ကျောက်တော်မှာ တပ်မတော်က အရပ်သားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း မိသားစုပြော၊ တပ်မတော် ငြင်းဆို

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်က အသက် ၃၁ နှစ်အရွယ် ဦးကျော်လှိုင်ကို တပ်မတော် စစ်ကြောင်းတစ်ခုက ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်စုချေ သတင်းထောက်တွေကို ဒီနေ့ ပြောဆိုခဲ့ပြီး တပ်မတော်ကတော့ ဒါဟာ စွပ်စွဲချက်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ဦးကျော်လှိုင်ကို တပ်မတော်စစ်ကြောင်း တစ်ခုက ဖမ်းဆီးသွားပြီး ရက်ပိုင်းအကြာ  ဇူလိုင်လ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ကုလားတန်မြစ်ကမ်းဘေးမှာ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်စုချေက ဒီနေ့ စစ်တွေမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

သူဟာ ဇူလိုင်လ ၂ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာ ပုလင်းခွံ၊ ဘူးခွံတွေ ရောင်းဖို့သွားစဉ်မှာ လမ်းမှာ တွေ့တဲ့  တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ကျောက်တော်မြို့ ရွှေကျောင်းဓမ္မာရုံမှာ ထိန်းသိမ်းထားစဉ် ပြန်လွှတ်ပေးဖို့ ဇူလိုင်လ ၃ ရက်နေ့မှာ သွားရောက် တောင်းဆိုခဲ့ပေမယ့် တပ်မတော် ဗိုလ်ကြီးတစ်ဦးက ငြင်းဆိုခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်စုချေကပြောပါတယ်။

“ကန်ဘောင်နှစ်ခုကြားက လမ်းကြားလေးတစ်ခုရှိပါတယ်။ အဲဒီနားကနေ ကျွန်မက ရပ်ပြီးကြည့်တော့ ကျွန်မအမျိုးသားကို တွေ့ပါတယ်။ သူ့ကို ငှက်ပျောပင်နားမှာ နောက်ပြန်ကြိုးတုပ်ပြီး ချည်ထားပါတယ်။ ကျွန်မ အမျိုးသားမှာ အင်္ကျီပါမသွားပါဘူး။ ကျွန်မက ချောင်းကြည့်လို့ ကြိုးနဲ့ချည်ထားတာကို မြင်တာပါ။ ကျွန်မက အဲဒီနားကနေ ပြေးထွက်လာပြီးတော့ စစ်သားတွေဆီက သွားတောင်းပါတယ်။ ဗိုလ်ကြီး ကျွန်မအမျိုးသားကို ငှက်ပျောပင်နားမှာ ချည်ထားတာကိုတွေ့တယ် သူ ဂုတ်စိုက်နေပြီလို့ ကျွန်မက ပြောတယ်။ သူက မရှိဘူး၊ ဒီနားမှာ ဘယ်သူမှမရှိဘူးဆိုပြီးတော့ ပြောပါတယ်။ ကျွန်မကလည်း ရှိတယ်၊ ငှက်ပျောပင်နားမှာ ချည်ထားတာကို ကျွန်မကိုယ်တိုင်မြင်တယ်လို့ ပြောတဲ့အခါ ပြန်လွှတ်လိုက်ပြီလို့ ကျွန်မကိုပြန်ပြောပါတယ်။ နင့်အမျိုးသားကို လွှတ်လိုက်ပြီလို့ပြောတော့ ကျွန်မကလည်း မလွှတ်သေးဘူး၊ ငှက်ပျောပင်နားမှာ ချည်ထားတယ်လို့ ကျွန်မက ထပ်ပြောတော့ ဒီမှာမရှိဘူး၊ နောက်တစ်ခါမလာနဲ့၊ လာရင် ပစ်သတ်လိုက်မယ်လို့ ပြန်ပြောပါတယ်”

အဲဒီလိုသွားပြောအပြီး ညနေပိုင်းမှာ အမျိုးသားကို မြင်ရတဲ့နေရာကို ထပ်ပြီးသွားကြည့်ခဲ့ရာမှာ အဲဒီနေရာမှာ မရှိတော့ဘူးလို့ ဆိုပါတယ်။

ရွှေကျောင်းမှာ သီတင်းသုံးတဲ့ သံဃာတော်တစ်ပါးကို အကူအညီတောင်းပြီး ပြန်လွှတ်ပေးဖို့ သွားပြောခဲ့ရာ မှာလည်း တပ်မတော်သားတွေက ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေါ်စုချေက ပြောပါတယ်။

ရွှေကျောင်းဓမ္မာရုံနဲ့ အုတ်နံရံတစ်ခုခြားတဲ့ သင်ခန်းမှာ သီတင်းသုံးနေတဲ့ ဆရာလေးကို သွားရောက်မေးမြန်းခဲ့ ရာမှာတော့ ဓမ္မာရုံထဲက အမျိုးသားတစ်ဦးရဲ့ ငြီးတွားသံကို နှစ်ရက်တိုင်တိုင် ကြားခဲ့ရတဲ့အကြောင်း ပြောပြခဲ့ တယ်လို့လည်း ပြောပါတယ်။

ဦးကျော်လှိုင်ဟာ ပုလင်းခွံ၊ ဗူးခွံတွေ ကောက်ပြီးတော့ မိသားစုကို ရှာကျွေးနေသူတစ်ဦးပါ။

ခြေလက်ဦးခေါင်းတွေ တစ်စစီဖြစ်နေတဲ့ သူ့ရဲ့ရုပ်အလောင်းကို ကုလားတန်မြစ်ကမ်းဘေး ကစ္ဆပနဒီတံတား အောက်မှာ ဇူလိုင်လ ၆ ရက်နဲ့ ၇ ရက်တွေမှာ အသီးသီးတွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

သူ့အမျိုးသားခြေထောက်မှာ ဝတ်ဆင်ခဲ့တဲ့ သားရေကွင်းနဲ့ လက်မောင်းမှာ သမီးဖြစ်သူ စုလှိုင်ဝင်း အမည်ကို တက်တူးရေးထားတဲ့ အမှတ်အသားတွေကြောင့် သူ့အမျိုးသား ဆိုတာကို အတည်ပြုနိုင်ခဲ့တာလို့ ဇနီးဖြစ်သူ ဒေါ်စုချေက ပြောပါတယ်။

တပ်မတော်က ဖမ်းဆီးထားစဉ် သူက ရပ်ကွက်လူကြီးတွေနဲ့ ကျောက်တော်မြို့က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန် တို့ထံ သွားရောက် အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

လွှတ်တော် ကိုယ်စားလှယ်ကတော့ ဇူလိုင်လ ၆ ရက်နေ့က ရွှေကျောင်းဓမ္မာရုံကို သွားရောက်စုံစမ်းခဲ့ရာမှာ အဲဒီတပ်မတော်စစ်ကြောင်းဟာ ထွက်သွားပြီဖြစ်တာကြောင့် မတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။

“ပထမဆုံး ရဲစခန်းကို ကျွန်တော် မေးတယ်။ ၂ ရက်နေ့က ဦးကျော်လှိုင်ဆိုတဲ့ လူတစ်ယောက် ဖမ်းသွားတယ် ဆိုပြီး လာတိုင်တယ်။ စခန်းမှူးတို့ စခန်းမှာများရောက်လို့ရှိလားလို့မေးတဲ့အခါ မရောက်ဘူး ပြောပါတယ်။ ပြီးတော့ ၆ ရက်နေ့မနက်မှာ ရွှေကျောင်းဓမ္မာရုံသွားပြီးတော့ အဲဒီမှာနေတဲ့ ရဲကင်းကိုသွားတယ်။ အဲဒီရဲကင်းကို သွားမေးတဲ့အခါ အဲဒီစစ်တပ်က ပြန်ထွက်သွားပြီလို့ ပြောတယ်။ ဘယ်တပ်လဲမေးတော့လည်း ဘယ်တပ်မှန်း မသိဘူးတဲ့။  ရွှေကျောင်းဓမ္မရုံကိုက ကျောက်တော်မှာရှိတဲ့ တပ်တွေကလည်းလာကြတယ်။ တခြားနယ်လှည့် တပ်တွေလည်း လာတယ်။ ကျောက်တော်မြို့ထဲကိုဝင်တဲ့ တပ်တွေလည်း ခဏတစ်ဖြုတ်နားကြတယ်ပေါ့ဗျာ။ အဲဒီတပ်ကတော့ ထွက်သွားပြီဆရာတဲ့”

ဒေါ်စုချေကတော့ ခင်ပွန်းသည် သေဆုံးမှုနဲ့ ပတ်သက်ပြီး တပ်က တာဝန်မယူဘူးဆိုရင် တပ်မတော်အနေနဲ့ ကိုယ့်သမိုင်းကိုယ်ရေးနေတာပဲလို့ ပြောပါတယ်။

သေဆုံးမှုနဲ့ပတ်သက်လို့ ကျောက်တော်မြို့မရဲစခန်းမှာ တိုင်တန်းထားပြီး အမှုကို ရဲက ဆက်လက်စစ်ဆေးနေ တယ်လို့ ဒေါ်စုချေက ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုအကြောင်း ကျောက်တော်မြို့မရဲစခန်း တာဝန်ရှိသူတွေကို RFA က တယ်လီဖုန်းကနေတဆင့် မေးမြန်းဖို့ ဒီနေ့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်တွေမြို့အခြေစိုက် ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ဆီကို လာရောက်တိုင်ထားတာရှိတယ်။ ဆက်ပြီးတော့ ကျွန်တော်တို့မြန်မာနိုင်ငံလူ့အခွင့်အရေး  ကော်မရှင်ကို အကြောင်းကြားမယ်။ တစ်ခါတလေကျလို့ရှိရင် သူတို့ဘာပြောလလဲဆိုရင် ဆုံးသွားတဲ့လူ ဆိုလို့ရှိရင်တင်နေစရာမလိုပါဘူး အဲဒီလိုပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ လုပ်စရာရှိတာဆက်လုပ် သွားမယ်။ တစ်ဖက်ကလည်း ဥပဒေကြောင်းအရ သတ်ဖြတ်မှုတွေအတွက် တရားစွဲမယ်။ ရဲကလည်း လက်ခံ မယ်ဆိုလို့ရှိရင် မိသားစုဝင်တွေကလည်း လိုလားလို့ရှိရင် ကျွန်တော်တို့က ဆက်လက်ကူညီသွားဖို့ရှိပါတယ်”

သေဆုံးမှုနဲ့ ပတ်သက်ပြီး ဒေါ်စုချေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းရာမှာတော့ တပ်မတော်က ဖမ်းဆီးတာ၊ ပြန်လွှတ်ပေးတာ၊ တရားစွဲဆိုတာတွေနဲ့ ပတ်သက်ပြီး သတင်းပုံမှန် ထုတ်ပြန်ပေးနေပြီး  အခုဒီကိစ္စဟာ စွပ်စွဲချက်သာဖြစ်ကြောင်း၊ တပ်မတော်က ဒီလိုမျိုး လုပ်ဆောင်လေ့ မရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်းမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုများလာနေတာပါ။

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ မနေ့က ဇူလိုင်လ ၁၅ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၂၇၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း ၅၈၃ ဦးအထိ ရှိနေပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/kyauktaw-villager-army-kill-07152020082623.html

ကျောက်တော်မှာ တပ်မတော်က အရပ်သားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း မိသားစုပြော၊ တပ်မတော် ငြင်းဆို ကျောက်တော်မှာ တပ်မတော်က အရပ်သားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း မိသားစုပြော၊ တပ်မတော် ငြင်းဆို Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.