တိုက်ပွဲဒေသ ကလေးတွေ ထိခိုက်မှုကို တိုင်ကြားနိုင်တဲ့ဌာနဖွင့်ဖို့ အစိုးရစီစဉ်

ဆမီးမြို့ စည်ပင်သာယာရုံးဝင်းအတွင်း မြေနေရာမှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးဒုက္ခသည်စခန်းက ကလေးငယ်အချို့ကို ၂၀၂၀၊ မေ ၂၈ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - ဝေမာထွန်း/ RFA

တိုက်ပွဲတွေကြောင့် ကလေးငယ်တွေ လက်နက်ထိမှန် သေဆုံးတာ၊ ဒဏ်ရာရတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုတွေအတွက် တိုင်ကြားလွှာ လက်ခံရေးဌာနဖွင့်ဖို့ ပြည်ထောင်စု အစိုးရက စီစဉ်ဆောင်ရွက်နေပါတယ်။

အရပ်ဘက်အဖွဲ့တွေကတော့ ဒီဌာန ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်ဖို့ အရေးကြီးတယ်လို့ ထောက်ပြကြပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေပါတဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်  ကြီးမားတဲ့ ကျူးလွန်မှုများ ကာကွယ်တားဆီးရေး ကော်မတီက တိုင်ကြားလွှာ လက်ခံရေးဌာန ဖွင့်လှစ်နိုင်ဖို့ နိုင်ငံတော် သမ္မတရုံးထံ တင်ပြထားပါတယ်။

တိုင်ကြားမှုတွေကို လက်ခံပြီး စိစစ်သွားမယ်လို့ ဝန်ကြီးဌာနရဲ့ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က RFA ကိုပြောပါတယ်။

“ကျွန်တော်တို့ အခုတင်ပြထားဆဲပေါ့။ ဇွန်လ ၃ ရက်နေ့ကမှ တင်ပြထားတဲ့အတွက် ဒါလေး ကျလာပြီဆိုရင်တော့ တိုင်ကြားမှုတွေလက်ခံမယ်။ ပြီးလို့ရှိရင် သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ စိစစ်တာမျိုးတွေ လုပ်မယ်။ တစ်ဘက်ကလည်း အသိပညာပေးတာမျိုးတွေကို UN, CTFMR အဖွဲ့ တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာမျိုးတွေ စီစဉ်နေပါတယ်ခင်ဗျ။”

နောက်ဆက်တွဲ အရေးယူဆောင်ရွက်မယ့် လုပ်ငန်းစဉ် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အရင်က ထိရောက်တဲ့ စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်မှုတွေ မရှိခဲ့တာကြောင့် အခုလို တိုင်ကြားနိုင်တဲ့ ယန္တရားပေါ်ပေါက်လာဖို့ အစိုးရစီစဉ်တာကို တိုက်ပွဲဖြစ်ပွားရာ တိုင်းရင်းသားဒေသ အခြေစိုက် အရပ်ဘက်အဖွဲ့တွေက ကြိုဆိုကြပါတယ်။

၂၀၁၈  ဒီဇင်ဘာလကနေ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ကလေးငယ် ၁၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရခဲ့သူ ၈၂ ဦး အထိရှိခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC ရဲ့ စာရင်းတွေအရ သိရပါတယ်။

RFA က ကောက်ယူထားတဲ့စာရင်းအရ ရခိုင်နဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အသက်အရွယ် ကန့်သတ်ချက်မရှိဘဲ အရပ်သားထိခိုက်သူ စုစုပေါင်းက ၅၈၀ ကျော်ရှိနေပြီး သေဆုံးသူက ၂၇၀ ကျော် ရှိနေပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြားမှာ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတာ မတွေ့ရသေးပေမယ့် နေအိမ်၊ စာသင်ကျောင်း၊ ကလေးငယ်တွေ ဆော့ကစားရာနေရာတွေအနီးမှာ ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးဒဏ်ရာရကြတာ၊ သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံရသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်လာတာနဲ့ မြေမြှုပ်မိုင်းလို စစ်သုံးပစ္စည်းတွေကြောင့် ကလေးတွေလည်း ထိခိုက်ရတာ စတဲ့ ဖြစ်ရပ်တွေ ရှိနေတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောကြပါတယ်။

နိုင်ငံတကာမျက်နှာစာမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ ၂၀၂၀ ပြည့်နှစ်အစီရင်ခံစာမှာ တပ်မတော်ကို ကလေးစစ်သား စုဆောင်းမှုပြုလုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့စာရင်းထဲကနေ ဖယ်ရှားလိုက်တာကို ပြန်လည်သုံးသပ်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတချို့က  တောင်းဆိုနေကြပါတယ်။

ကလေးစစ်သားစုဆောင်းမှုစာရင်းထဲ ပြန်မဝင်အောင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့လိုတယ်လို့ အခုလ ၁၀ ရက်နေ့ကကျင်းပခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်  ကြီးမားတဲ့ကျူးလွန်မှုများ ကာကွယ်တားဆီးရေးကော်မတီ အစည်းအဝေးမှာ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေးက ထည့်သွင်း ပြောခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း ကလေးငယ်တွေအပေါ်  ကြီးမားတဲ့ကျူးလွန်မှုတွေကို တိုင်ကြားနိုင်အောင် အစိုးရက ဌာနဖွင့်လှစ် စီစဉ်ဆောင်ရွက်တာဟာ နိုင်ငံတကာဖိအားတွေကို လျော့ပါးစေရုံ ဆောင်ရွက်တာမျိုး မဖြစ်စေလိုဘူးလို့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြကြပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာတော့ တိုက်ပွဲကြောင့် ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာတွေ ရှိနေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ရဲ့ ပြောရေးဆိုခွင့်ရှိသူ မလွေးကုကု က ပြောပါတယ်။

“ဒီဘက်အပိုင်းမှာတော့ တော်တော်များများကတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တွေ့ရတယ်။ မုဒိမ်းမှုတွေ၊ လိမ်လည်ပြီးမှ ကာမရယူမှုတွေ အဲဒါမျိုးတွေလည်း တွေ့ရတယ်။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေရော အသက်ပြည့်ပြီးသူတွေရော ရှိတယ်။ ကျေးရွာတွေမှာ တော်တော်များများက အသက်ငယ်တဲ့ ၁၈ နှစ်အောက် ကိစ္စကတော့ ပိုများတယ်လို့ မြင်တယ်ပေါ့နော်။”

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေကြား ကလေးငယ်တွေ ကျူးလွန်ခံရတဲ့ အမှုတွေနဲ့ ပတ်သက်လို့ ကောက်ယူထားတဲ့ စာရင်းဇယားတွေ မရှိသေးဘူးလို့ သူက ပြောပါတယ်။

အစိုးရက ဖွင့်လှစ်မယ့်တိုင်ကြားရေးဌာနဟာ မှတ်တမ်းမှတ်ရာ ယူရုံသဘောမျိုးတင်မဟုတ်ဘဲ နောက်ထပ် ကျူးလွန်မှုတွေ မဖြစ်အောင် အရေးယူ ဆောင်ရွက်တာတွေ လုပ်ဆောင်ဖို့၊ တပ်မတော်နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကိုလည်း အရပ်ဘက်တရားရုံးတွေကသာ ဆုံးဖြတ်နိုင်အောင် စီစဉ်ဆောင်ရွက်ဖို့၊ စစ် ဆေးမှုတွေကို အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့ လုပ်ဆောင်မှုတွေပါ ပေါ် ပေါက်လာဖို့ အရပ်ဘက်အဖွဲ့တွေက လိုလားကြပါတယ်။

ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ခိုင်ကောင်းစံ က တိုင်ကြားရေးယန္တရားကို အများပြည်သူသိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့နဲ့ တိုင်တန်းသူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ တာဝန်ယူဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။

“ဒုက္ခသည်တွေ စုဝေးနေထိုင်တဲ့ ဘုန်းကြီးကျောင်းတွေ၊ ရပ်ရွာတွေ၊ စခန်းတွေမှာ တိုင်တန်းနိုင်တဲ့ ဖုန်းနံပါတ်တွေ၊ လိပ်စာကို လူထုသိအောင်လုပ်ဖို့လိုတယ်။ စစ်ဘက်ဆိုင်ရာတွေကို တိုင်တာပါမယ်၊ လက်နက်ကိုင်အင်အားစုတွေ ကိုသော်လည်းကောင်း တိုင်တန်းတာတွေ ပါကောင်းပါနိုင်မယ်။ အဲတော့ တိုင်တန်းပြီးပြီဆိုရင်တော့ တိုင်တန်းသူရဲ့ မိသားစုလုံခြုံရေးကိုပါ ထိန်းသိမ်းစဉ်းစားပေးဖို့လိုတာပေါ့။”

တိုက်ပွဲတွေအတွင်း ကလေးသူငယ်တွေအပေါ်  ပြစ်မှုကျူးလွန်တာတွေမရှိအောင် ကာကွယ်တားဆီးဖို့ အစိုးရက စီစဉ်ဆောင်ရွက်မယ့် တိုင်ကြားရေးဌာနဟာ အများမျှော်လင့်သလို ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ရှိလာမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
တိုက်ပွဲဒေသ ကလေးတွေ ထိခိုက်မှုကို တိုင်ကြားနိုင်တဲ့ဌာနဖွင့်ဖို့ အစိုးရစီစဉ် တိုက်ပွဲဒေသ ကလေးတွေ ထိခိုက်မှုကို တိုင်ကြားနိုင်တဲ့ဌာနဖွင့်ဖို့ အစိုးရစီစဉ် Reviewed by THITHTOOLWIN on 16:06 Rating: 5
Powered by Blogger.