ဝန်ထမ်းပင်စင်အတွက် လစာငွေထဲက ဖြတ်တောက်ဖို့ စီစဉ်နေ


အစိုးရဝန်ထမ်းတွေ ပင်စင်ခံစားခွင့်အတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေ မူကြမ်းကို ပြည်ထောင်စု လွှတ်တော် ဥပဒေပူးပေါင်းကော်မတီကို တင်သွင်းလိုက်ပြီဖြစ်ပါတယ်။

အဲဒီဥပဒေအရ အစိုးရဝန်ထမ်းတွေဟာ ပင်စင်ခံစားခွင့်အတွက်  လစာငွေကနေ သတ်မှတ်ရာခိုင်နှုန်း တစ်ခုကို လစဉ်ထည့်ဝင်ကြရမှာဖြစ်ပါတယ်။

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေ မူကြမ်းဟာ အစိုးရဝန်ထမ်းတွေ ပင်စင်ခံစားခွင့်အတွက် အစိုးရနဲ့ ဝန်ထမ်းတွေ အချိုးကျထည့်ဝင်ပြီး ရန်ပုံငွေ စုဆောင်းနိုင်ဖို့ ရေးဆွဲထားတာပါ။

ထည့်ဝင်ရမယ့် ရာခိုင်နှုန်း အသေးစိတ် ဖော်ပြချက်ကို နည်းဥပဒေမှာ ထည့်သွင်းရေးဆွဲမယ်လို့ သိရပါတယ်။

ဒီဥပဒေဟာ အစိုးရအတွက်  ပင်စင်လစာ ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေတယ်လို့ ဥပဒေကို ဦးဆောင်ရေးဆွဲတဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ဆိုပါတယ်။

“ဥပဒေ အရဆိုရင် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ပေါ်ပေါက်လာလိမ့်မယ်။ ရန်ပုံငွေကို တိုးပွားအောင် သူက ဆောင်ရွက်ရမှာဖြစ်တယ်။ အတိုးအပွားတွေနဲ့ သူတို့ ပင်စင်ယူချိန်မှာ ငွေအလုံးတစ်ခုရအောင် ဆောင်ရွက်ရမှာဖြစ်တယ်။ နိုင်ငံတော် အစိုးရရဲ့ ကြီးလေးနေတဲ့ ဝန်ထုတ်ဝန်ပိုးကို ပခုံးပြောင်း ထမ်းဆောင်စေတာမျိုးလည်း ဖြစ်ပေါ်စေပါတယ်”

ဒီဥပဒေမှာ အစိုးရဝန်ထမ်းအားလုံး အကျုံးဝင်မှာ မဟုတ်ပါဘူး။ ဥပဒေပြဋ္ဌာန်းပြီးနောက် ခန့်အပ်တဲ့ ဝန်ထမ်းတွေနဲ့ တာဝန်ထမ်းဆောင်နေဆဲ လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းတွေကိုသာ သက်ရောက်မှုရှိမှာဖြစ်ပါတယ်။

အသက် ၆၀ မှာ ပင်စင်ယူမယ့် ဝန်ထမ်းတစ်ဦးအတွက် ၂၅ နှစ်လောက် စုဆောင်းရမှာဖြစ်ပါတယ်။ စုဆောင်းငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ပင်စင်ယူချိန်မှာ လုပ်သက်စုငွေအဖြစ် ရရှိမှာပါ။  ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကိုတော့ ပင်စင်လစာအဖြစ် လစဉ်ရရှိမှာ ဖြစ်ပါတယ်။

အခုရရှိနေကြတဲ့ ပင်စင် လစာထက် ၁ ဒဿမ ၇ ရာခိုင်နှုန်းလောက် ပိုမိုရရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရဝန်ထမ်းဝင်ငွေဟာ အပြင်ကုမ္ပဏီ ဝန်ထမ်းဝင်ငွေနဲ့ နှိုင်းယှဉ်ရင် နည်းပါးလွန်းနေပါတယ်။

ဒီလိုနည်းပါးတဲ့ဝင်ငွေကို ထပ်မံဖြတ်တောက်မယ်ဆိုရင် မိသားစုတွေ လောက်ငှဖို့ မလွယ်ဘူးလို့ လုပ်သက် ၁၀ နှစ်အောက်ရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီးက အထက်တန်းပြကျောင်း ဆရာတစ်ဦးက ပြောပါတယ်။ တာဝန်ထမ်းဆောင်နေဆဲကာလမှာ အစိုးရဲ့လုပ်ဆောင်ချက်ကို ဝေဖန်ရင် အရေးယူခံရနိုင်တာကြောင့် သူရဲ့အမည်နဲ့ ကျောင်းကို ဖော်ပြခွင့်မပြုတာဖြစ်ပါတယ်။

“မိသားစုတွေအနေနဲ့ အဆင်မပြေနိုင်ဘူး ကျောင်းဆရာတစ်ဦးတစ်ယောက်တည်း အနေနဲ့တော့ နေနိုင်စားနိုင်ပါတယ်၊ အခုဝင်ငွေနဲ့ လစာတိုးပေးမယ်ဆိုရင်တော့ အခုလိုဖြတ်တောက်တာ ကောင်းပါတယ် စုပြီးသားဖြစ်တာပေါ့”

လုပ်သက် ၁၀ နှစ်အထက်မှာရှိတဲ့ ပြန်ကြားရေးဝန်ထမ်းတစ်ဦးကတော့ အစိုးရဝန်ထမ်းတွေရဲ့ဘဝက ပင်စင်ယူချိန်မှာ ရရှိတဲ့လုပ်သက်ဆုငွေဆိုတာ အကြွေးဆပ်ရတဲ့ငွေဖြစ်တယ်လို့ ယူဆနေပါတယ်။

“အဲခါကျတော့ ဘာဖြစ်လာမလဲဆိုရင် မလောက်ငှရင်ချေးသုံးကြမယ် အဲတော့ အကြွေးတွေတင် ပြီးတော့ ပင်စင်ယူရင် ပြန်ဆပ်မယ် အဲလိုလည်ပတ်နေတာ ပင်စင်ယူရင် အကြွေးဆပ်မယ်ဆိုတဲ့သူတွေ အများကြီးပဲ တချို့ပင်စင်ယူခါနီးပြီး ဂရက်ဂျူဆီ သိန်း ၃၀ လောက်ရမယ် ဒါပေမဲ့ သူ့လက်ထဲမှာ တင်ကျန်ခဲ့မှာ ၁၅ သိန်းလောက်ပဲရှိမယ် အဲလိုမျိုးတွေ နာမည်တော့ မပြောတော့ဘူး”

အခုအသစ်ရေးဆွဲထားတဲ့ ဝန်ထမ်းနောင်ရေးဗဟို ရန်ပုံငွေ ဥပဒေ မူကြမ်းကို လာမယ့် ၁၇ ကြိမ်မြောက် လွှတ်တော်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်အတွင်း ဥပဒေထွက်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေ ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးခင်မောင်ဝင်းက ဆိုပါတယ်။

“ဒီဥပဒေက ရန်ပုံငွေထူထောင်တဲ့ဥပဒေပါ၊ အခုမှအသစ်ပါ မဆွေးနွေးရသေးဘူး၊ ကျွန်တော်တို့ကတော့ ၂၀၂၀ မှာပဲ အတည်ပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”

ပြည်ထောင်စုနဲ့ ပြည်နယ်တိုင်း အစိုးရအဖွဲ့ ဝန်ကြီးဌာန အသီးသီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသအသီးသီး၊ ဥပဒေအရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေရဲ့ရုံး၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းတွေ၊ စည်ပင်သာယာရေးကော်မတီ၊ အဖွဲ့အစည်းတွေ၊ ဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းထားပြီး ဝန်ကြီးဌာန အမိန့်ကြေညာစာ ထုတ်ပြန်ထားတဲ့ အဖွဲ့အစည်းတွေ အားလုံးရဲ့ ဝန်ထမ်းတွေ ဒီဥပဒေနဲ့ အကျုံးဝင်မှာပါ။

တပ်မတော်သားတွေကတော့ ဒီဥပဒေနဲ့ အကျုံးဝင်ခြင်းမရှိလို့ ပြဋ္ဌာန်းထားပါတယ်။စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနရဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လက ထုတ်ပြန်ချက်အရ ပင်စင်စားဝန်ထမ်း အရေအတွက် ၈ သိန်းကျော်ရှိပြီး နှစ်စဉ်သုံးသောင်းခွဲလောက် တိုးနေတယ်လို့ ဆိုပါတယ်။

ဝေယံမိုးမြင့် / RFA Burmese
https://www.rfa.org/burmese/news/government-employee-retirement-age-07152020042840.html
ဝန်ထမ်းပင်စင်အတွက် လစာငွေထဲက ဖြတ်တောက်ဖို့ စီစဉ်နေ ဝန်ထမ်းပင်စင်အတွက် လစာငွေထဲက ဖြတ်တောက်ဖို့ စီစဉ်နေ Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.