မန္တလေး ရွှေဂဲ ရေထိန်းတံခါးအနီး ကျိုးပေါက်လို့ ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့

အမရပူရမြို့ ရွှေဂဲ ရေထိန်းတံခါး ကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေ စီးဆင်းဝင်လာနေတဲ့အပေါ် စက်ယန္တရားအသုံးပြု ထိန်းသိမ်းဆောင်ရွက်နေတဲ့ မြင်ကွင်း။ (ဇူလိုင် ၁၉၊ ၂၀၂၀။ ဓာတ်ပုံ - MOI)
မြန်မာနိုင်ငံ အထက်ပိုင်းမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ကချင်ပြည်နယ် အပါအဝင် စစ်ကိုင်းနဲ့ မန္တလေးတိုင်းတလျှောက် ဒေသခံပြည်သူတွေ မြစ်ရေကြီးမှု အန္တရာယ် ရင်ဆိုင်နေရပါတယ်။

တနင်္ဂနွေနေ့ညက မန္တလေးတိုင်း အမရပူရမြို့နယ် မန္တလေး-စစ်ကိုင်း ကမ်းနားလမ်းမှာရှိတဲ့ ရွှေဂဲ ရေထိန်းတံခါး ကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေတွေ စီးဆင်းဝင်လာနေတဲ့ အရေးပေါ်အခြေအနေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စက်ယန္တရားတွေ အသုံးပြုပြီး အခြေအနေ ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြပါတယ်။

မြန်မာအစိုးရ ထုတ်ပြန်တဲ့ သတင်းမှာတော့ ည ၉ နာရီလောက်မှာ ရွှေဂဲ ရေထိန်းတံခါးကနေ ဧရာဝတီမြစ်ရေတွေ စီးဝင်လာကြောင်း ဖော်ပြထားပြီး အချိန်မီ ပိတ်ဆို့တားဆီးနိုင်ရေး သက်ဆိုင်ရာက ဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။

မန္တလေးကနေ စစ်ကိုင်းတံတားဘက်သွားတဲ့ လမ်းပေါ်ထိ မြစ်ရေလျှံမှုနဲ့အတူ မြစ်ရေတိုက်စားမှုကြောင့် လမ်းတွေပြိုကျ ပျက်စီးနေကြောင်း မန္တလေးအခြေစိုက် VOM သတင်းဌာနရဲ့ Facebook တိုက်ရိုက်ထုတ်လွှင့်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအခြေအနေမှာတော့ စိုးရိမ်နေရဆဲရှိပြီး ကျိုးပေါက်သွားတဲ့ ရေထိန်းတံခါးကနေ မြစ်ရေတွေ ဝင်လာနေတာကြောင့် ရွှေဂဲ ရေထိန်းတံခါး အနီးတဝိုက် ရွာတွေမှာ နေထိုင်သူတွေကို ဘေးလွတ်ရာ အမရပူရမြို့ ဓမ္မာရုံတွေဆီ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တာဝန်ရှိ အဖွဲ့အစည်းတွေက အရေးပေါ် ရွှေ့ပြောင်းပေးနေပါတယ်။

အလားတူ ဇူလိုင်လ ၁၂၊ ၁၃၊ ၁၄ ရက်တွေမှာ မြန်မာပြည်အထက်ပိုင်း မိုးကြီးမှုကြောင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဆင်ဘိုနဲ့ ရွှေကူမြို့တွေမှာ အိမ်ထောင်စုပေါင်း ၁၅၅ စု၊ လူဦးရေ ၇၀၀ နီးပါး ဘေးလွတ်ရာ ယာယီရေဘေးစခန်းတွေကို ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ အထက်ပိုင်းက ဧရာဝတီမြစ်ရေဟာ ရွှေကူနဲ့ ကသာမြို့တွေကို စီးဆင်းလာပြီ ဖြစ်တဲ့အတွက် လာမယ့် ရက်အနည်းငယ်အတွင်း သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ စတဲ့မြို့တွေမှာ မြစ်ရေကြီးမှု အန္တရာယ် ရှိနိုင်ကြောင်း အဲဒီထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/mandalay-flood/5509362.html
မန္တလေး ရွှေဂဲ ရေထိန်းတံခါးအနီး ကျိုးပေါက်လို့ ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ မန္တလေး ရွှေဂဲ ရေထိန်းတံခါးအနီး ကျိုးပေါက်လို့ ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ Reviewed by THITHTOOLWIN on 08:16 Rating: 5
Powered by Blogger.