ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ရွေးကောက်ပွဲဝင်မယ်

၂၀၁၆ တုန်းက လွှတ်တော်အစည်းအဝေးတစ်ခုမှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်နေရာတွေကနေ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြောခွင့်ရသူ ဒေါက်တာဇော်မြင့်မောင်က ဇူလိုင် ၂၃ ရက်နေ့မှာ မီဒီယာတွေကို ပြောလိုက်ပါတယ်။

"ဒေါက်အောင်ဆန်းစုကြည်က ကော့မှူးမဲဆန္ဒနယ်ကနေ ဝင်ပြိုင်မယ်၊ ဦးဝင်းမြင့်က တာမွေမဲဆန္ဒနယ်ကနေ ဝင်ပြိုင်ပါ့မယ်" လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

NLD ပါတီ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ရွေးကောက်တင်မြှောက်ခံခဲ့ရသူ ဖြစ်ပါတယ်။

ပါတီ ဒုဥက္ကဋ္ဌ (၁) ဖြစ်သူ ဦးဝင်းမြင့်ကတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မဲဆန္ဒနယ်နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း တာမွေမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် အများစု ဝင်ပြိုင်မှာဖြစ်ပြီး လက်ရှိ အမတ်တွေရဲ့ ၈၀% ကို ပြန်ရွေးချယ်ထားပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းဝင်းနဲ့ ဦးသန့်စင်မောင်တို့ ဝင်ပြိုင်ဖို့ ရှိပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားထားရသူ တစ်ဦး ဖြစ်ပါတယ်
"ဝန်ကြီးချုပ်တွေလည်း သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းတွေက ပြန်တင်ထားကြတယ်။ ဒီနှစ်မှာ ကိုယ်စားလှယ်ပေါင်း ၁၁၃၁ ဦး ပြန်ရွေးပါတယ်။ အမျိုးသားလွှတ်တော်မှာ ၁၆၂ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၃၁၉ နေရာ၊ ပြည်နယ်နဲ့ တိုင်းမှာ ၆၂၂ နေရာ ဝင်ပြိုင်မယ်" လို့ လည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီးပါဝင်မှုနှုန်း ၂၀ % ရှိပါတယ်။

ဒါ့အပြင် ဆရာဝန် ရှေ့နေ စတဲ့ ဘွဲ့ရပညာတတ်တွေကိုလည်း ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးထားပြီး အခြေခံပညာနဲ့ ဘွဲ့ရတဲ့ တောင်သူလယ်သမား ကိုယ်စားလှယ်လောင်း ပါဝင်မှုနှုန်းက ၁၂ % ရှိတယ်လို့လည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-53513773
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ရွေးကောက်ပွဲဝင်မယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ရွေးကောက်ပွဲဝင်မယ် Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.