တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေကို အွန်လိုင်းက အရင်ထုတ်ပြန်မယ်

၂၀၁၉ ဇွန် ၈ရက်နေ့ မနက်အစောပိုင်းက အောင်စာရင်းကြည့်ရှုနေသူများ
တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို သြဂုတ် ၉ ရက်နေ့ မနက်အစောပိုင်းမှာ ပညာရေး ဝန်ကြီးဌာနရဲ့ဝဘ်ဆိုဒ်ကနေ ကြေညာပေးသွားမယ်လို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကို အကြောင်းကြားထားကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ပုံမှန် ဇွန်လကုန်မှာ ထုတ်ပြန်လေ့ရှိပေမဲ့ ကိုဗစ်ကပ်ရောဂါ ကြောင့် အဖြေလွှာတွေကို စစ်ဆေးတာ ပုံမှန်ထက်နောက်ကျခဲ့သလို အောင်စာရင်းကိုလည်း ပုံမှန်ထက် တစ်လကျော် နောက်ကျပြီးမှ ထုတ်ပြန်မှာလည်း ဖြစ်ပါတယ်။

"သြဂုတ်လ ၈ ရက်နေ့ည ၁၂ နာရီ ခွဲပေါ့၊အွန်လိုင်းမှာ ထုတ်ပြန်မှာပါ။ ခါတိုင်းကတော့ သူတို့က အောင်စာရင်းစာရွက်တွေ ပို့တာရှိတယ်၊ ဒီနှစ်တော့ မရှိဘူး " လို့ ကရင်ပြည်နယ် လူမှုရေး ဝန်ကြီး ဦးစောဘိုဘိုဝေမောင်က ဘီဘီစီကို ပြောပြပါတယ်။

ပုံမှန်နှစ်တွေလို တိုင်းနဲ့ ပြည်နယ်အလိုက် အောင်စာရင်းတွေကို စာရွက်စာတမ်းနဲ့ ပေးပို့တာမျိုးမရှိတော့ဘဲ လူစုလူဝေးမဖြစ်စေဖို့ အွန်လိုင်းကနေကြေညာပြီးမှသာ ကျောင်းအလိုက် အောင်စာရင်းတွေကို အီးမေးလ်နဲ့ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ် ။

အွန်လိုင်းအပြင် မြန်မာ့ရုပ်မြင်သံကြားက ကြေညာမယ်၊ ရေဒီယိုကကြေညာမယ် ၊နောက်တစ်နေ့ကြတော့မှ အောင်စာရင်းတွေကို သက်ဆိုင်ရာစာဖြေဌာနတွေမှာ ကပ်မယ် ၊လာကြည့်ချင်တဲ့သူတွေ ကြည့်လို့ရအောင် ခပ်ခွာခွာအနေအထားနဲ့ကြည့်လို့ရအောင် ထားမယ်၊မျက်နှာဖုံးတပ်မယ်၊ ကိုဗစ်စည်းကမ်းတွေ အတိုင်းကြည့်ဖို့စီစဥ်ထားတယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာ တင်မောင်ဝင်းက ဘီဘီစီကိုပြောပါတယ်။

မကြာခင်ထွက်ရှိတော့မယ့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အတွက် ဖြေဆိုသူ ကျောင်းသား ကျောင်းသူပေါင်း ကိုးသိန်းကျော်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ရှစ်သိန်းငါးသောင်း ကျော်ရှိတဲ့အထဲမှာ နှစ်သိန်းခြောက်သောင်းကျော် အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၁ ဒဿမ ၄၄ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ တရားဝင်စာရင်းတွေအရ သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-53595057
တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေကို အွန်လိုင်းက အရင်ထုတ်ပြန်မယ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေကို အွန်လိုင်းက အရင်ထုတ်ပြန်မယ် Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.