အမေရိကန်မှာ ကိုဗစ်-၁၉ ကူးသူတွေ ဘာလို့များလာတာလဲ

အမေရိကန်ရဲ့ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်သူ တွေ့ရှိမှုက ၇၅,၀၀၀ နီးပါး အထိတောင် ရှိလာ
အမေရိကန်ရဲ့ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်သူ တွေ့ရှိမှုက ၇၅,၀၀၀ နီးပါး အထိတောင် ရှိလာခဲ့
အစိုးရအဆင့်ဆင့် မူဝါဒ တစ်သမတ်တည်း မရှိလို့လား၊ ပိတ်ထားတာတွေ စောစော ပြန်ဖွင့်လိုက်လို့လား၊ ရောဂါကူးစက်မှု နောက်ကြောင်းမလိုက်နိုင်လို့လား၊ နောက်တခေါက် ထပ်ပိတ်ဖို့ လိုနေလား

ပြီးခဲ့တဲ့ အမေရိကန် လွတ်လပ်ရေးနေ့ ဇူလိုင် ၄ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က

"ကူးသူတွေ တွေ့ပြန်ပြီဟ…၊ တွေ့ပြန်ပြီဟ…သာလုပ်နေကြတာ ကျွန်တော်တို့ အောင်အောင်မြင်မြင်နဲ့ အများကြီး မစစ်ဘူးဆိုရင် ကူးခံရသူ အရေအတွက်က နည်းနေမှာ၊ ကျွန်တော်တို့ရဲ့ ကိုဗစ်-၁၉ စစ်ဆေးမှု အကြီးအကျယ်အောင်မြင်တာကပဲ သတင်းမှားလွှင့်နေတဲ့ မီဒီယာတွေအတွက် ကူးသူတွေ တွေ့ပြန်ပြီဆိုတဲ့ သတင်းမျိုးတွေ တက်လာအောင် လုပ်ပေးသလို ဖြစ်နေတယ်" ဆိုပြီး တွစ်တာမှာ ရေးသားခဲ့ပါတယ်။

သူ့ရဲ့ ဒီလိုရေးသားမှုက ဒါနဲ့တင် မရပ်သေးပဲ "ဒီလိုလုပ်နေကြတဲ့ အချိန်မှာပဲ ကျွန်တော်တို့ဆီမှာ သေတဲ့သူ အရေအတွက်နဲ့ သေနှုန်းကျလာတာကိုတော့ အဲဒီ သတင်းမှားပေးတဲ့ မီဒီယာတွေဆီက ကြားရမှာ မဟုတ်ဘူး၊ အသက်ရှူပေးစက်တွေရော လိုကြသေးလား" ဆိုပြီး အဆုံးသတ်လိုက်ပါတယ်။

မစ္စတာ ထရမ့် ဒီလို ပြောပြီး နှစ်ပတ်လောက်တောင် မကြာခင်မှာပဲ အမေရိကန်ရဲ့ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်သူ တွေ့ရှိမှုက ကမ္ဘာ့စံချိန် နှစ်ခါတောင် ချိုးခဲ့ပြီး ပြီးခဲ့တဲ့အပတ်က နေ့စဉ်တွေ့ရှိနှုန်း ၅၅,၀၀၀ နဲ့ ပထမအကြိမ် စံချိန်တင်ခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်း ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ အဲဒီစံချိန်ကို ထပ်ချိုးပြီး ၇၅,၀၀၀ နီးပါး အထိတောင် ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့လတွေမှာဆိုရင် အမေရိကန်မှာ အခုလို နေ့စဉ်တွေ့ရှိမှုက ပျမ်းမျှ၂၀,၀၀၀ လောက်သာ ရှိခဲ့တာ ဖြစ်ပြီး လက်ရှိအခြေအနေအတိုင်း ဆက်ပြီး တိုးပွားနေမယ်ဆိုရင် နေ့စဉ် ကူးစက်သူတွေ့ရှိမှု တစ်သိန်းအထိတောင် ဖြစ်လာနိုင်တယ်လို့ အမေရိကန်နိုင်ငံက ကူးစက်ရောဂါ ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ ဒေါက်တာ အန်သနီ ဖောက်ချီက ယူဆနေပြီး ဒီအခြေအနေက စိုးရိမ်ထိတ်လန့်စရာပဲလို့လည်း ဆိုပါတယ်။

ဘာ့ကြောင့် အမေရိကန်မှာ အခုလို များလာရသလဲ ဆိုတဲ့အပေါ် အမေရိကန် နိုင်ငံက ကျွမ်းကျင်သူ လေးဦးက အခုလို သူတို့ရဲ့ အမြင်တွေကို ပြောဆိုထားပါတယ်။
ဆေးရုံအသီးသီးက အထူးကြပ်မတ်ကုသဆောင်တွေရဲ့ ခုတင်နေရာတွေ မလောက်တော့ဘူးဆိုတဲ့ သတင်းတွေလည်း ရထားတဲ့အတွက် တကယ့်အရေးတကြီး အခြေအနေ ဖြစ်လာ
ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသလဲ (ဂျော့ရှ် ရှာ့ဖ်စတီးန်ရဲ့ အမြင်)

အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဂျွန်ဟော့ပ်ကင်း ဘလွန်းဘာ့ဂ်ကျောင်းမှာ လုပ်ကိုင်တဲ့ အများပြည်သူ ကျန်းမာရေးအတွက် လုပ်ဆောင်ဖွယ်ရာများဆိုင်ရာ ဒုဌာနမှူး ဂျော့ရှ် ရှာ့ဖ် စတီးန်ရဲ့ အဆိုအရ အမေရိကန်မှာ အခုလို ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်က ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း သိသိသာသာ တိုးလာခဲ့ပြီး တဖြည်းဖြည်း ကျနေရာကနေ ထောင်တက်သွားတဲ့ ပုံစံမျိုးလို့ ဆိုပါတယ်။

အခုလို တိုးလာတဲ့ ပြည်နယ်တွေကတော့ အမေရိကန်နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်းတွေက ပြည်နယ်တွေ ဖြစ်ပြီး အထူးသဖြင့် ဖလော်ရီဒါ၊ တက္ကဆက်၊ အရီဇိုးနား အပါအဝင် ကယ်လဖိုးနီးယားပြည်နယ်ရဲ့ တချို့နေ့ရာတွေမှာတောင်မှ တိုးလာတာ သိသာတယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ စိုးရိမ်စရာကောင်းတာက ဒီလို တိုးလာတဲ့ နေရာတွေဟာ အမေရိကန်မှာ စပြီးတွေ့ရှိလာရတဲ့ နေရာတွေနဲ့ လှမ်းတဲ့ နေရာတွေမှာပါ ဖြစ်လာတဲ့ အခြေအနေဖြစ်တယ်လို့လည်း ဂျော့ရှ် ရှာ့ဖ်စတီးန်က ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူတွေ စတင်တွေ့ရှိကာစက အဓိက စိန်ခေါ်မှုများခဲ့တဲ့ နေရာကတော့ နယူးယောက်မြို့ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နယူးယောက်မြို့က အခုလို ကူးစက်သူနှုန်းက တော်တော်ကြီးကို ကျသွားပြီ ဖြစ်ပါတယ်။

နယူးယောက်လိုပဲ စတင်တွေ့ရှိကာစ ကာလက နယ်ပယ်တွေမှာ ချက်ချင်း ရုတ်တရက်တိုးခဲ့တာမျိုး မရှိခဲ့ဘဲ တဖြည်းဖြည်းပဲ တိုးလာခဲ့ရာက အခုအချိန်မှာ ရောဂါကူးနှုန်းက အရှိန်တက်လာပြီ ဖြစ်ပါတယ်။

ဒီလို ကူးနှုန်းတက်လာတာကြောင့် ယခင် စံချိန်တင်ထားတဲ့ တရုတ်နဲ့ အီတလီတို့ရဲ့ ကူးစက်သူ တွေ့ရှိမှုကို အမေရိကန်ရဲ့နှုန်းက ကျော်သွားရုံ မျှ မက နောက်ပိုင်း ကူးစက်သူ တွေ့ရှိမှု များပြားလာတဲ့ လူဦးရေ ထူထပ်တဲ့ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတို့ထက်လည်း နှစ်ဆကနေ လေးဆအထိ များပြားနေတာကို တွေ့ရပါတယ်။

ဇူလိုင် ၁၈ ရက်နေ့ အထိ အချက်အလက်အရ ဆိုရင် အမေရိကန်မှာ ကူးစက်သူ တွေ့ရှိရမှု စုစုပေါင်း အရေအတွက်က ၄ သန်းနား နီးလာပြီ ဖြစ်ပြီး ဘရာဇီးက ၂ သန်းကျော် အိန္ဒိယက တစ်သန်းကျော်နဲ့ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အများဆုံးရှိတဲ့ သုံးနိုင်ငံ အဖြစ် ရပ်တည်နေကြပါတယ်။

အခုလို အမေရိကန်မှာ ကူးစက်နှုန်းများပြားလာတဲ့ အခြေအနေကို ပြည်နယ်အသီးသီးက ကိုယ်တိုင် ထုတ်ပြန်လာတာ ဖြစ်ပေမဲ့ အမေရိကန် သမ္မတ ထရမ့်ကတော့ ဒီရောဂါ ပိုး ရှိမရှိ စမ်းသပ်မှုတွေ ပိုလုပ်လာတာက ဒီလို များလာရတဲ့ အကြောင်းအရင်းအဖြစ် ပြောဆိုနေပါတယ်။

လောလောဆယ်မှာ အမေရိကန်နိုင်ငံအတွင်း နေ့စဉ် အခုလို စမ်းသပ်မှု ၆၀၀,၀၀၀ ပြုလုပ်နေပြီး ဒီပမာဏလောက်အထိ ဘယ်အနောက်နိုင်ငံကမှ မလုပ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဧပြီလက ဆိုရင်တော့ အမေရိကန်နိုင်ငံမှာ နေ့စဉ် အလားတူ စမ်းသပ်မှုက ၁၀၀,၀၀၀ ပတ်ဝန်းကျင်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

စမ်းသပ်မှု ပိုလုပ်လာလို့ ကူးစက်သူတွေ့ရှိမှု များလာတယ် ဆိုတာမှန်ပေမဲ့ အသေအချာ လေ့လာကြည့်မယ်ဆိုရင် စမ်းသပ်မှု များများလုပ်လာတာချင်း တူတူ တစ်ပတ်နဲ့ တစ်ပတ် ကူးစက်ကြောင်း တွေ့ရှိသူ ရာခိုင်နှုန်းကလည်း များလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီလို များလာတာဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်က ဆက်ပြီး ကူးစက်ပြန့်ပွားနေဆဲ ဖြစ်တယ်ဆိုတာကို ပြနေပြီး ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်တဲ့ နေရာမှာ စစ်ဆေးမှုတွေ အများကြီး ဆက်လုပ်တယ်ဆိုရင် ကူးစက်မှု ရာခိုင်နှုန်းကျလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ကိုဗစ်-၁၉ အတွက် အထူးကြပ်မတ် ကုသဆောင်တွေမှာ ကုသနေရတဲ့ လူအရေအတွက် များလာတာဖြစ်ပြီး များများစစ်လို့ များများတွေ့တယ်လို့ ပြောလို့ မရတော့ပါဘူး။

ဆေးရုံအသီးသီးက အထူးကြပ်မတ်ကုသဆောင်တွေရဲ့ ခုတင်နေရာတွေ မလောက်တော့ဘူးဆိုတဲ့ သတင်းတွေလည်း ရထားတဲ့အတွက် တကယ့်အရေးတကြီး အခြေအနေ ဖြစ်လာနေပါတယ်။
လူငယ်တွေအကြား ကိုဗစ် ပါတီတွေလုပ်ပြီး တမင် ကူးအောင်ဖြန့်တာ၊ ဘယ်သူက အရင် ကူးစက်နေတာ တွေ့ရမလဲဆိုတာကို ပြိုင်ကြတာမျိုး လုပ်လာ
နောက်ထပ် စိုးရိမ်စရာ အခြေအနေကတော့ လူငယ်တွေမှာပါ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း များလာတာပဲ ဖြစ်ပြီး စီးပွားရေး လုပ်ငန်းတွေကို မြန်မြန် ပြန်ဖွင့်လိုက်တဲ့အတွက် လူငယ်တွေ သွားတတ်တဲ့ အဖျော်ယမကာဆိုင်လို နေရာတွေ ပြန်ဖွင့်လာတာကလည်း တစ်ကြောင်းလို့ ပြောလို့ ရပါတယ်။

နောက်တစ်ခုကတော့ အာဖရိကန် အမေရိကန်နဲ့ အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်း အနွယ်ဝင် လက်တီနို အမေရိကန်တွေကြားမှာ ကူးစက်မှုနဲ့ ရောဂါပြင်းထန်မှုနှုန်းက အခြားလူဖြူတွေနဲ့ယှဉ်ရင် သိသိသာသာ များနေတာကို တွေ့ရပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံမှာ လူမှုရေး မမျှတမှုတွေရှိနေတာကို ပြနေပြီး ဝင်ငွေနည်းသူတွေ လုပ်ရတဲ့ အလုပ်တွေက အိမ်ကနေ လုပ်လို့မရဘဲ အပြင်ထွက် အလုပ်လုပ်ရတဲ့ အခါကြတော့ ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် နေလို့ မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

ဒီလို လူမှုရေးနဲ့ စီးပွားရေး မညီမျှမှုတွေ ကြောင့် ရောဂါကူးစက်နိုင်ခြေ များရတာက အမေရိကန် တစ်နိုင်ငံတည်းမှာ ဖြစ်တာ မဟုတ်ဘူး ဆိုပေမဲ့ လည်း တစ်ဖက်မှာ ပင်မ အစိုးရအဖွဲ့၊ ပြည်နယ်အစိုးရနဲ့ ဒေသတွင်း အုပ်ချုပ်သူတွေအကြား ကိုယ်ပိုင် ကိုင်တွယ်ခွင့် အာဏာတွေရှိနေပဲ ဖြေရှင်းနည်း အမြင်မတူကြတဲ့အတွက် ဆုံးဖြတ်ချက်ချရာမှာ တစ်သားတည်း မဖြစ်တဲ့ ပြဿနာလည်း ရှိနေပါတယ်။

လူတစ်ဦးချင်းက တာဝန်သိမှု၊ တာဝန်ယူမှုကို အခြေခံပြီး ပင်မ အစိုးရဘက်က လုပ်သင့်တာတွေကို ကြေညာ၊ ပြီးတော့ ပြည်နယ်၊ မြို့နဲ့ ဒေသအသီးသီးကို အဲဒီ အထဲက အထိရောက်ဆုံး နည်းလမ်းတွေ ရွေးချယ် အသုံးပြုခွင့်ပေးရမယ့်အစား ပြည်နယ်တွေကိုပဲ အစိုးရက ပြန်လွှဲထားတဲ့ ပြဿနာလည်း ရှိနေပါတယ်။

ပြည်နယ်တွေကလည်း မြို့နယ်စု အသီးသီးကို တစ်ခါပြန်လွှဲပြန်တဲ့ အခါကြတော့ အမေရိကန်ပြည်ထောင်စု တစ်ခုလုံးအနေနဲ့ ဦးဆောင်မှု မရှိဘဲ ပြည်နယ် အသီးသီးက အမျိုးမျိုး လုပ်နေကြတော့တာပါပဲဆိုပြီး အဲဒီ အုပ်ချုပ်မှု အဆင့် သုံးဆင့်လုံးနဲ့ ဆက်ဆံ လုပ်ကိုင်ရတဲ့ မစ္စတာ ရှာ့ဖ် စတီးန်က ပြောပါတယ်။
စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ပုံ ဖွင့်နည်း မှားယွင်းတာကြောင့် အမေရိကန်မှာ အခုလို ကိုဗစ်-၁၉ ကူးစက်သူ များပြားလာတာ ဖြစ်တယ်လို့ ဆို
စီးပွားရေးလုပ်ငန်းတွေ ဖွင့်သင့်သလား၊ ပိတ်သင့်သလား ငြင်းရုံနဲ့ လုံလောက်ပြီလား (ဒေါက်တာ အေလင်းန် မာတီရဲ့ အမြင်)

လူတွေက စီးပွားရေး လုပ်ငန်းတွေ စောစော ပြန်ဖွင့်လိုက်လို့ အခုလို ကူးသူတွေများလာတာလို့ လွယ်လွယ်ပြောကြပေမဲ့ အဲဒီအတိုင်း အတိအကျလည်း မဟုတ်ပြန်ပါဘူးလို့ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့က ဟားဘတ် ဝေါ့သ်ဟိုင်းမ် ဆေးပညာ ကောလိပ်မှာ ကူးစက်ရောဂါ ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်တဲ့ ဒေါက်တာ အေလင်းန် မာတီက ပြောပါတယ်။

သူ့ရဲ့ အမြင်အရဆိုရင် စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ပုံ ဖွင့်နည်း မှားယွင်းတာကြောင့် အမေရိကန်မှာ အခုလို ကိုဗစ်-၁၉ ကူးစက်သူ များပြားလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အကြံပြုချက်အရဆိုရင် ရောဂါရှိမရှိ စမ်းသပ်သူ အရေအတွက်ရဲ့ ၅ ရာခိုင်နှုန်း အောက်သာ အမှန်တကယ် ကူးစက်သူ တွေ့မှသာလျှင် စီးပွားရေး လုပ်ငန်းတွေ ပိတ်ထားတာကို ပြန်လည် ဖြေလျော့သင့်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ မေလကုန် ဇွန်လဆန်းလောက်က အခုလို ကူးစက်မှုနှုန်း ၅ ရာခိုင်နှုန်း ရှိခဲ့ပေမဲ့ အခု လက်ရှိ ဇူလိုင်လထဲ ဝင်လာချိန်မှာတော့ ၁၇ ရာခိုင်နှုန်းကနေ ၂၁ ရာခိုင်နှုန်းအထိ ရှိလာတာကို တွေ့ရပါတယ်။

ဒီနှုန်းအရ ဖလော်ရီဒါပြည်နယ်မှာ ဒီလို ကူးစက်နေသူ နေ့စဉ် ငါးထောင်လောက် ရှိပြီး တောင်ကယ်ရိုလိုင်းနား၊ အိုင်ဒါဟိုး၊ မစ္စစ်စပီနဲ့ နီဗားဒါး အပါအဝင် ပြည်နယ် ၃၂ ခုအထိ ကူးစက်နှုန်းတက်လာတာကို တွေ့ခဲ့ရပါတယ်။

ယခင် အမေရိကန်နိုင်ငံအတွက် ကိုဗစ်-၁၉ ကူးစက်မှု အဓိက ဗဟိုချက် ဖြစ်ခဲ့တဲ့ နယူးယောက်မှာတော့ ကူးစက်သူနှုန်း ၁ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။

ဒေါက်တာ မာတီဟာ မိုင်ယာမီက စီးပွားရေးလုပ်ငန်းတွေ ဘယ်လို ပုံစံနဲ့ ပြန်ဖွင့်ရမယ်ဆိုတာ အကြံပေးနေသူ ဖြစ်ပြီး သူ့ရဲ့ အဆိုအရ ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေ အနည်းဆုံး ခွာခွာနေပြီး အဆောက်အအုံနဲ့ ယာဉ်တွေလို အလုံပိတ်နေရာတွေမှာ နှာခေါင်းစည်း တပ်တာ၊ အပြင်ဘက်ကမှာ ခြောက်ပေ မခွာနိုင်ရင် နှာခေါင်းစည်းတပ်တာတွေကို လူတွေက လုပ်ကြပြီး အခြား လက်ဆေးတာ အစရှိတဲ့ အခြေခံ စည်းကမ်းတွေကိုလည်း လိုက်နာကြမယ် ဆိုရင် အဆင်ပြေနိုင်ပါတယ်။

ဒါပေမယ့် ဒီလို လိုက်နာရတာကို နိုင်ငံရေး အခြေခံနဲ့ ကန့်ကွက်လာတဲ့ ပြဿနာတွေ ရှိလာပြီး အထူးသဖြင့် ရှေးရိုးစွဲ မီဒီယာဖြစ်တဲ့ ဖောက်စ် သတင်းဌာနမှာ ဒါမျိုးတွေကို ပြောဆိုလာကြပါတယ်။

နှာခေါင်းစည်း တပ်ခိုင်းတာဟာ တစ်စုံတစ်ခုသော နိုင်ငံရေးပါတီကို တိုက်ခိုက်တာဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ ပြောဆိုမှုတွေ ရှိလာပြီး ဒါတွေက လူ့အဖွဲ့အစည်းအတွက် အလွန်ထိခိုက်စေတယ်လို့ ဒေါက်တာ မာတီက ပြောပါတယ်။

ဒီလို ပြောဆိုမှုတွေကြောင့်ပဲ လူတွေ အကြား ဘယ်အချိန် စီးပွားရေး လုပ်ငန်းတွေ ပြန်ဖွင့်ရမလဲ ဆိုတဲ့အပေါ် နားလည်မှု ရှုပ်ထွေးတာတွေ ဖြစ်လာပြီး အစိုးရတိုက်တွန်းချက်တွေလည်း မလိုက်နာတဲ့ အခါမှာ ရောဂါကူးနှုန်း ပိုများတာတွေ ဖြစ်လာရတာလို့ သူက ဆက်ပြောပါတယ်။

လူငယ်တွေအကြား အခုလို ရောဂါကူးနှုန်း ပိုများလာတယ်ဆိုတဲ့ နေရာမှာ တချို့က မယုံနိုင်စရာ ကောင်းလောက်အောင် အစွန်းရောက်ပြီး ကိုဗစ် ပါတီတွေလုပ်ပြီး တမင် ကူးအောင်ဖြန့်တာ၊ ဘယ်သူက အရင် ကူးစက်နေတာ တွေ့ရမလဲဆိုတာကို ပြိုင်ကြတာမျိုးတွေကို ကောလိပ်ကျောင်းသား၊ ကျောင်းသူ တချို့အကြား လုပ်လာ ကြပါတယ်။

သူတို့ အယူအဆကတော့ လူငယ်ဖြစ်တဲ့အတွက် ဘာမှ ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပေမဲ့ တကယ်တမ်းမှာတော့ ရောဂါ လက္ခဏာ မပြဘဲ ကူးစက်နေသူတွေရဲ့ ရင်ဘတ်ကို ဓါတ်မှန်ရိုက်ကြည့်ရာမှာတော့ ၆၇ ရာခိုင်နှုန်းက ထိခိုက်ထားတာမျိုးတွေ တွေ့လာရပါတယ်။

ဒါ့အပြင် ဒီလို ရောဂါလက္ခဏမပြတဲ့ လူတွေဆီက ကူးစက်နှုန်းကလည်း ၃၀ ရာခိုင်နှုန်းအထိ ရှိနေတယ် ဆိုတော့ ဒီလူငယ်တွေရဲ့ အယူအဆက တော်တော်ကို လွဲချော်နေပြီး အန္တရာယ်လည်း အလွန်ကြီးပါတယ်။

ကူးစက်နှုန်းသာ အခုလို ဆက်တက်နေမယ်ဆိုရင် ကျန်းမာရေး စနစ်တခုလုံး ကုသရေး မနိုင်နင်းတော့ပဲ သေနှုန်းလည်း များလာပြီး အီတလီတို့ စပိန်တို့မှာလို အသက်ရှင်နိုင်စွမ်း ပိုရှိတဲ့သူကိုပဲ ရွေးပြီး ကုသမှုပေးရတဲ့အထိ အခြေအနေတွေဆိုးရွားသွားနိုင်တယ်လို့ ဒေါက်တာ မာတီက ဆိုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ လွတ်လပ်ရေးနေ့ တွစ်တာမှာ ပြောဆိုချက်အရ ကိုဗစ်-၁၉ ကြောင့် သေဆုံးနှုန်းက ကျလာတယ် ဆိုပေမဲ့ ဒါက ဒီဗိုင်းရပ်စ်ကြောင့် သေနိုင်ခြေ နည်းလာလို့ မဟုတ်ဘဲ ဆေးရုံတွေက ခုတင်၊ အသက်ရှူစက်၊ ကာကွယ်ရေး ပစ္စည်းနဲ့ ဆေးဝါးတွေ ထားရှိမှု တိုးလုပ်လာတာကြောင့်သာ ဖြစ်ပါတယ်။

ရောဂါပိုး ကူးစက်နေသူတွေရဲ့ ၂၀ ရာခိုင်နှုန်းက ဆေးရုံတင်ဖို့လိုတဲ့ အထိ ပြင်းထန်ပြီး အဲဒီအထဲက ၁၀ ရာခိုင်နှုန်းကနေ ၁၄ ရာခိုင်နှုန်းလောက်အထိ အောက်စီဂျင်ပေးပြီး အထူးကြပ်မတ်ဆောင်မှာ ကုသပေးဖို့အထိ လိုအပ်လာတဲ့ အနေအထားကိုလည်း မမေ့သင့်ပါဘူးလို့ ဒေါက်တာ မာတီက ဆိုပါတယ်။

အခုလို ရောဂါပြင်းထန်သူတွေကို အထူးကြပ်မတ်ဆောင်မှာ နေရာပေး မကုသနိုင်ဘူးဆိုရင်၊ လက်ရှိ ဒီရောဂါနဲ့ပတ်သက်တဲ့ ဗီဇ၊ ကိုယ်ခံအား၊ ဆေးဝါးနဲ့ နည်းပညာ အချက်အလက်တွေ သိမထားဘူးဆိုရင် ဒီလူတွေကို မကယ်တင်နိုင်ပဲ အသက်ဆုံးရနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
ကူးစက်မှု စမ်းသပ်ပေးတဲ့ နေရာတွေမှာ တန်းစီရင်း လှည့်ပြန်သွားတဲ့ လူတွေလည်း ရှိနေတဲ့ အနေအထားမှာ ကူးစက်မှု အစကောက်ဖို့ အလွန်ခက်ခဲနေ
ရောဂါစမ်းသပ်ခြင်းနဲ့ ကူးစက်ပုံ လမ်းကြောင်းထောက်လှမ်းခြင်း ( ရောဂါကူးစက်မှုနဲ့ ကာကွယ်ရေး ကျွမ်းကျင်သူ ကေစီ အန့်စ်ရဲ့ အမြင်)

အမေရိကန်နိုင်ငံ အရီဇိုးနား တက္ကသိုလ်က ပါမောက္ခ တစ်ဦးဖြစ်တဲ့ ရောဂါ ကူးစက်မှုနဲ့ ကာကွယ်ရေး ကျွမ်းကျင်သူ ကေစီ အန့်စ်ရဲ့ အမြင်အရ ဆိုရင် နောက်လာမယ့် အပတ်ဖြစ်တဲ့ ဇူလိုင်လကုန်ပိုင်းတွေမှာ ဒီရောဂါ ကူးနှုန်းသာမက သေဆုံးမှု နှုန်းတွေလည်း တက်လာနိုင်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ အရီဇိုးနားပြည်နယ်မှာဆိုရင် နေ့စဉ် စမ်းသပ်မှု လုပ်တဲ့ အထဲက ဒီရောဂါ ကူးစက်ကြောင်း တွေ့ရှိရသူ ရာခိုင်နှုန်းက ၂၅ ရာခိုင်နှုန်းလောက် အထိ ရှိနေပြီး တစ်ရက်ကို ၃၅၀၀ နဲ့ ၄၀၀၀ အကြား ကူးစက်ခံနေရတယ်လို့ ဆိုပါတယ်။

ဆေးရုံတွေဘက်ကလည်း သူတို့ လက်ခံနိုင်မှုရဲ့ ၈၅ ရာခိုင်နှုန်း အထိ နေရာပြည့်နေပြီး ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရသူက တစ်လ အတွင်း ၉၀၀ ကနေ ၂၇၀၀ အထိ သုံးဆလောက် တက်သွားတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ရောဂါပြန့်ပွားနှုန်းကို ထိန်းချုပ်ဖို့ အခွင့်အရေးရခဲ့ပေမဲ့ စီးပွားရေး လုပ်ငန်းတွေ ပြန်ဖွင့်တဲ့ ပုံစံနည်းလမ်း မကျခဲ့ဘဲ လုပ်ငန်းပေါင်းစုံ တစ်ပြိုင်နက်ထဲ ပြန်ဖွင့်လိုက်တာတွေ၊ အဖျော်ယမကာ ဆိုင်တွေကို ဖွင့်ခွင့် မပေးပေမဲ့ အစားအသောက် အရောင်းပြလို့ ဖွင့်ခွင့်ရသွားတာတွေလည်း ရှိခဲ့ပါတယ်။

အစောပိုင်း စီးပွားရေး လုပ်ငန်းအများစုကို ခြောက်ပတ်လောက်အထိ ပိတ်ထားခဲ့ပေမဲ့ အဲဒီ ကာလအတွင်းမှာ လက်ရှိအခြေအနေကို ထိန်းနိုင်လောက်တဲ့ ကူးစက်ပုံ လမ်းကြောင်း ထောက်လှမ်းမှုကိုတော့ အသင့်ဖြစ်အောင် မလုပ်နိုင်ခဲ့ဘဲ ကူးစက်မှု ၆၀၀၀ ကနေ ၇၀၀၀ လောက်အထိကို အစကောက် စစ်ဆေးမှုမျိုး မလုပ်နိုင်သေးဘူးလို့ ကေစီက ဆိုပါတယ်။

အခုလို စစ်ဆေးဖို့ မဖြစ်နိုင်တော့တဲ့ အကြောင်းအရင်းကတော့ အချိန်ကြာညောင်းသွားတာနဲ့ တွေ့ရှိမှု အသစ်တွေ တိုးလာတာကြောင့် ဖြစ်ပြီး ကူးစက်မှု စမ်းသပ်ပေးတဲ့ နေရာတွေမှာ တန်းစီရင်း လှည့်ပြန်သွားတဲ့ လူတွေလည်း ရှိနေတဲ့ အနေအထားမှာ ကူးစက်မှု အစကောက်ဖို့ အလွန်ခက်ခဲနေတယ်လို့ ဆိုပါတယ်။

အခုလို ကူးစက်မှု အစကောက်တယ် ဆိုတဲ့နေရာမှာ ကူးစက်နှုန်းလျော့ဖို့အတွက် သီးခြားခွဲနေရမယ့်သူတွေ ခွဲထုတ်ဖို့က ချက်ချင်းလုပ်ဖို့လိုပါတယ်။

ဒါ့ကြောင့် အခုအချိန်မှာတော့ လတ်တလော ကူးစက်ခံနေရကြောင်း တွေ့ရှိသူတွေကိုပဲ အဓိက အာရုံစိုက်ပြီး သူတို့နဲ့ နီးစပ်ခဲ့တဲ့သူတွေကို သီးခြားခွဲနေခိုင်းဖို့ လုပ်နေတယ်လို့ ကေစီက ဆိုပါတယ်။
သီးခြား ခွဲနေခိုင်းခံရသူတွေရဲ့လစာကို မှီခိုနေရတဲ့ မိသားစုတွေအတွက်ပါ ထည့်စဉ်းစားပေးတဲ့ ဝန်ဆောင်မှုလည်း လိုနေ
လက်ရှိ ရောဂါပြန့်ပွားနှုန်း တက်လာခြင်းအတွက် နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ သီးခြားခွဲနေဖို့ လိုအပ်လာတွေသူတွေ အနေနဲ့ သူတို့ အလုပ်တွေက နာမကျန်းဖြစ်ချိန်မှာ အတိုင်းအတာ တစ်ခုအထိ လုပ်ခပေးနေတဲ့ အလုပ်မျိုး မဟုတ်တာကြောင့် အပြင်ထွက် အလုပ်လုပ်ရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

တစ်နာရီချင်းသာ လုပ်ခရတဲ့ မရှိမနေ အလုပ်လုပ်ရသူတွေက ရောဂါပိုးရှိသူ တစ်ဦးဦးနဲ့ အနီးကပ်ရှိနေခဲ့လို့ သီးခြားခွဲနေရမယ်ဆိုရင် ဒီလူရဲ့ လစာကို မှီခိုနေရတဲ့ မိသားစုအတွက်ပါ ထည့်စဉ်းစားပေးတဲ့ ဝန်ဆောင်မှုလည်း လိုနေတယ်လို့ ကေစီက ပြောပါတယ်။

အရီဇိုးနားပြည်နယ်ဟာ လူတွေ အိမ်ထဲမှာပဲ တတ်နိုင်သမျှ နေကြဖို့ တိုက်တွန်းချက်ကို ပြီးခဲ့တဲ့ မေလထဲမှာ ဖြေ လျော့ပေးခဲ့တဲ့ ပထမဆုံး ပြည်နယ်တွေထဲက တစ်ခုဖြစ်ပြီး အခုအချိန်မှာတော့ ကူးစက်မှုနှုန်း အများဆုံး ပြည်နယ်တွေထဲက တစ်ခုလည်း ဖြစ်လာပြီ ဖြစ်ပါတယ်။

စီးပွားရေး လုပ်ငန်းတွေ ပြန်ဖွင့်ပြီဆိုတာ ဒီဗိုင်းရပ်စ်ကူးစက်မှုအရေး စိတ်အေးရပြီ ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘဲ ပြန်ဖွင့်ထားတဲ့ ရုပ်ရှင်ရုံတွေနဲ့ အားကစားခန်းမတွေကို မကြာခင် ပြန်ပိတ်ရနိုင်တယ်လို့ ကေစီက ဆိုပါတယ်။
ရောဂါပြန့်ပွားမှုနှုန်း စံချိန်မတင်ခင် အမေရိကန်လွတ်လပ်ရေးနေ့က ဖလော်ရီဒါပြည်နယ် ကမ်းခြေတနေရာမှာ စည်ကားနေပုံ

အိမ်တွေမှာပဲ နေကြဖို့ နောက်တစ်ကြိမ် တိုက်တွန်းချက် ထုတ်သင့်သလား (ဒေါက်တာ ပီတာ ဟော့တက်ဇ်ရဲ့ အမြင်)

သက်တန့်ပေါ်ရာ လမ်းကြောင်းအတိုင်း လိုက်သွားရင် ရွှေအိုးတွေ့လိမ့်မယ် ဆိုတဲ့ အယူအဆလိုပဲ တစ်နေ့မှာတော့ အားလုံး အဆင်ပြေသွားနိုင်တဲ့ ကာကွယ်ဆေးတွေ့လိမ့်မယ် ဆိုတဲ့ အယူအဆကို လက်လွှတ်သင့်ပြီလို့ ဒေါက်တာ ပီတာ ဟော့တက်ဇ်က ဆိုပါတယ်။

ဒေါက်တာ ပီတာ ဟော့တက်ဇ်ဟာ ဘေလာ ဆေးကောလိပ်က အပူပိုင်းဒေသမှာ ဖြစ်တတ်တဲ့ ရောဂါတွေအတွက် ဆေးဝါးဆိုင်ရာ ဌာနရဲ့ ဌာနမှူး တစ်ဦးဖြစ်ပြီး တက္ကဆက် ပြည်နယ် ကလေးဆေးရုံရဲ့ ကာကွယ်ဆေး ဖော်ထုတ်ရေး ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုဟာ ဖလော်ရီဒါနဲ့ အရီဇိုးနားပြည်နယ်ဘက်မှာ အခြေအနေ ဆိုးနေရာကနေ တက္ကဆက်မှာလည်း အလားတူ ဖြစ်လာပြီး ဟျူစတန်မြို့ရဲ့ ကူးစက်မှုနှုန်းဆိုရင် ပြီးခဲ့တဲ့ ဇွန်လက ၁၅ ရာခိုင်နှုန်းရှိရာကနေ လက်ရှိ ၂၅ ရာခိုင်နှုန်းတောင် ရှိလာပြီလို့ ဒေါက်တာ ဟော့တက်ဇ်က ဆိုပါတယ်။

အခုဆိုရင် နေ့စဉ်တွေ့ရှိမှုက ၈၀၀၀ လောက် ရှိလာပြီး မြို့ကြီးတွေ၊ အထူးသဖြင့် တက္ကဆက် တြိဂံ လို့ခေါ်ကြတဲ့ ဟျူစတန်၊ ဆန်အန်တိုနီယို၊ ဒါးလပ်စ်နဲ့ အော်စတင်မြို့တွေမှာ အထူးသဖြင့် များပြားတဲ့အပြင် ဆေးရုံတက်ပြီး အထူးကြပ်မတ် ကုသဆောင်မှာ ကုရတဲ့သူ အရေအတွက်ကလည်း များလာပါတယ်။

ဒီလ ဇူလိုင်လ အစောပိုင်းမှာ တက္ကဆက်ပြည်နယ်သား အများစုအနေနဲ့ နှာခေါင်းစည်း မဝတ်မနေရ လုပ်ဖို့ စည်းကမ်း ထုတ်ပြန်ခဲ့ပြီး နေ့စဉ်ကူးစက်မှု စံချိန်တင် တက်လာလို့ စီးပွားရေး လုပ်ငန်းတွေ ပြန်ပိတ်ရ အပြီးမှာ ဒီလို စည်းကမ်းထုတ်ခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ကူးစက်နှုန်း တိုးတက်လာတဲ့ အပေါ် သွေးကျဲစေတဲ့ဆေး၊ ဒက်ဇာ မက်သဇုန်းနဲ့ စတယ်ရွိုက်လို အရောင်ကျဆေး၊ အသည်းရောဂါနဲ့ အီဘိုလာ ရောဂါတို့အတွက် သုံးခဲ့တဲ့ ရမ်ဒက်စဗီးယား ဆေး သုံးတာတွေ၊ သွေးရေကြည် ထိုးပေးတာတွေ စတဲ့ ကုသနည်း အသစ် အမျိုးမျိုးနဲ့ ဖြေရှင်းမှုကြောင့် သေဆုံးနှုန်းကတော့ လျော့လာပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေမှာ သေနှုန်းတစ်ခုတည်းက အရေးပါတာ မဟုတ်ဘဲ အသက်မသေတဲ့သူတွေမှာ ကာလတာရှည် ခံစားရမယ့် အကျိုးဆက်ကလည်း အရေးပါတယ်လို့ ဆိုပါတယ်။

ဒီရောဂါပိုး ကူးစက်ခဲ့တာကြောင့် အဆုတ်၊ နှလုံး၊ သွေးကြောနဲ့ ဦးနှောက်တို့မှာ ဒဏ်ဖြစ်သွားတာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားတာတွေ ရှိလာပြီး ရေရှည်မှာပါ ဒီလို ခံစားရသူတွေကို ကုသဖို့ မနိုင်မနင်း ဖြစ်လာမှာ စိုးရိမ်ရပါတယ်လို့ ဒေါက်တာ ဟော့တက်ဇ်က ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေမှာ သေနှုန်းတစ်ခုတည်းက အရေးပါတာ မဟုတ်ဘဲ အသက်မသေတဲ့သူတွေမှာ ကာလတာရှည် ခံစားရမယ့် အကျိုးဆက်ကလည်း အရေးပါ
ပြီးခဲ့တဲ့လ ဇွန်လတုန်းကဆိုရင် အမေရိကန် ဒုသမ္မတ မိုက်ခ် ပန့်စ်က အမေရိကန် လူငယ်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်းပြင်းထန်ထန် ဝေဒနာ ခံစားရနိုင်ခြေ နည်းတဲ့အတွက် နောက်ပိုင်း ဒီရောဂါပိုးရှိကြောင်း အသစ်တွေ့ရှိရသူတွေမှာ တစ်ဝက်လောက်က ၃၅ နှစ်အောက် ဖြစ်နေတာ ကောင်းတယ်လို့တောင် ပြောလိုက်တာက လက်တွေ့နဲ့ မအပ်စပ်ဘူး ဖြစ်နေပါတယ်။

ဒေါက်တာ မာတီ ပြောသွားတဲ့ ကိုဗစ် ပါတီ လုပ်တဲ့ လူငယ်တွေကလည်း သူတို့မှာ ဖြစ်လာရင်တောင် မြန်မြန် သက်သာသွားမယ်လို့လည်း ယူဆနေကြပါတယ်။

ဒီလို စဉ်းစားပုံ မှားနေတာကို လက်တွေ့ အကြောင်းအချက် နှစ်ခုက သက်သေပြနေပြီး ပထမတစ်ခုက လူငယ်တွေအကြား၊ အထူးသဖြင့် ဆီးချိုနဲ့ နှလုံးရောဂါ ရှိသူတွေ၊ အဝလွန်နေသူ လူငယ်တွေအကြား ရောဂါ အပြင်းအထန် ခံစားရပြီး သေဆုံးမှုတွေလည်း ရှိနေပါတယ်။

နောက်တစ်ခုကတော့ အသက်ငယ်တဲ့သူတွေမှာ ကူးနေပြီဆိုရင် မကြာခင်မှာ သူတို့ရှိနေတဲ့ ပတ်ဝန်းကျင်က လူတွေလည်း ကူးသွားနိုင်တဲ့ အလားအလာ ရှိတဲ့ အချက် ဖြစ်ပါတယ်လို့ ဒေါက်တာ ဟော့တက်ဇ်က ဆိုပါတယ်။

ဒီလို အခြေအနေတွေမှာ နောက်တစ်ကြိမ် တင်းတင်းကြပ်ကြပ် စီးပွားရေးလုပ်ငန်းတွေ ပိတ်ပြီး အပြင်မထွက်ကြဖို့ ထပ်ပြီး စည်းကမ်းထုတ်ရဦးမှာပဲ လို့လည်း သူက ဆိုပါတယ်။

ဒီလို ပိတ်တာကို ခြောက်ပတ်လောက် လုပ်နိုင်ပြီး ပြန်ဖွင့်ချိန်မှာတော့ ယခင် မလုပ်နိုင်ခဲ့တဲ့ ရောဂါထိန်းချုပ်ရေးအပိုင်းကို လုပ်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီလို စီးပွားရေး လုပ်ငန်းတွေ ပြန်ပိတ်ဖို့ လုပ်ရတာ ခက်ခဲတွေ ဆိုပေမဲ့လည်း လူ့အသက်တွေ ကယ်ဖို့ဆိုရင် ဒီလို လုပ်မှပဲ ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ မျှော်လင့်ချက် အများကြီး မထားလိုက်ဖို့ လိုပြီး အကြောင်းကတော့ လက်ရှိ အနေအထားနဲ့ ကာကွယ်ဆေးပေါ်လာရင်တောင် တစ်စိတ်တစ်ပိုင်းလောက်ပဲ ကာကွယ်ပေးနိုင်တဲ့ အနေအထားရှိပြီး ဒီပိုး လုံးဝ ကင်းစင်သွားစေမယ့် ကာကွယ်ဆေးမျိုးကို မျှော်လင့်မထားသင့်ပါဘူးလို့ ဒေါက်တာ ဟော့တက်ဇ်က ဆိုပါတယ်။
အစိုးရအုပ်ချုပ်မှု အဆင့်ဆင့်မှာ တစ်သမတ်တည်း မကျတဲ့ ဦးဆောင်မှုနဲ့ ညွှန်ကြားမှုတွေက အဓိက အကြောင်းအရင်းခံ တစ်ခု ဖြစ်နေ
ဒါဆိုရင် အမေရိကန်မှာ ကိုဗစ်-၁၉ ကူးသူတွေ ဘာလို့များလာတာလဲဆိုတာ ပြောနိုင်ပါပြီလား

ဒီလောက်ဆိုရင် ရောဂါစစ်ဆေးမှု များလာတာကြောင့် ကူးစက်သူ တွေ့ရှိမှု များတယ် ဆိုတာ မဟုတ်မှန်ဘဲ စစ်တဲ့အထဲက ကူးစက်သူ တွေ့ရှိရမှု နှုန်းကသာလျှင် အရေးပါကြောင်း ရှင်းလင်းပြီ ဖြစ်ပါတယ်။

ဒီလို ကူးစက်ခံရတဲ့နှုန်းများနေသေးတယ်ဆိုရင် ဒီရောဂါကို ထိန်းထားနိုင်တယ်လို့လည်း ပြောလို့မရတော့ပါဘူး။

အာဏာပိုင်တွေဘက်က ဖြေရှင်းတဲ့ အပိုင်းကိုကြည့်မယ်ဆိုရင်လည်း ပြည်နယ်တစ်ခုတည်းက ဒေသအသီးသီးမှာတောင်မှ စည်းကမ်းသတ်မှတ်ချက်တွေ မတူတဲ့အထိ ဖြစ်နေပြီး အစိုးရအုပ်ချုပ်မှု အဆင့်ဆင့်မှာ တစ်သမတ်တည်း မဟုတ်တဲ့ ဦးဆောင်မှုနဲ့ ညွှန်ကြားမှုတွေက အဓိက အကြောင်းအရင်းခံ တစ်ခု ဖြစ်နေပါတယ်။

ဒီလို အကြောင်းအရင်းခံတွေ ရှိနေရာမှာ နှာခေါင်းစည်းတပ်ဖို့နဲ့ လူလူချင်း ခပ်ခွာခွာနေဖို့ စည်းကမ်းတွေ လျော့ရဲခဲ့တာ၊ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးမှုကို စောစော မလုပ်နိုင်ခဲ့တာတွေနဲ့အတူ ရောဂါပြန့်ပွားမှု အခြေအနေကို နားလည်မှု လွဲမှားခြင်းနဲ့ ပေါ့လျော့ခြင်းတွေ ဖြစ်စေခဲ့ပြီး လူငယ်တွေအကြားမှာလည်း ကူးစက်မှုနှုန်းက တိုးလာခဲ့ပါတယ်။

ဒီလို လက်ရှိအခြေအနေတွေက အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ အဆိုးစံချိန်တွေကို ရှေ့လျှောက် ဆက်ချိုးနေဖို့ အကောင်းဆုံး တွန်းအားတွေ ဖြစ်နေပြီး အကြီးအကျယ် ပြန့်ပွားမှု မဖြစ်သေးတဲ့ ဒေသက လူတွေ အနေနဲ့လည်း သူတို့ဆီမှာတော့ ဒီလို မဖြစ်ပါဘူးဆိုကာ ခပ်ပေါ့ပေါ့ မနေသင့်ဘူးလို့ ဂျော့ရှ် ရှာ့ဖ်စတီးန်က သတိပေးစကား ပြောဆိုသွားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-53466531
အမေရိကန်မှာ ကိုဗစ်-၁၉ ကူးသူတွေ ဘာလို့များလာတာလဲ အမေရိကန်မှာ ကိုဗစ်-၁၉ ကူးသူတွေ ဘာလို့များလာတာလဲ Reviewed by THITHTOOLWIN on 08:41 Rating: 5
Powered by Blogger.