲဒါလို့ ကျနော်ထင်တယ်။ သားသမီးတွေနဲ့တော့ ကျနော် ရင်းရင်းနှီးနှီး တွေ့ဖူးတယ်၊ ဆုံဖူးတယ်။ ဒါပေမယ့် ဒီလောက် သေချာမသိဘူး။ ကျနော်သိသလောက်တော့ သုံးယောက်ရှိတယ်၊ သားတွေချည်းပဲ။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်သက်တော်စောင့် ဦးစိုးဝင်း (ယာ)။ (အောက်တိုဘာ ၁၁၊ ၂၀၁၂)
၂၀၁၀ ပြည့်နှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ နောက်ဆုံးအကြိမ် လွတ်လာပြီးနောက်ပိုင်း ကာလတွေကစလို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေနဲ့ နိုင်ငံခြားရေးခရီးစဉ်တွေ အကုန်လုံးလိုလိုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် တလျှောက်လုံး အနီးကပ်လိုက်ပါပြီး တာဝန်ယူပေးခဲ့သူ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ အထူးလုံခြုံရေးတွေ ရှိလာပေမယ့်လည်း ဦးစိုးဝင်းကတော့ အနီးကပ် သက်တော်စောင့်အဖြစ် ဆက်ပြီးရှိနေခဲ့တာပါ။

ကွယ်လွန်ချိန်မှာ သူဟာ အသက် ၅၉ နှစ်ရှိပြီဖြစ်ပြီး ဇနီးနဲ့ သားသုံးဦး ကျန်ရစ်ခဲ့ပါတယ်။ သူ့စျာပနကို ရန်ကုန်မြို့မှာပဲ ပြုလုပ်မယ်လို့ သိရပြီး စျာပနရက် အတိအကျ မသိရသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/u-soe-win-passed-away/5517329.html
ဒေါ်အောင်ဆန်းစုကြည် အနီးကပ် သက်တော်စောင့် ဦးစိုးဝင်း ကွယ်လွန် ဒေါ်အောင်ဆန်းစုကြည် အနီးကပ် သက်တော်စောင့် ဦးစိုးဝင်း ကွယ်လွန် Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.