ဒေါ်လာ ထရီလီယံချီသုံးမယ့် ကိုဗစ် ထောက်ပံ့အစီအစဉ်သစ် အမြန်ဆုံးသဘောတူညီမှုရဖို့ ကန် ဒီမိုကရက် ခေါင်းဆောင်တိုက်တွန်း

 ဒီမိုကရက် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့ရသူ ၁၆ သန်းကျော်အတွက် ဖက်ဒရယ်အစိုးရက ထောက်ပံ့ပေးနေတဲ့ အလုပ်လက်မဲ့ ခံစားခွင့် သက်တမ်းမကုန်ခင် ဒီခံစားခွင့် ဆက်ပေးနိုင်မယ့် ထောက်ပံ့ရေး အစီအစဉ်ကို အမြန်ဆုံး ညှိနှိုင်းကြဖို့ သမ္မတ အိမ်ဖြူတော်နဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်တွေကို ဒီမိုကရက် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi က တိုက်တွန်းလိုက်ပါတယ်။

ဒေါ်လာ ၁ ထရီလီယံ သုံးစွဲမယ့် ထောက်ပံ့ရေးအစီအစဉ်ကို ထုတ်ပြန်နိုင်ဖို့ သမ္မတ Trump အစိုးရနဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်ခေါင်းဆောင်တွေ ပြင်ဆင်နေချိန်မှာပဲ အောက်လွှတ်တော် ဥက္ကဋ္ဌ Pelosi က သူနဲ့လွှတ်တော်မှာ လာရောက်တွေ့ဆုံပြီး အမြန်ဆုံး ညှိနှိုင်းကြဖို့ တိုက်တွန်းနေတာပါ။

ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရတဲ့ အမေရိကန်စီးပွားရေး ပြန်လည် နာလန်ထူနိုင်ဖို့အတွက် ဒီမိုကရက် အမတ်တွေ ကတော့ ဒေါ်လာ ၃ ထရီလီယံ အထိ သုံးစွဲမယ့် အစီအစဉ်ကို အဆိုပြုထားတာမို့လည်း ခုလို ရီပတ်ဘလစ်ကန် အမတ်တွေနဲ့ရော အစိုးရနဲ့ပါ စေ့စပ် ညှိနှိုင်းဖို့ ပြောနေတာပါ။

လက်ရှိ နိုင်ငံတွင်းက အလုပ်လက်မဲ့ဖြစ်နေသူတွေကို ပြည်နယ်အစိုးရ ထောက်ပံ့မှုအပြင် ဖက်ဒရယ်အစိုးရက တပတ်ကို ဒေါ်လာ ၆၀၀ ထောက်ပံ့ပေးနေတာကို သမ္မတအိမ်ဖြူတော်နဲ့ ရီပတ်ဘလစ်ကန်တွေက သုံးပုံ တပုံလောက်အထိ လျော့ချပြီး တပတ်ကို ဒေါ်လာ ၂၀၀ ထောက်ပံ့ဖို့ ပြောနေတာပါ။ ဒါပေမဲ့ ဒီမိုကရက်တွေ ကတော့ ဒီလကုန်မှာ ပြီးဆုံးတော့မယ့် တပတ် ဒေါ်လာ ၆၀၀ ထောက်ပံ့မှု ဆက်ပြီး ပေးသွားလိုတာကြောင့် ဒီအပေါ်မှာ ညှိနှိုင်းမှုတွေ ဆက်လုပ်နေရတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ကူးစက်မှု အများဆုံး ရှိနေတဲ့နိုင်ငံဖြစ်ပြီး နိုင်ငံတဝှမ်း ဒီရောဂါကူးစက်မှုပေါင်း ၄ သန်းကျော်နဲ့ သေဆုံးသူ ၁ သိန်း ၄ သောင်းနီးပါး ရှိပါတယ်။ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Robert O'Brien တောင် ဒီရောဂါ ကူးစက်ခံထားရတယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့ကပဲ ထုတ်ပြန် ထားပါတယ်။ ခုလို အမျိုးသားလုံခြံုရေးအရာရှိ ကူးစက်ခံရပေမဲ့၊ သမ္မတ Donald Trump ကတော့ ကူးစက်ခံရနိုင်တဲ့ အခြေအနေ မရှိပါဘူးလို့လည်း အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/pelosi-urge-white-house-and-republican-covid-aid-for-american-/5520313.html
ဒေါ်လာ ထရီလီယံချီသုံးမယ့် ကိုဗစ် ထောက်ပံ့အစီအစဉ်သစ် အမြန်ဆုံးသဘောတူညီမှုရဖို့ ကန် ဒီမိုကရက် ခေါင်းဆောင်တိုက်တွန်း ဒေါ်လာ ထရီလီယံချီသုံးမယ့် ကိုဗစ် ထောက်ပံ့အစီအစဉ်သစ် အမြန်ဆုံးသဘောတူညီမှုရဖို့ ကန် ဒီမိုကရက် ခေါင်းဆောင်တိုက်တွန်း Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.