မြန်မာအလုပ်သမားတွေကို ထိုင်းက အကန့်အသတ်နဲ့ ပြန်လက်ခံမည်

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကြောင့် မြန်မာ၊လာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံကို ပြန်သွားခဲ့ကြတဲ့  ရွှေပြောင်းလုပ်သားတသိန်းကျော်ကို ထိုင်းနိုင်ငံထဲ ပြန်ဝင်ခွင့်ပေးတော့မယ်လို့ ထိုင်းအစိုးရကကြေညာလိုက်ပါတယ်။ ဒါပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးစစ်ဆေးမှုတွေနဲ့ တခြားအကန့်အသတ်တွေရှိနေပါသေးတယ်။

ကမ္ဘာတဝှမ်းဖြစ်ပွားနေတဲ့ ကိုဗစ်၁၉ ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံမှာလုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား သောင်းနဲ့ချီပြီး မြန်မာနိုင်ငံကို ပြန်နေကြပါတယ်။ ဇူလိုင်လ ၂၂ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက်အရ မြန်မာရွှေ့ပြောင်းလုပ်သား တသိန်း၂သောင်းကို ထိုင်းနိုင်ငံ ပြန်လာခွင့်ပေးမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်သူ မရှိတော့တာ ၂ လနီးပါးရှိနေပြီ ဆိုပေမဲ့ အရေးပေါ် အခြေအနေကို လာမဲ့ သြဂုတ်လကုန်တဲ့အထိ တလ သက်တမ်းထပ်တိုးလိုက်တယ်လို့လည်း ထိုင်းအစိုးရက ကြေညာပါတယ်။

မြန်မာ အပါအဝင် လာအို၊ ကမ္ဘာဒီးယားနိုင်ငံတွေက ထိုင်းနိုင်ငံထဲ အလုပ်လုပ်ကိုင်ခွင့် ရှိပြီးသားနဲ့ လျှောက်ထားပြီးသား လုပ်သားဦးရေ ၁ သိန်း ၂ သောင်းကျော်ကို ထိုင်းနိုင်ငံထဲ ဆောက်လုပ်ရေး၊ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ အကန့်အသတ်နဲ့ အလုပ်လုပ်ခွင့်ပြုသွားမှာပါ။


ထိုင်းအစိုးရက အလုပ်သမားတွေကို ပြန်ဝင်ခွင့်ပေးမယ်ဆိုပေမဲ့ တကယ် ဝင်ရောက်လာမယ်ဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အခက်အခဲ ရှိနေတယ်လို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ရောင်ခြည်ဦးအလုပ်သမားအရေးအဖွဲ့ရဲ့ တာဝန်ခံ ဦးမိုးကျော်က ပြောပါတယ်။

မြန်မာပြည်ကို ပြန်သွားခဲ့ကြတဲ့သူတွေထဲက အလုပ်လုပ်ခွင့် (work permit)အပြင် ပြန်လည်ဝင်ခွင့်ဗီဇာရှိသူ  ခြောက်သောင်း ကိုးထောင်ကျော်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ဖို့ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားဆဲ မြန်မာ လေးသောင်း၂ထောင်ကျော်ရှိတယ်လို့  ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

ဝင်လာမဲ့ အလုပ်သမားတွေအနေနဲ့ မြန်မာနိုင်ငံထဲက ခရီးသွားလို့ ရတဲ့ ကျန်းမာရေးထောက်ချက် လိုအပ်ပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်လာပြီဆိုရင် ကိုဗစ် ၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးရတာနဲ့ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ စောင့်ကြည့်စစ်ဆေးရေးစခန်းမှာ ၁၄ ရက် နေရမှာ ဖြစ်ပါတယ်။ ဒီအချက်ပြီးရင် ဗီဇာနဲ့ အလုပ်လုပ်ခွင့်( work permit) တွေကို ထုတ်ပေးသွားမှာပါ။

ကိုဗစ်ရောဂါစောင့်ကြည့်တဲ့စခန်းမှာ ၁၄ ရက် နေထိုင်ရမဲ့ ကုန်ကျစရိတ်ကို လုပ်ငန်းရှင်တွေက ပေးရမှာ ဖြစ်ပြီး အလုပ်သမားတစ်ဦး ကုန်ကျစရိတ်က ထိုင်းဘတ်ငွေ ၂ သောင်းလောက်အထိ ကုန်ကျပါလိမ့်မယ်။

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေထိုင်ခွင့် လက်မှတ်အတွက် ကုန်ကျစရိတ် မလွယ်ကူနေတဲ့ကြား ကိုဗစ်ကပ်ရောဂါ စစ်ဆေးရေးကာလမှာ ကုန်ကျမယ့်စရိတ်တွေနဲ့ဆိုရင် အခက်အခဲရှိတယ်လို့ ဦးမိုးကျော်က ပြောပါတယ်။

အရေးပေါ်ကာလ ထုတ်ပြန်ထားတာကြောင့် ခရီးသွားလာခွင့်နဲ့ နယ်မြေဖြတ်သန်းခွင့်တွေကို ထိုင်းအာဏာပိုင်တွေဆီက ရယူရေးမှာ အခက်အခဲတွေရှိတယ်လို့ လည်းဆိုပါတယ်။ ဒါကြောင့် ပြန်ဝင်လာမဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ အစိုးရထုတ်ပြန်ထားတဲ့အချက်တွေ၊ လက်မခံမယ်ဆိုတဲ့ အလုပ်အမျိုးအစားတွေ သေချာလေ့လားထားဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ မတ်လကစလို့ အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားသားတွေကို  ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့တာပါ။ အဲဒီ ကိုဗစ်ကာလမှာပဲ မြန်မာရွှေ့ပြောင်းအလုပ်သမား တသိန်းလောက် မြန်မာနိုင်ငံကို ပြည်တော်ပြန်သွားခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့မှု လျော့နည်းလာနေတဲ့ ထိုင်းနိုင်ငံထဲ ဝင်ခွင့်ရရေးနဲ့ အလုပ်လုပ်ကိုင်ခွင့် ရဖို့ နယ်စပ်တွေကနေ ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တရားမဝင် ဝင်ရောက်လာတာကြောင့် အဖမ်းခံရတာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လကနေ ဇူလိုင်လဆန်းထိ  ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူ တသောင်းတထောင် ကျော်ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား  ၆ ထောင်ကျော် ပါဝင်တယ်လို့ ထိုင်းအစိုးရ လူဝင်မှုကြီးကြပ်ရေးက သတင်းထုတ်ပြန်ထားပါတယ်။

လုဆိုင်း / RFA Burmese
https://www.rfa.org/burmese/news/thai-gov-allows-burmese-migrant-workers-return-with-restrictions-07232020190834.html
မြန်မာအလုပ်သမားတွေကို ထိုင်းက အကန့်အသတ်နဲ့ ပြန်လက်ခံမည် မြန်မာအလုပ်သမားတွေကို ထိုင်းက အကန့်အသတ်နဲ့ ပြန်လက်ခံမည် Reviewed by THITHTOOLWIN on 08:44 Rating: 5
Powered by Blogger.