ပထမဆုံး ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ဖို့ရန် မြန်မာ ပြင်ဆင်


ပထမဆုံး ကိုယ်ပိုင်ဂြိုဟ်တုကို မြန်မာနိုင်ငံက လွှတ်တင်ဖို့ ပြင်ဆင်နေတယ်လို့ channel news asia သတင်းမှာ ဖော်ပြထားပါတယ်။ ဒီလို ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်တာက  မြန်မာလို စီးပွားရေး ဖွံဖြိုးမှုနည်းတဲ့ နိုင်ငံအတွက် ပထမဆုံး ခြေလှမ်းလည်းဖြစ်ပါတယ်။

ဒီလိုသာ လွှတ်တင်နိုင်ရင် မြန်မာနိုင်ငံဟာ  ကိုယ်ပိုင်ဂြိုဟ်ပိုင်ဆိုင်တဲ့ အာရှကိုးနိုင်ငံစာရင်းမှာ နောက်တိုးအဖွဲ့ဝင်ဖြစ်လာတော့မှာပါ။ အခုလို သဘာဝပတ်ဝန်းကျင်ကို အာကာသကနေ စောင့်ကြည့်ဖို့အတွက် ဂြိုဟ်လွှတ်တင်ဖို့ ကုန်ကျမယ့်စရိတ်နဲ့ အဲဒီကနေ ရလာမယ့် အကျိုးကျေးဇူးက ညီမျှတယ်လို့    မြန်မာနိုင်ငံ အာကာသလေကြောင်း အင်ဂျင်နီယာ တက္ကသိုလ် ပါမောက္ခချုပ် ဦးကြည်သွင်က AFP သတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် ကိုယ်ပိုင် ဂြိုဟ်တည်ဆောက်တာက ပိုပြီး စရိတ်သက်သာသလို နိုင်ငံ့စီးပွားရေးတိုးတက်မှုအတွက် အထောက်အကူ ပြုလိမ့်မယ်လို့လည်း ပြောပါတယ်။

ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်ဖို့အတွက် မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ၁၆ သန်း ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။ 

လွှတ်တင်မယ့် ဂြိုဟ်တုမှာ အကောင်းဆုံး ကင်မရာတွေ သုံးမှာဖြစ်ပြီး၊  တိုင်ဖွန်းမုန်တိုင်း နဲ့ သဘာဝဘေးသင့်တဲ့ နေရာတွေရဲ့ ပုံရိပ်ကို 3D ပုံစံနဲ့ ရရှိနိုင်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီဂြိုဟ်တု ကင်မရာတွေက မြေယာအသုံးချမှု ၊ မြို့ပြလူနေအိမ်ခြေ တိုးချဲ့မှု ၊ သစ်တောပြုန်းတီးမှုကနေ တရားမဝင် သတ္ထုရှာဖွေတူးဖော်မှုတွေ အထိ စောင့်ကြည့်ထောက်လှမ်းပေးမယ်လို့ ဂြိုဟ်တု လွှတ်တင်ရေး စီမံချက်ကို ဦးဆောင်နေတဲ့ ဟော့ကိုင်းဒိုး တက္ကသိုလ်က မစ္စတာ ယိုရှီဟီရို တာကာဟာရှီက ပြောပါတယ်။

ဂြိုဟ်တုလွှတ်တင်မှုကိုတော့ ဂျပန်နိုင်ငံမှာ ဆောင်ရွက်မှာဖြစ်ပြီး၊ မြန်မာအင်ဂျင်နီယာ  ၇ ယောက်ကို လပေါင်းများစွာ ကတည်းက ဂျပန်ကိုသွားရောက် တာဝန်ထမ်းဆောင်ဖို့ ပြင်ဆင်ထားနှင့်ပြီးဖြစ်ပါတယ်။ လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစီအစဉ်ခဏ ဆိုင်းငံ့ထားရတယ်လို့ သိရပါတယ်။

Source: CNA
One News Myanmar
https://www.facebook.com/onenewsmyan
ပထမဆုံး ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ဖို့ရန် မြန်မာ ပြင်ဆင် ပထမဆုံး ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ဖို့ရန် မြန်မာ ပြင်ဆင် Reviewed by THITHTOOLWIN on 08:22 Rating: 5
Powered by Blogger.