အမေရိကန်မှာ ကိုဗစ်ကြောင့် တရက်အတွင်းသေဆုံးသူ စံချိန်တင်များလာ

Texas ပြည်နယ် Houston မြို့က ဆေးရုံတခုမှာ COVID 19 လူနာတဦးကို သယ်ဆောင်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းများ။ (ဇူလိုင် ၀၂၊ ၂၀၂၀)
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၁,၀၀၀ ကျော် ၂ ရက်ဆက်တိုက်နဲ့ ဗုဒ္ဓဟူးနေ့က ထပ်ပြီးစံချိန်သစ်တင်ခဲ့ပါတယ်။

California ပြည်နယ်မှာလည်း အတည်ပြုလူနာအရေအတွက်ဟာ ဗုဒ္ဓဟူးနေ့ တရက်ထဲမှာ စံချိန်တင်အောင် ၁၂,၀၀၀ ကျော်တွေ့ရှိခဲ့ပြီး စုစုပေါင်းအတည်ပြုလူနာဟာ New York ပြည်နယ်ထက်ပိုများသွားပါပြီ။ အခုဆို နိုင်ငံအနောက်ခြမ်းက California ပြည်နယ်မှာ အတည်ပြုလူနာ ၄၂၀,၀၀၀ ကျော်၊ အရှေ့ခြမ်း New York ပြည်နယ်မှာ ၄၁၀,၀၀၀ ကျော်ရှိပါတယ်။ အမေရိကန်မှာ စုစုပေါင်း အတည်ပြုလူနာက ၄,၀၀၀,၀၀၀ နီးပါးနဲ့ ကမ္ဘာမှာ အများဆုံးဖြစ်ပြီး စုစုပေါင်းသေဆုံးသူကလည်း ၁၄၀,၀၀၀ ကျော်ပါတယ်။

အမေရိကန် ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတပ်ကြဖို့ တယောက်နဲ့ တယောက်ခပ်ခွာခွာနေကြဖို့ သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့က တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်လူငယ်တွေအနေနဲ့ အရက်ဘားတွေနဲ့ တခြားလူစည်ကားတဲ့နေရာတွေကို ရှောင်စေချင်တယ်လို့ သမ္မတ Trump ကပြောပါတယ်။

နိုင်ငံထဲမှာ အဆိုးဆုံးကူးစက်မှုတွေဖြစ်နေတဲ့ထဲက သက်ကြီးရွယ်အိုစောင့်ရှောက်ဂေဟာတွေအတွက် အစိုးရက နောက်ထပ် ဒေါ်လာ ၅ ဘီလီယံ သုံးစွဲ ကူညီသွားမယ်လို့လည်း သမ္မတက ကြေညာခဲ့ပါတယ်။

သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတွေကနေ COVID-19 ကြောင့်သေဆုံးသူ ၃၇,၀၀၀ ထက် မနည်းရှိတယ်လို့ ပြည်ထောင်စုအစိုးရက ခန့်မှန်းထားပါတယ်။

ကပ်ရောဂါကြောင့် ထိခိုက်နေတဲ့လုပ်ငန်းတွေကို နောက်ထပ် ထောက်ပံ့ကူညီရေးအတွက် ဒေါ်လာ ၁ ထရီလီယံ သုံးစွဲမယ့် အစီအစဉ်အတွက် အိမ်ဖြူတော်နဲ့ အထက်လွှတ်တော် Republican ခေါင်းဆောင်တွေကြား ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက သဘောတူညီမှု ရရှိခဲ့ကြပါတယ်။ 

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-main-us/5514414.html
အမေရိကန်မှာ ကိုဗစ်ကြောင့် တရက်အတွင်းသေဆုံးသူ စံချိန်တင်များလာ အမေရိကန်မှာ ကိုဗစ်ကြောင့် တရက်အတွင်းသေဆုံးသူ စံချိန်တင်များလာ Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.