မြေထပ်ပြိုနိုင်တဲ့ ဖားကန့်မှာ ရေမဆေးသမားတို့ ဆက်လက် လုပ်ကိုင်

ဖားကန့်ဒေသက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ ကျောက်ရှာဖွေတူးဖော်နေကြစဉ်
ဓာတ်ပုံ - အဲလိဇဘက်ဂျန်မာ/ RFA

ဇူလိုင်လဆန်းပိုင်း ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှုကြောင့် လူ ၂၀၀ လောက် အသေအပျောက်ရှိခဲ့ပြီး၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအထိပါ စိုးရိမ်မှု ပေါ်ပေါက်စေခဲ့ပါတယ်၊ ဒါပေမဲ့ ဖားကန့်မှာ ရေမဆေးကျောက်ရှာဖွေသူတွေ ဒီကနေ့အထိ သိသိသာသာ လျော့မသွားသေးပါဘူး။

မိုးတွင်းကာလမှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင် ပိုမို အန္တရာယ်ရှိတာ သိကြပေမယ့် ရေမဆေးကျောက် ရှာဖွေသူတွေ အရဲစွန့်ပြီး ကျောက်လုပ်ကွက်တွေမှာ စုပြုံ တိုးဝှေ့ ရှာဖွေကြတာ ဖားကန့်မှာ အစဉ်အလာ ဖြစ်နေပါပြီ။

ဒီလဆန်း ၂ ရက်နေ့က လူ ၂၀၀ ဝန်းကျင် သေကြေခဲ့ရတဲ့ ဝှေခါ ကျောက်စိမ်းလုပ်ကွက်  ပြိုကျမှုဟာ နိုင်ငံတကာသတင်းခေါင်းစီးအဖြစ် ရက်အတန်ကြာ နေရာယူခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း ဒီဖြစ်ရပ်ဆိုးကြီးကြောင့် ဝမ်းနည်းမိကြောင်း အဲဒီနေ့မှာပဲ ပြောဆိုခဲ့ပါတယ်။

အစုလိုက် အပြုံလိုက် သေဆုံးမှုကို ကိုယ်တွေ့ကြုံကြပေမယ့်လည်း ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ငန်းခွင်တွေက စွန့်ပစ်လိုက်တဲ့ မြေစာပုံကြီးတွေမှာ ပြန်ရောင်းလို့ရတဲ့ကျောက် ဝင်ရှာဖွေသူတွေ လျော့ကျသွားတာမရှိသေးပါဘူး။

အဲဒီထဲမှာ ဝှေခါမိုင်းတွင်း သေဘေးကနေ လွတ်လာခဲ့တဲ့ အသက်၂၈ နှစ်ရှိပြီဖြစ်တဲ့ မောင်ကျော်စိုးလည်း ပါဝင်ပါတယ်။

“ကျွန်တော်တို့ မရှိတဲ့လူ လက်လုပ်လက်စားတွေကျတော့ ကိုယ်ပိုင်ကျင်းလည်း မထောင်နိုင်ဘူး။ ဒီလို အခွင့်အရေးရတဲ့အချိန်မှာ ခဏတဖြုတ် ဝင်တူးရတာပဲ ရှိပါတယ်။ သူတို့ ကိုယ်ပိုင်ကျင်းမှာ (တန်ဘိုးကြီးကျောက်) ရရင် အနားကိုတောင် အကပ်မခံဘူး၊ နောက်ပြီး ရတဲ့ကျောက်တွေ သိမ်းပါတယ်၊  နှစ်ဖွဲ့စလုံးပါပဲ အစိုးရရော၊ ကချင်ကျောက်စိမ်းအဖွဲ့တွေရော သိမ်းပါတယ်။ အလုံးကြီးရရင် ထုတ်ရတာ မလွယ်ကူဘူး။ သူတို့က သိမ်းသွားတယ်”

မောင်ကျော်စိုးကတော့ မိုးရာသီအတွင်း ကုမ္ပဏီလုပ်ကွက်တွေ ရပ်နားထားချိန်ဟာ သူတို့လို လက်လုပ်လက်စား သမားတွေအတွက်  ကျောက်ရှာဖွေဖို့ အခွင့်ကောင်းတစ်ခုဖြစ်တာကြောင့် မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်မယ်လို့ ပြောပါတယ်။

ကျောက်စိမ်း ပမာဏ အများအပြား ထွက်နေတဲ့ ဖားကန့်မှာ မောင်ကျော်စိုး လိုမျိုး ရေမဆေးသမား အမျိုးသမီး၊ အမျိုးသား ၃ သိန်းဝန်းကျင်ရှိနေပါတယ်။

ဒီနယ်မြေက ထွက်တဲ့ ကျောက်စိမ်းအများစုဟာ  အိမ်နီးချင်း တရုတ်နိုင်ငံဈေးကွက်ကြီးထဲကို မှောင်ခိုလမ်းကြောင်းကနေ စီးဆင်းနေပါတယ်။

ကျောက်စိမ်းကို တရုတ်တွေက ပိုတန်ဖိုးထားတတ်ပြီး  တရုတ်နဲ့ ထိစပ်နေတဲ့ ဒီဒေသမှာ တရုတ်ယဉ်ကျေးမှု အစိတ်အပိုင်းတချို့ကို တွေ့ရပါလိမ့်မယ်။ အလုပ်ရှင်သူဌေးလို့ အဓိပ္ပာယ်ရတဲ့ လောပန်း ဆိုတဲ့ ဝေါဟာရ ဒီမှာ ပိုပြီး တွင်ကျယ်ပါတယ်။

ရေမဆေးကျောက်ရှာဖွေတဲ့ အလုပ်သမားတွေဟာ ကျောက်အောင်တဲ့အခါ သူတို့ကို နေရေး၊ စားရေးစီစဉ်ပေးတဲ့ လောပန်းကို အပ်ရပြီး ကျောက်ရောင်းရငွေကို အချိုးကျ ခွဲဝေကြပါတယ်။

ကိုယ့်စားရိတ် ကိုယ်စားကြတဲ့ ရေမဆေးသမားတွေလည်း ရှိပါတယ်။

သူတို့တွေမှာ တူညီတဲ့အချက်ကတော့ ရောင်းတန်းဝင်ကျောက်ရပြီး ငွေထုပ်ပိုက်ပြန်မယ်၊ ရင်းနှီးငွေရရင် တခြား စီးပွားရေးလုပ်မယ်ဆိုတဲ့ လောပန်းလောင်းအိပ်မက် ကိုယ်စီ ရှိကြတာပါပဲ။

မူးယစ်ဆေး လွယ်လွယ်ကူကူ ဝယ်ယူ သုံးစွဲနိုင်ပြီး ဥပဒေစိုးမိုးမှုနည်းတဲ့ ဖားကန့်ဒေသကို နိုင်ငံတစ်ဝှမ်းက လူမျိုးပေါင်းစုံက မိတ်ဆွေတွေနဲ့ ဒါမှမဟုတ် မိသားစုလိုက် ရောက်လာကြတာပါ။

အသက်အာမခံ၊ ကျန်းမာရေး အာမခံ ဆိုတာ သူတို့ အများစု မကြားဖူးတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ ဒီလဆန်းပိုင်း မတော်တဆ ဖြစ်ရပ်ဆိုးအပြီးမှာတော့ အစိုးရက ကျန်ရစ်သူ မိသားစုကို ကျပ်သိန်းဂဏန်း အနည်းငယ် ထောက်ပံ့ခဲ့ပါတယ်။

အစုလိုက်အပြုံလိုက် သေဆုံးမှုထဲ ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက် ပါသွားပေမယ့် ရောင်းတန်းဝင်ကျောက်က ဘဝကို ပြောင်းလဲစေနိုင်တယ် ဆိုတဲ့ အတွေးက သူတို့ကို ဖားကန့်မှာ ဆက်နေဖို့ ဆွဲဆောင်နေပါတယ်။

မြေပြိုကျတဲ့နေရာမှာ လုပ်ခွင့်မရတော့ရင်လည်း ဖားကန့်မှာ မြေစာပုံထဲ ကျောက်စိမ်းရှာနိုင်တဲ့နေရာက သူတို့အတွက် မရှားပါဘူး။

အစိုးရက ၂၀၁၅/၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ကျောက်စိမ်းလုပ်ကွက် ဧရိယာ သုံးသောင်း ကျော် လိုင်စင်ချပေးခဲ့ပါတယ်၊ ဒါဟာ ဘောလုံးကွင်း ၂၄၀၀၀ ကွင်းစာ အကျယ်အဝန်း ရှိတယ်လို့  နယူးယောက် အခြေစိုက် Natural Resource Governance Institute ရဲ့ ၂၀၁၈ ခုနှစ်ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တောတောင်ကိုဖြိုချ တူးဆွထားတဲ့ လုပ်ငန်းခွင်၊ ထုထည်ကြီးမားတဲ့ စွန့်ပစ်မြေစာပုံတွေ ရှိနေတဲ့ ဒီနေရာမှာ သဘာဝဘေးကြောင့် ဖြစ်တဲ့အန္တရာယ်၊ လူသားတွေကြောင့် ဖြစ်လာတဲ့ အန္တရာယ်တွေ ရှိနေတာ ရေမဆေးသမားတွေ သိပြီးသားဖြစ်ပါတယ်။

ဘဝကျပ်တည်းလွန်းလို့ အကြောက်တရား ဘေးချိတ်ထားရတယ်လို့ ပြောလာသူက စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကနေ လာတဲ့ ဦးငြိမ်းဌေးမြင့်ပါ။

မိုးရွာတာကြောင့် ရေတိုက်စားလို့ ပေါ်လာတဲ့ မျောကြောင်းထဲမှာ ရောင်းတန်းဝင်ကျောက်ကို ရှာဖွေတဲ့ နည်းလမ်းဟာလည်း အခန့်မသင့်ရင် အသက်ပေးရတတ်တယ်လို့ ဦးငြိမ်းဌေးမြင့်က ပြောပါတယ်။

“ဒီအချိန် မိုးရာသီမှာက မျောကြောင်းပေါက်တဲ့ အန္တရာယ် ကြောက်ရမယ်၊ မြေပြိုတဲ့ အန္တရာယ် ကြောက်ရမယ်၊ အမျိုးမျိုးပေါ့။ ဒီအတိုင်း မျောကြောင်းနဲ့လည်း ပါသွားနိုင်တယ်၊ မျောကြောင်းမှာ လိုက်ရှာရတာကိုး။  အဲဒါကြောင့်လည်း အသက်အန္တရာယ်ကို ဒုက္ခပေးတယ်။ ဒုက္ခအမျိုးမျိုးပေးတာကို တွေ့ရတယ်။ သို့သော်လည်း ကြောက်တဲ့အခါတော့ ကြောက်တယ်။ တော်တော်ကျပ်တည်းနေရင်  မကြောက်တော့ဘူး။ မထူးဘူး ဆိုပြီး ရှာရတာလေ”

၂၀၁၈ ဇူလိုင်လမှာလည်း ဖားကန့်ဒေသမှာ ကျောက်တွင်းပြိုကျတာကြောင့် လူတစ်ရာကျော် သေဆုံးခဲ့ပါတယ်။

ရေမဆေးသမားး တစ်ယောက်စ နှစ်ယောက်စ လုပ်ငန်းခွင်အတွင်း သေဆုံးမှုက တစ်ခါတစ်ရံရှိတတ်ပေမယ့် အရေအတွက် နည်းတဲ့ ဒီဖြစ်ရပ်မျိုးက  လူသိရှင်ကြား ဖြစ်လေ့မရှိပါဘူး။

ဇူလိုင်လဆန်း မတော်တဆဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဝန်ကြီးတစ်ယောက်ရဲ့ ပြောကြားချက်ထဲမှာ ရေမဆေးတွေ လောဘကြောင့် သေတယ်ဆိုတဲ့အချက် ပါဝင်တဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။

ကျောက်စိမ်းထုတ်လုပ်ရေးနဲ့ မှောင်ခိုဈေးကွက်အကြောင်း ၂၀၁၅ ခုနှစ်မှာ အစီရင်ခံစာ ထုတ်ဝေတဲ့ လန်ဒန်အခြေစိုက်  Global Witness အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စည်းရုံးရေးတာဝန်ခံ Hanna Hindstrom ကတော့ တားမြစ်ထားတဲ့ ကျောက်မျက် လုပ်ငန်းတွေထဲ  ဝင်ရောက်ကြလို့ သေဆုံးရတယ်ဆိုတဲ့ မှတ်ချက်က စိတ်မကောင်းဖြစ်စရာပဲ လို့ RFA ကို ပြောပါတယ်။

“ဒီလိုဖြစ်ရပ်တွေ မကြုံရအောင် တကယ်တမ်း ထိန်းကျောင်းပေးရမှာက ကျောက်မျက်လုပ်ငန်းတွေကို ကြီးကြပ်ပေးရတဲ့ (regulatory) အဖွဲ့မှာ တာဝန်ရှိပါတယ်။ အဲဒီအဖွဲ့ ဆိုတာကလည်း အစိုးရကဖွဲ့စည်းပေးထားတာပါ။”

ဝှေခါ မြေပြိုကျမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရက စုံစမ်းနေပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကတော့ ရေမဆေးတွေ သေဆုံးတာ ထပ်မဖြစ်ပွားအောင် သဘောဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ပြီး လုပ်ဆောင်နေတယ်လို့ပြောပါတယ်။

အစုလိုက်အပြုံလိုက်လူသေခဲ့တဲ့ ဖားကန့်မြေပြိုမှုကြောင့် တပ်မတော်က လုံခြုံရေးဆိုင်ရာ အရာရှိတချို့ကို အရေးယူမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး တပ်မတော်ကို  ပြန်ရမယ်၊ အရာရှိငယ် တစ်ဦးကိုလည်း အရေးယူထားတယ်လို့ တပ်မတော်က ပြောပါတယ်။

ဒီလိုမြေပြိုသေဆုံးတာတွေနဲ့ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း ကတော့ တိုက်ရိုက်ကြပ်မတ်တာမဟုတ်ဘဲ ရုံးလုပ်ငန်းပိုင်ဆိုင်ရာအနေနဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ဝှေခါမြေပြိုတာနဲ့ပတ်သက်ပြီး လက်လုပ်လက်စား ကျောက်တူးဖော်ခြင်းလုပ်ငန်း မှတ်ပုံတင်ထားတာမရှိဘဲ တရားမဝင် ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းကို လုပ်ဖို့စေခိုင်းပြီး အမြတ်ရယူနေတဲ့ လောပန်း ၁၃ ဦးထဲက သုံးဦးကို ကျောက်မျက်ဥပဒေ ပုဒ်မ ၅၀ (က)နဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ ပြည်နယ်သယံဇာတဝန်ကြီးဌာနရုံးကသိရပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/hpakant-workers-are-still-working-in-dangerous-place-07172020054030.html
မြေထပ်ပြိုနိုင်တဲ့ ဖားကန့်မှာ ရေမဆေးသမားတို့ ဆက်လက် လုပ်ကိုင် မြေထပ်ပြိုနိုင်တဲ့ ဖားကန့်မှာ ရေမဆေးသမားတို့ ဆက်လက် လုပ်ကိုင် Reviewed by THITHTOOLWIN on 16:44 Rating: 5
Powered by Blogger.