ရသေ့တောင် နယ်မြေရှင်းလင်းရေး ကျောက်တန်းမှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်မြို့နယ်မှာ တပ်မတော်က အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးတွေ ဆောင်ရွက်နေတဲ့အတွက် ကျောက်တန်းနယ်မြေအတွင်းမှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ရသေ့တောင်မြို့နယ် ကျောက်တန်း၊ ထီးစွဲ၊ အောင်သာစည် ကျေးရွာတွေတဝိုက်မှာ အေအေ တပ်ဖွဲ့ဝင်တွေ လှုပ်ရှားနေတဲ့အတွက် ဇူလိုင်လ ၁၆ ရက်နေ့ကစတင်ပြီး အဲ့ဒီနယ်မြေတွေမှာ အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးတွေ စတင်ဆောင်ရွက်နေပြီလို့ တပ်မတော်က မနေ့ ဇူလိုင် ၁၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ရသေ့တောင်မှာ ဇွန်လ နောက်ဆုံးပတ်ကနေ ဇူလိုင်လ ဒုတိယအပတ် အတွင်း စစ်ရေးတင်းမာမှုတွေ ဖြစ်နေပြီး တိုက်ပွဲတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့ပါတယ်။

ဇူလိုင် ၁၆ ရက် ညနေပိုင်းအထိ ဒေသခံတွေ အများအပြား ထွက်ပြေး နေသလို အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အေအေတပ်ဖွဲ့ဝင်တွေဟာ ဒေသခံကျေးရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး အကြမ်းဖက်လုပ်ရပ်တွေကို ပြုလုပ်နေသလို ရသေ့တောင်မြို့နယ် ကျောက်တန်း၊ ဖုန်ညိုလိပ်နဲ့ ဘူးသီးတောင်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းကိုလည်း ပိတ်ဆို့ထားတဲ့အတွက် အဲ့ဒီလမ်းကြောင်းတွေ ပြန်ပွင့်အောင် အရပ်သားတွေကို ကယ်တင်ဖို့ အခုလို စစ်ဆင်ရေးတွေ ဆောင်ရွက်နေတာလို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရသေ့တောင်မှာ တိုက်နယ်လေးခုရှိပြီး တိုက်နယ်သုံးခုက ဒေသခံတွေဟာ နေရပ်စွန့်ခွာနေကြတယ်၊ ရခိုင်မြောက်ပိုင်းမှာ ရသေ့တောင်ဟာ အထိအခိုက်များတဲ့နယ်မြေတစ်ခုဖြစ်သလို ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေနဲ့ ဖမ်းဆီးခံရပြီး တရားစွဲဆိုခံရတာတွေကိုလည်း တွေ့နေရတယ်လို့ ရသေ့တောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

အရင်က ကျောက်တော်တို့ မင်းပြားတို့မှာ ထိခိုက်မှုတွေ များပြားခဲ့ပေမယ့် လက်ရှိမှာတော့ ရသေ့တောင်မှာ အရပ်သား ထိခိုက်ဒဏ်ရာရကြတာတွေအပြင် သေဆုံးမှုတွေလည်းရှိနေပြီး ထိခိုက်မှုအများဆုံးဖြစ်နေတဲ့မြို့နယ်တစ်ခုလို့ ဆိုရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

"အစိုးရအနေနဲ့ ကျွန်မတို့ရဲ့ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ နောက်တစ်ခုက စားရေးသောက်ရေးနေထိုင်ရေးတွေကို ဘယ်လောက်ထိ တာဝန်ယူပြီးပြီလဲဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်"လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myo Lwin (ANN)

အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုတွေက ဆက်လက်ဖြစ်ပွားနေ

ဇူလိုင်လ ပထမပတ်အတွင်းက မိုးစဲကျွန်းဒေသ ကူတောင်တိုက်နယ်အတွင်းကို တပ်မတော်စစ်ကြောင်းတွေ ရောက်လာတဲ့အတွက် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ သုံးသောင်းလောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ပြီး စစ်တွေမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေသူတွေ ဒီနေ့အထိ မပြန်နိုင်ကြသေးဘူးလို့ စစ်တွေမြို့မှာ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

ကျောက်တန်းနယ်မြေအတွင်းမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်ဖို့ရှိတဲ့အတွက် ဒေသခံတွေ ယာယီထွက်ပေးကြဖို့ဆိုပြီး အစိုးရအဖွဲ့က ဇွန်လ ၂၄ ရက်နေ့မှာ အမိန့်စာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီအမိန့်ထုတ်ပြန်ချက်ကြောင့် ကျောက်တန်းနယ်မြေအတွင်းက ကျေးရွာပေါင်း ၂၃ ရွာက ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတဲ့အတွက် စစ်ဆင်ရေးမလုပ်တော့ဘူးဆိုပြီး အဲ့ဒီအမိန့်ကိုပြန်လည်ရုပ်သိမ်းခဲ့ပြီးပေမဲ့ အခု ဇူလိုင်လ ၁၆ ရက်နေ့မှာ စစ်ဆင်ရေးတွေကို စတင်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ရသေ့တောင်မှာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်စပြီး ကျေးရွာသားတွေ ထွက်ပြေးနေကြပါတယ်။

ဒဏ်ရာရသူတွေ ဆေးဝါးကုသရေးအတွက် သွားလာရေးလည်း ခက်ခဲလို့ လူနာတွေမလိုလားအပ်ဘဲ အသက်ဆုံးရှုံးခဲ့ရတာတွေနဲ့လည်း ကြုံတွေ့နေရတယ်လို့ လူမှုကူညီရေးလုပ်ငန်းတွေ ပြုလုပ်နေတဲ့ ဘက္ကာနဲ့ ညီအစ်ကိုများ ပရဟိတဖောင်ဒေးရှင်းက ဦးဘက္ကာက ပြောပါတယ်။

ပြီးခဲ့တဲ့လ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ နယ်မြေရှင်းလင်းရေးစာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာမှု ပိုမိုမြင့်တက်ခဲ့ပြီး ရသေ့တောင်မြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ သုံးသောင်းကျော်အထိ ရှိပြီး တစ်မြို့နယ်လုံးမှာ ငါးသောင်းကျော်အထိ ရှိနေတယ်လို့ ဦးဘက္ကာက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-53446857
ရသေ့တောင် နယ်မြေရှင်းလင်းရေး ကျောက်တန်းမှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ် ရသေ့တောင် နယ်မြေရှင်းလင်းရေး ကျောက်တန်းမှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 00:10 Rating: 5
Powered by Blogger.