နဂိုကအားနည်းတဲ့ မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှု ကိုဗစ်ကြောင့် ပိုအခက်တွေ့

ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာ လုပ်အားပေး လုပ်ကိုင်နေသော စေတနာ့ ဆရာဝန်တချို့။ (မေ ၀၈၊ ၂၀၂၀)
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ကုလသမဂ္ဂက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအပေါ် ကျန်းမာရေးဝန်ထမ်းတွေရဲ့ သဘောထားတုံ့ပြန်ချက်တွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပေးပါမယ်။

“အရှေ့တောင်အာရှနိုင်ငံတွေမှာ COVID- 19 ကြောင့် သက်ရောက်မှု” လို့အမည်ပေးထားတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကပ်ရောဂါကာလ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ နိမ့်ကျတဲ့အပေါ်စိုးရိမ်ကြောင်း ဖော်ပြထားတာပါ။ COVID- 19 ကပ်ရောဂါ မတိုင်ခင်ကတည်းက ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေ ကြုံနေရတဲ့ နိုင်ငံတနိုင်ငံအဖြစ် စိုးရိမ်စရာတွေ ရှိနေတယ်လို့ ဆိုထားပါတယ်။

ကပ်ရောဂါကာလ စေတနာ့ဝန်ထမ်း အကူအညီပေးနေတဲ့ Community Fever Clinic Network က ဒေါက်တာသစ်လွင်ကတော့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်တွေကြောင့် အရေးပေါ် အခြေအနေနဲ့ ကြုံရတဲ့ အခါမျိုးမှာ အခက်အခဲတွေ ပိုကြံုရတယ်လို့ VOA ကိုပြောပါတယ်။

“ဒီကိုဗစ်ကာလအတွင်းမှာ ဆိုရင်လည်း ကျနော်တို့က အဓိကအဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ရတာပဲပေါ့။ Social Distancing တို့ဘာတို့ ဒီကိစ္စတွေမှာ နည်းနည်းလေး ခဲယဉ်းလာတာတွေ့မယ်။ အလုပ်ခွင်မှာလည်း ဒီအတိုင်းရှိမယ်။ ကျန်တဲ့ လူအများကြီး စုဝေးနေတဲ့နေရာပေါ့။ ဥပမာ- ကျူးကျော်တဲလိုနေရာမျိုးတွေ။ အဲလိုကိစ္စမျိုးတွေမှာဆို အဲပြဿနာတွေက များတာပဲပေါ့နော်။ ကျန်းမာရေးဝန်ထမ်းဘက်ကို ကြည့်လိုက်မယ်ဆိုရင်လည်း ကျန်းမာရေးဝန်ထမ်းအင်အားနည်းတာတော့ အမှန်ပဲ။ အဲတော့ Fever Clinic တွေ ကျနော်တို့ဖွင့်ဖြစ်ရတဲ့ အကြောင်းရင်းကလည်း အဓိကအဲဒါပဲပေါ့။”

မြန်မာနိုင်ငံမှာ လူဦးရေလူ ၁၀,၀၀၀ လောက်အတွက် ဆေးရုံမှာ လူနာကုတင် ၉ လုံးနှုန်းသာရှိပြီး ကမ္ဘာပေါ်မှာ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အနိမ့်ဆုံးစာရင်းဝင် နိုင်ငံတနိုင်ငံအဖြစ် ရှိနေဆဲ ဖြစ်ကြောင်းလည်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ မြန်မာနိုင်ငံဟာ သားဖွားသူနာပြု အနည်းဆုံးနိုင်ငံတနိုင်ငံအဖြစ် အဆင့် ၁၀ မှာရှိနေပြီး ဖိလစ်ပိုင်ကတော့ အဆင့် ၁၁ နဲ့ အောက်ဆုံးမှာရှိနေသလို၊ စင်္ကာပူနိုင်ငံကတော့ ထိပ်ဆုံးနေရာမှာ ရှိနေတယ်လို့လည်း ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆေးရုံပေါင်း ၁,၁၆၈ ရုံအပါအဝင်၊ ကျန်းမာရေးဌာနခွဲပေါင်း ၁၀,၉၉၀ ရှိနေပြီး၊ ဆေးပေးခန်းကတော့ ၂၅၄ ခု ရှိပါတယ်။

ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းကတော့ မြန်မာနိုင်ငံမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ ကျန်းမာရေး ပညာပေးရေး လုပ်ငန်းတွေမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို လက်ခံပေမဲ့ လတ်တလော ကြုံနေရတဲ့ ကပ်ရောဂါနဲ့ ပတ်သက်လို့ ရင်ဆိုင်ဖြေရှင်းမှုတွေမှာတော့ အားရစရာကောင်းတယ်လို့ ပြောပါတယ်။

“ကျန်းမာရေးပြဿနာတွေတော့ ရှိပါတယ်။ ကျနော်တို့ကျန်းမာရေး ဘတ်ဂျက်အရမလုံလောက်တာ၊ ဒီကျန်းမာရေးဝန်ထမ်း အင်အားနည်းတာ။ ကျနော်တို့ရဲ့ ကလေးအသေအပျောက်နှုန်းတို့ ဒါတွေက ပတ်ဝန်းကျင်နိုင်ငံတချို့နဲ့ စာရင်တော့ မကောင်းတာတွေရှိတယ်။ တချို့ထက်လည်း ကောင်းတာရှိတယ်ပေါ့နော်။ ဒီပြဿနာလေးတွေတော့ ရှိပါတယ်။ ဒီဟာတွေကို ကျနော်တို့ ရှင်းနေရတာပေါ့လေ။ သို့သော် ဒီကိုဗစ်ကို ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့တော့ ကျနော်တို့ဆီကို မကောင်းဘူးလို့ ပြောတာကို ကျနော်တို့ လက်မခံနိုင်ဘူး။”

ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာပဲ လက်နက်ကိုင်ပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ်လို ဒေသမျိုးတွေမှာ ရောဂါကူးစက်မှု ထိန်းချုပ်ရေးနဲ့ နောက်ဆက်တွဲ လူမှုစီးပွားအကြပ်အတည်းတွေ ကြုံရနိုင်သလို၊ ကပ်ရောဂါထိန်းချုပ်ဖို့ ကြိုးစားနေရတဲ့ အချိန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့အတူ ငြိမ်းချမ်းရေးနဲ့ လုံခြံုရေးဆိုင်ရာစိုးရိမ်စရာတွေ ရှိနေတယ်လို့လည်း သတိပေးထားပါတယ်။

စုစု  / ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar-un-statement/5523514.html
နဂိုကအားနည်းတဲ့ မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှု ကိုဗစ်ကြောင့် ပိုအခက်တွေ့ နဂိုကအားနည်းတဲ့ မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှု ကိုဗစ်ကြောင့် ပိုအခက်တွေ့ Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.