ကိုဗစ်ကာကွယ်ရေး ပေါ့လျော့မှု ကျန်းမာရေးဝန်ကြီး သတိပေး

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမြင့်ထွေး (ဓါတ်ပုံ-Ministry of Health and Sports, Myanmar)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဗစ်ကာလ ရုပ်ရှင်ဆိုင်ရာဆွေးနွေးပွဲမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်ကာကွယ်ရေး ပေါ့လျော့လာတာအတွက် ပထမဆုံး လူသိရှင်ကြား ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

“တနေ့ကို (၅) ခါ ပညာပေးဖို့လုပ်ငန်းတွေကို အခု မလုပ်သလောက်ဖြစ်နေပါတယ်။ ကျွန်တော် အလွန်စိုးရိမ်ပါတယ်။ မြို့ထဲမှာရော နှာခေါင်းစည်း မတပ်ပါဘူး။ စားသောက်ဆိုင်တွေ၊ စူပါမားကက်တွေ၊ စျေးတွေမှာလည်း မတပ်ပါဘူး။ အလွန် အန္တရာယ်ကြီးပါတယ်။ အမေရိကန်လို၊ ဘရာဇီးလို အိန္ဒိယလို ဖြစ်သွားရင် ကျွန်တော်တို့ မလွယ်ပါဘူူး။ ကျွန်တော်တို့ အခုတွေ့ရှိချက်အရ၊ ၆၀% သော ပိုးတွေ့လူနာများ လက္ခဏာမပြပါဘူး။ ဆိုလိုတာက ပြည်သူထဲမှာ လက္ခဏာမရှိဘဲနဲ့ ပိုးရှိနိုင်သူက အများကြီး ရှိနိုင်ပါတယ်။”

အင်္ဂါနေ့မှာ Facebook ကနေ တိုက်ရိုက်ပြုလုပ်တဲ့ ဆွေးနွေးခန်းအတွင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အဲဒီ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ ဆွေးနွေးပွဲမှာ ဒေါက်တာမြင့်ထွေးကပဲ အခုကူးစက်မူက လေထဲမှာပျံ့ပြီး အရင်ထက် ပိုပြင်းထန် ကြောက်စရာကောင်းလာပုံကို ခုလိုဆက်ပြောပါတယ်။

“အရင်တုန်းကဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ချောင်းဆိုးလို့ရှိရင် အမှုန်အမွှားလေးတွေက (၄) – (၅) ပေပဲ ရောက်တယ်လို့ သတ်မှတ်ထားပါတယ်။ အခုတော့ မဟုတ်တော့ပါဘူး။ ဒီ အမေရိကန်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ အိန္ဒိယနိုင်ငံတွေမှာ ကူးစက်နှုန်းက အလွန်မြန်တဲ့အခါကြတော့ ဒီလို မဖြစ်နိုင်တော့ပါဘူး။ အခု Airborne ပေါ့၊ ဒီ ချောင်းဆိုးလိုက်တဲ့ အသေးအမွှားအမှုန်လေးတွေက လေထဲမှာ ပျံ့လွင့်နေပါတယ်။ ရူမိရင် လူမှာ ဖြစ်တယ်၊ ဒါ အလွန် ကြောက်စရာကောင်းပါတယ်။”

ကိုဗစ်ကူးစက်မူအန္တရာယ်က ဘယ်အချိန်ထိကြာနိုင်တာကို မပြောနိုင်သေးတာကြောင့် ကာကွယ်ရေးတွေ ပိုပြီး ဆက်လုပ်နိုင်မှသာ၊ ဒုတိယလှိုင်းကိုကျော်နိုင်မှာဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ထပ်သတိပေးလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-prevention-health-minister-myanmar-warn-/5521701.html
ကိုဗစ်ကာကွယ်ရေး ပေါ့လျော့မှု ကျန်းမာရေးဝန်ကြီး သတိပေး ကိုဗစ်ကာကွယ်ရေး ပေါ့လျော့မှု ကျန်းမာရေးဝန်ကြီး သတိပေး Reviewed by THITHTOOLWIN on 07:06 Rating: 5
Powered by Blogger.