ထိုင်းနိုင်ငံတွင်းပိတ်မိနိုင်ငံခြားသားများ ဗီဇာသက်တမ်းထပ်တိုးခွင့်ပေး

ကိုဗစ်ကာလ အတွင်းမှာ ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းတိုးနေကြတဲ့ နိုင်ငံခြားသားများ။ (ဇူလိုင် ၂၀၊ ၂၀၂၀)
COVID-19 ကပ်ရောဂါကာလ ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေ ဗီဇာသက်တမ်း ဆက်တိုးခွင့်ရမယ့်အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါအရေးပေါ်ကာလ ထိုင်းနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားတွေရဲ့ ပြည်ဝင်ခွင့်ဗီဇာသက်တမ်းကို စက်တင်ဘာ ၂၆ ရက်နေ့အထိ သက်တမ်းတိုးပေးမယ့်အကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာလိုက်တာပါ။

ဗီဇာသက်တမ်းကုန်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ မိမိရောက်ရှိနေတဲ့ နယ်မြေခံ လူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ သွားရောက်ဆက်သွယ်လျှောက်ထားနိုင်သလို တတ်နိုင်သမျှ အမြန်ဆုံး ဆက်သွယ်ကြဖို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲ Sompong Chingduang က သောကြာနေ့က ထိုင်းတောင်ပိုင်း အပမ်းဖြေဒေသ ဖူးခက်ခရိုင်ကို လာရင်းနဲ့ ပြောဆိုသွားတာပါ။

ဒီအတွက် မြန်မာအလုပ်သမားတွေ အပါအဝင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေလည်း ဗီဇာသက်တမ်း တိုးခွင့်ရတော့မှာဖြစ်ကြောင်း အလုပ်သမားကူညီရေးအဖွဲ့တခု ဖြစ်တဲ့ AAC မဟာမိတ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက ပြောပါတယ်။

"ထိုင်းရောက် မြန်မာနိုင်ငံသားတွေအတွက် အရေးကြီးတဲ့သတင်းပါပဲ၊ ထိုင်းရောက် မြန်မာနိုင်ငံသားတွေ ကိုင်ဆောင်ထားတဲ့ ဗီဇာပေါင်းစုံကို လာမယ့် ၈ လပိုင်းက ၁ ရက်နေ့က ၉ လပိုင်း ၂၆ ရက်နေ့အထိ ဗီဇာသက်တမ်းတိုးပေးတော့မယ် ဗီဇာပေါင်းစုံပေါ့နော်။ ကျောင်းသားဗီဇာပါမယ်၊ အလည်ဗီဇာ၊ သက်ကြီးရွယ်အိုဗီဇာ၊ ဆေးလာကုတဲ့ဗီဇာ၊ ထိုင်းမှာမြန်မာအလုပ်သမားတွေ များတော့ အလုပ်သမားဗီဇာတွေပါမယ်စတဲ့ ဗီဇာအားလုံးပါမယ်။ အဲဒီနောက်ပိုင်းမှာ သက်တမ်း မတိုးတော့ရင်တော့ စာအုပ်တွေကို Black list လုပ်မယ်လို့ ထိုင်းလဝက ပြောထားတယ်။ ကိုဗစ်ကာလတုန်းကတော့ ဖြေလျော့ပေးတဲ့အနေနဲ့ သက်တမ်းကို တလတိုးပေးတာ နှစ် လ တိုးပေးတာတွေကို လုပ်ပေးတယ်။ အခုတော့ကတော့ သက်တမ်းတိုးပေးပြီ။ ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီဇာတွေကို အချိန်မှီ တိုးကြပါလို့ ပြောပြချင်ပါတယ်။"
ကိုဗစ်ကာလ အတွင်းမှာ ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းတိုးနေကြတဲ့ နိုင်ငံခြားသားများ။ (ဇူလိုင် ၂၀၊ ၂၀၂၀)
ဗီဇာသက်တမ်းတိုးမယ့် နိုင်ငံခြားသားတွေအနေနဲ့ ဘာကြောင့် ပိတ်မိနေလဲဆိုတာကိုတော့ အကြောင်းပြချက်နဲ့ လျှောက်ထားရမယ်လို့ ဆိုပါတယ်။ တကယ်လို့ နိုင်ငံခြားသားတွေဟာ သက်မှတ်ချိန်ကာလအတွင်း သတင်းပေးပို့လျှောက်ထားဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် စက်တင်ဘာလ ၂၆ ရက်နေ့နောက်ပိုင်းမှာ တရားမဝင် Black list အမည်မည်းအဖြစ် စာရင်းသွင်းခံရမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင်းကနေ နေရပ်ပြန်ဖို့အတွက် လေကြောင်းလိုင်းမရှိလို့ အခက်အခဲ ရှိနေသူတွေ၊ တချို့နိုင်ငံတွေကလည်း ကိုဗစ်ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် ပိတ်ဆို့ထားတာကြောင့် နိုင်ငံရင်း ပြန်မရဖြစ်နေတဲ့ နိုင်ငံခြားတွေအတွက်လည်း ကာလတို နေထိုင်ခွင့်ဗီဇာ ပေးဖို့အတွက်လည်း လွှတ်တော်အစည်းအဝေးမှာ တင်ပြမှာဖြစ်တဲ့အကြောင်း လဝက ဗျူရိုအကြီးအကဲ ဒုဗိုလ်ချုပ် စွန်ဖုန်းက ပြောဆိုထားပါတယ်။

COVID 19 အရေးပေါ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်းဆက်လက် နေထိုင်နေကြတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားတွေ ၅၀၀,၀၀၀ လောက် ရှိမယ်လို့လည်း ထိုင်းအစိုးရက ခန့်မှန်းထားပါတယ်ရှင်။

မအေးအေးမာ  / ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/thai-visa-extension/5509592.html
ထိုင်းနိုင်ငံတွင်းပိတ်မိနိုင်ငံခြားသားများ ဗီဇာသက်တမ်းထပ်တိုးခွင့်ပေး ထိုင်းနိုင်ငံတွင်းပိတ်မိနိုင်ငံခြားသားများ ဗီဇာသက်တမ်းထပ်တိုးခွင့်ပေး Reviewed by THITHTOOLWIN on 18:49 Rating: 5
Powered by Blogger.