ရသေ့တောင် ကျောက်တန်းမှာ တိုက်ပွဲပြင်းထန်၊ အရပ်သားလေးဦး ဒဏ်ရာရ


ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ ဇူလိုင် ၁၆ ရက် ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်က စတင်ပြီး တိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေက‌ ပြောပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း ရွာထဲမှာ အမျိုးသမီးကြီးတစ်ဦး ခြေထောက် လက်နက်ကြီးကျည်ထိ ဒဏ်ရာနဲ့ ရွာပြင်မှာလယ်ထွန်နေတဲ့ အသက် ၄၀ ကနေ ၅၀ ကြား လယ်သမားသုံးဦး မှာ ဘယ်ဒူး၊ ဘယ်တံတောင်နဲ့ ဝမ်းဗိုက်ရှပ်ထိတဲ့ ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ သိရပါတယ်။

မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ရွာအနီးရောက်လာတဲ့ တပ်စစ်ကြောင်းနဲ့ အေအေအဖွဲ့တွေ တွေ့ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတာဖြစ်တယ်လို့ ကျောက်တန်းရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

တိုက်ပွဲဖြစ်ပွားချိန်က သိပ်မကြာမြင့်ခဲ့ပေမယ့် နောက်ပိုင်းမှာ တပ်မတော်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ ညနေပိုင်းအထိ ပစ်ခတ်နေတာ တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး ၁၂ နာရီ ၅ မိနစ်လောက်မှာ MI - 35 အမျိုးအစား စစ်လေယာဉ်တစ်စီးရောက်ရှိလာပြီး ကျောက်တန်းကျေးရွာတဝိုက်ကို ၂ နာရီဝန်းကျင်အထိ ဗုံးကြဲတာတွေ၊ ပစ်ခတ်တာတွေပြုလုပ်သွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲမရှိတော့ပေမဲ့ ပစ်ခတ်မှုတွေရှိနေသေးတဲ့အတွက် အဲ့ဒီဒဏ်ရာရရှိသူတွေကို ဆေးရုံ၊ဆေးခန်းတွေကို မပို့ဆောင်နိုင်သေးဘဲ ရွာမှာပဲရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘုန်းကြီးကျောင်းအစိတ်အပိုင်းတချို့နဲ့ နေအိမ်တချို့လည်းပျက်စီးသွားခဲ့ပြီး အောင်သာစည်ရွာမှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ကျောက်တန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကျောက်တန်းနယ်မြေမှာ တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးတွေ ပြုလုပ်ဖို့ရှိနေတဲ့အတွက် အဲ့ဒီနယ်မြေအတွင်းက ကျေးရွာပေါင်း ၄၀ ကျော်မှာနေထိုင်တဲ့ဒေသခံတွေကို ရွာကနေထွက်ပေးကြဖို့ဆိုပြီး ဇွန်လ အကုန်ပိုင်းမှာ အစိုးရအဖွဲ့က အမိန့်စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ရသေ့တောင်မြို့နယ် ကျေးရွာတွေက ထွက်ပြေးလာသူတွေ
အဲ့ဒီထုတ်ပြန်ချက်ကြောင့် ရသေ့တောင်မြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ သောင်းနဲ့ချီပြီး လုံခြုံမယ့်နေရာတွေကိုထွက်ပြေးခဲ့ကြသလို စစ်တွေမြို့ပေါ်ကိုလည်း ရောက်လာခဲ့ကြပါတယ်။

တိုက်ပွဲမဖြစ်ပွားခင် ရွာသားတချို့တို့ဟာ လယ်ယာ လုပ်ကိုင်ဖို့အတွက် ကျေးရွာကို ရောက်ရှိနေကြပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့အချိန်မှာ တချို့ထွက်ပြေးသွားခဲ့ကြပေမယ့် လူ ၅၀ လောက် ရွာထဲမှာ ပိတ်မိပြီး ကျန်နေသေးတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဇွန်လအတွင်းကလည်း ရသေ့တောင်မြို့နယ်တောင်ပိုင်း မေယုကမ်းဒေသ ချိန်ခါလီကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာသားတစ်ဦးသေဆုံးခဲ့လို့ အဲ့ဒီကျေးရွာအပြင် အနီးဝန်းကျင်ကျေးရွာသားတွေနဲ့ မောင်တောမြို့နယ်အတွင်းက ကျေးရွာတချို့ကလူတွေ ထွက်ပြေးခဲ့ကြပါတယ်။

နှစ်နှစ်နီးပါးဖြစ်ပွားနေကြတဲ့တိုက်ပွဲတွေအတွင်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသူ တစ်သိန်းကိုးသောင်းကျော်ထိရှိလာနေပြီဖြစ်ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်လာနေတာကို တွေ့နေရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-53430967
ရသေ့တောင် ကျောက်တန်းမှာ တိုက်ပွဲပြင်းထန်၊ အရပ်သားလေးဦး ဒဏ်ရာရ ရသေ့တောင် ကျောက်တန်းမှာ တိုက်ပွဲပြင်းထန်၊ အရပ်သားလေးဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.