ဧရာဝတီမြစ်ရေကြီးလို့ လူလေးသောင်းလောက် ရေဘေးသင့်နေ

ဧရာဝတီမြစ်ရေတက်လာလို့ စစ်ကိုင်းမြို့ကရပ်ကွက် အချို့မှာ ရွှေ့ပြောင်းမှုတွေလုပ်ရ
ကချင်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးစတဲ့ တိုင်းနဲ့ပြည်နယ် လေးခုမှာ ဧရာတီမြစ်ရေတက်လာလို့ ရေကြီးရေလျှံတာတွေ ဖြစ်လာပြီး လူ လေးသောင်းဝန်းကျင်လောက် ရေဘေးသင့်ကာ ကယ်ဆယ်ရေး စခန်းတွေလည်း ၁၀၀ နီးပါးဖွင့်လှစ်ထားရတယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနကနေ သိရပါတယ်။

ရေဘေးသင့်သူ လေးသောင်းဝန်းကျင်ထဲမှာ မန္တလေးတိုင်းတစ်ခုတည်းက ရပ်ကွက်လေးခုမှာ ရေဘေးသင့်သူ လူဦးရေက နှစ်သောင်းလေးထောင်ကျော်လောက်အထိ ရှိနေတာလည်းဖြစ်ပါတယ်။

"စစ်ကိုင်းကတော့ မနေ့ကတည်းက စဖြစ်တာပါ၊ အိမ်ထောင်စု ၁၈၀၀ လူဦးရေ ၈၀၀၀လောက် ရွှေ့ပြောင်းပေးထားရပါတယ်၊စစ်ကိုင်းမှာ ကယ်ဆယ်ရေးစခန်းဖွင့်တာ ၁၀ ခုလောက်ရှိနေပြီး ကချင်မှာတော့ ကယ်ဆယ်ရေးစခန်း ၃၀ လောက်ရှိသေးတယ်၊ မကွေးမှာတော့ ရေဘေးသင့်သူက ၈၀၀ကျော်လောက်ရှိတယ် "လို့ တိုင်းနဲ့ပြည်နယ်လေးခုမှာ ရေဘေးဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီး ဌာန ညွှန်ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်းက ဘီဘီစီကိုပြောပါတယ်။
မန္တလေးမြို့မှာတော့ ဧရာ၀တီမြစ်ကမ်း တစ်လျှောက်တွင် သဲအိတ်များအဆင်သင့်ပြင့်ထား
ဒီတိုင်းနဲ့ ပြည်နယ်တွေမှာဖြစ်ပေါ်ခဲ့တဲ့ ရေဘေးသင့်ဖြစ်စဉ်တွေအတွက် ဒေသခံတွေကို ထောက်ပံ့မှုအဖြစ် ကျပ် သိန်းတစ်ထောင်ကျော် သုံးစွဲထောက်ပံ့ပေးခဲ့ရပြီးဖြစ်တယ်လို့လည်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ကနေသိရပါတယ်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မိုးဦးနဲ့ မိုးလယ်ကာလ မိုးမကောင်းပေမဲ့လည်း စစ်ကိုင်းနဲ့ ကချင်မှာ မိုးကောင်းပြီး ရေကြီးရေလျှံတဲ့အခြေအနေတွေဖြစ်ပေါ်လာခဲ့တာပါ။

"ဇူလိုင်လ တစ်လလုံးမြန်မာနိုင်ငံမှာ မုတ်သုံက သိပ်မကောင်းဘူး၊ ဒါပေမဲ့ မြန်မာနိုင်ငံမြောက်ပိုင်း က ကချင်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ မိုးက နေ့စဥ်လိုလို ရွာတယ်၊ တစ်ခါတစ်လေမိုးကြီးတယ်၊ အဲဒီရေတွေအခြေအနေ အောက်ခံရေအခြေအနေကြောင့် အခုလိုအခြေအနေ ဖြစ်တာပါလို့ " မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန် ကရှင်းပြပါတယ်။

ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေပေမဲ့လည်း စစ်ကိုင်းနဲ့မန္တလေးမြို့တွေမှာ ဧရာဝတီမြစ်ရေဟာ ဇူလိုင် ၂၈ ရက်နေ့အထိ အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်ကိုမရောက်သေးပါဘူး။

မန္တလေးက ဧရာ၀တီမြစ်ကမ်း တစ်လျှောက်မှာတော့ သဲအိတ်တွေ အဆင်သင့်ထားရှိထားပြီး ပြီးခဲ့တဲ့ ရက်ပိုင်း ကျိုးပေါက်သွားခဲ့တဲ့ တာရိုးနေရာကိုလည်း မန္တလေးမြို့တော်စည်ပင်ကလည်း ထပ်မံကျိုးပေါက် မှုမဖြစ်အောင် အထူးကြပ်မတ်ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

ဧရာဝတီမြစ်ရေဟာ စစ်ကိုင်းကိုနောက်တစ်ရက်နဲ့ မန္တလေးမြို့မှာတော့ နောက်နှစ်ရက်အတွင်းမှာ မြို့ရဲ့စိုးရိမ် ရေမှတ်အထက်ကိုအသီးသီးရောက်လာနိုင်တာကြောင့် မြစ်ကမ်းဘေးနဲ့ အနိမ့်ပိုင်းနေရာတွေမှာ နေသူတွေ အနေနဲ့ သတိပြုနေထိုင်ကြဖို့ကိုလည်း မိုးလေဝသနဲ့ဇလ ဗေဒ ညွှန်ကြားမှုဦးစီးဌာနကနေ သတိပေး ထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-53567279
ဧရာဝတီမြစ်ရေကြီးလို့ လူလေးသောင်းလောက် ရေဘေးသင့်နေ ဧရာဝတီမြစ်ရေကြီးလို့ လူလေးသောင်းလောက် ရေဘေးသင့်နေ Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.