မြောက်ကိုရီးယားကို ကိုရိုနာဗိုင်းရပ်စ် ရောက်လာပြီလား

မြောက်ကိုရီးယားမှာ အများပြည်သူ သွားလာတဲ့နေရာတွေမှာ နှာခေါင်းစည်း မဝတ်မနေရ ဝတ်ကြရ
မြောက်ကိုရီးယားမှာ ပထမဆုံးအကြိမ်အဖြစ် ကိုရိုနာ ဗိုင်းရပ်စ်လို့ ယူဆရတဲ့ ရောဂါဖြစ်ပွားမှု ဖြစ်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က တောင်ကိုရီးယားနိုင်ငံကို ဘက်ပြောင်း ခိုလှုံခဲ့ရာကနေ ပြီးခဲ့တဲ့ သီတင်းပတ်က စစ်မဲ့ ကြားခံဇုန်ကိုဖြတ်ပြီး မြောက်ကိုရီးယားဘက်ခြမ်း ပြန်ဝင်လာခဲ့သူတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ တွေ့ခဲ့ရတယ်လို့ KCNA မြောက်ကိုရီးယား အစိုးရသတင်းဌာနက ထုတ်ဖော် ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက အစိုးရထိပ်တန်းခေါင်းဆောင်တွေနဲ့ အရေးပေါ် အစည်းအဝေးတစ်ခု လုပ်ခဲ့ပြီး နယ်စပ် ကေဆောင်းမြို့မှာ လော့ခ်ဒေါင်း ချမှတ်ထားလိုက်ပါတယ်။

ပွင့်လင်းမြင်သာမှု မရှိတဲ့ မြောက်ကိုရီးယားအစိုးရက နိုင်ငံထဲမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လုံးဝမရှိဘူးလို့ အစောပိုင်းတုန်းက ပြောထားတာပါ။ ဒါပေမဲ့ ဒါဟာ ဖြစ်နိုင်ဖွယ် မရှိဘူးလို့ အကဲခတ်တွေက ယူဆနေကြပါတယ်။

"တောင်ကိုရီးယားဘက်ခြမ်းကို လွန်ခဲ့တဲ့ ၃ နှစ်က ထွက်ပြေး ခိုလှုံသွားခဲ့ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်လို့ ယူဆရတဲ့ လူတစ်ယောက် ဇူလိုင်လ ၁၉ ရက်နေ့က စစ်မဲ့ ကြားခံဇုန်ကို တရားမဝင်ကျော်ဖြတ်ပြီး မြောက်ကိုရီးယားနိုင်ငံဘက်ခြမ်း ပြန်ဝင်လာခဲ့ရာကနေ ကေဆောင်း နယ်စပ်မြို့မှာ အရေးပေါ် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်" လို့ KCNA သတင်းဌာနက ထုတ်ဖော်ကြေညာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားအောင် ထိန်းချုပ်တားဆီးဖို့အတွက် အမြင့်ဆုံး အရေးပေါ်စနစ်တစ်ခု ချမှတ် ဆောင်ရွက်ဖို့ ကင်ဂျုံအွန်းက စနေနေ့မှာ ကျင်းပတဲ့ ပေါလစ်ဗျူရို အစည်းအဝေးမှာ ညွှန်ကြားခဲ့ပါတယ်။

ဒါ့အပြင် အစောင့်အကြပ်တွေ ထူထူထပ်ထပ် ချထားတဲ့ နယ်စပ်ကို အဲဒီလူ ဘယ်လို ကျော်ဖြတ် ဝင်လာနိုင်ခဲ့သလဲဆိုတာကို စုံစမ်းစစ်ဆေးမှုတစ်ခု စလုပ်နေပြီး တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ကင်ဂျုံအွန်းက သတိပေးခဲ့တယ်လို့လည်း KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အခုရက်ပိုင်းအတွင်း စစ်မဲ့ ကြားခံဇုန်ကို တရားမဝင် ကျော်ဖြတ်ဝင်တာတွေ ရှိတယ်လို့တော့ တောင်ကိုရီးယားအစိုးရဘက်က ထုတ်ပြန်မထားပါဘူး။

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ပျံနှံ့ဖြစ်ပွားနေတဲ့အတွက် လွန်ခဲ့တဲ့ ၆ လက စလို့ မြောက်ကိုရီးယားအစိုးရက နယ်စပ်တွေကို ပိတ်ထားလိုက်ပြီး လူထောင်ပေါင်းများစွာကို သီးသန့်ခွဲထားခဲ့ပါတယ်။

ကင်ဂျုံအွန်းက ကိုဗစ်-၁၉ ရောဂါပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ သူ့နိုင်ငံဟာ အံ့မခန်း အောင်မြင်ခဲ့တယ်လို့ အခုလအစောပိုင်းက ချီးမွမ်းခန်း ထုတ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-53543633
မြောက်ကိုရီးယားကို ကိုရိုနာဗိုင်းရပ်စ် ရောက်လာပြီလား မြောက်ကိုရီးယားကို ကိုရိုနာဗိုင်းရပ်စ် ရောက်လာပြီလား Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.