ထိုင်းက ကိုယ်ပိုင် ကိုဗစ်ကာကွယ်ဆေး ထုတ်နိုင်တော့မလား

Chulalongkorn တက္ကသိုလ် တွင် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်နေ
ထိုင်းနိုင်ငံဟာ ပြည်တွင်းဖြစ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လူသားတွေနဲ့ စမ်းသပ်ဖို့ အောက်တိုဘာလလောက်မှာ အဆင်သင့်ဖြစ်မယ်လို့ ပြောကြားလိုက်ပါတယ်။ ကြွက်နဲ့ မျောက် စတဲ့တိရိစ္ဆာန်တွေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်အပြီးမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ဒီစမ်းသပ်မှုတွေကို အောက်တိုဘာလမှာ ပြုလုပ်ဖို့မျှော်လင့်ပြီး ဒီနှစ်ရဲ့ နောက်ဆုံး ၃ လပတ် အတွင်းမှာ လုပ်နိုင်ပါမယ်” - လို့ ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်က ဒီစမ်းသပ် စစ်ဆေးမှုတွေကို ပြုလုပ်တဲ့ ရောဂါကာကွယ်ဆေး သုတေသနဆိုင်ရာ အကြီးအကဲ Kiat Ruxrungtham က ပြောပါတယ်။ အားလုံးအဆင်ပြေရင် ရှေ့နှစ် တတိယ ၃ လပတ်ကာလလောက်မှာ အများအပြား ထုတ်လုပ်နိုင်မယ်လို့ သူက ဆက်ပြောပါတယ်။

ကမ္ဘာတဝှမ်းမှာရှိတဲ့ သိပ္ပံပညာရှင်တွေက COVID-19 ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်မယ့် ကာကွယ်ဆေး ထုတ်လုပ်ဖို့ကို အပြင်းအထန် ကြိုးစားနေကြတာမှာ ပုံမှန်အားဖြင့် နှစ်တွေနဲ့ချီ ကြာနိုင်မယ့် အစီအစဉ်ကို လအနည်းငယ်အတွင်း ထုတ်လုပ်နိုင်မယ့် အခြေအနေထိ တိုးတက် မြန်ဆန် လာနေတာပါ။ လောလောဆယ် ကာကွယ်ဆေးပေါင်း ၁၈၀ လောက်ကို စမ်းသပ်နေကြပါတယ်။ အဲဒီအထဲက ၂၀ လောက်ဟာ လူသားတွေနဲ့ စမ်းသပ်တဲ့အဆင့်ကို ရောက်နေပြီး တချို့နိုင်ငံတွေတော့ ကာကွယ်ဆေးကို အခုနှစ်ကုန်လောက်မှာ ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ကာကွယ်ဆေး အမြန်ထုတ်နိုင်ဖို့ ထိပ်မှာပြေးနေတဲ့ နိုင်ငံတွေဟာ ချမ်းသာတဲ့နိုင်ငံတွေဖြစ်ပြီး အများစုဟာ အနောက်နိုင်ငံတွေဖြစ်ပါတယ်။ ဒါကြောင့် ငွေကြေးမတတ်နိုင်တဲ့နိုင်ငံတွေအနေနဲ့ တကယ်တမ်း ကာကွယ်ဆေးထွက်လာတဲ့အခါ သူတို့အနေနဲ့ နောက်ဆုံးမှရတော့မလားဆိုပြီး စိုးရိမ် ပူပန်နေကြပါတယ်။

အရင် အတွေ့အကြုံတွေအရ ထိုင်းနိုင်ငံအနေနဲ့ စိုးရိမ်ပူပန်စရာတွေ ရှိနေပါတယ်။ ၂၀၀၉ ခုနှစ်က အာရှတိုက်မှာ H1N1 ရောဂါ ကူးစက် ပြန့်ပွားတဲ့အချိန်တုန်းက ထိုင်းနိုင်ငံက ကာကွယ်ဆေး ၂ သန်း အလျင်အမြန် ဝယ်ယူခဲ့ပေမယ့် ဆေးတွေဟာ ကပ်ရောဂါကာလ ကျော်လွန်သွားမှ ရောက်လာ ခဲ့ပါတယ်။ အားလုံးပြီးဆုံးသွားတဲ့အချိန် ထိုင်းနိုင်ငံမှာ H1N1 ကူးစက်သူ ၄၇,၀၀၀ ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၃၄၇ ဦးရှိခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/thailand-chulalongkorn-covid-vaccine-/5515691.html
ထိုင်းက ကိုယ်ပိုင် ကိုဗစ်ကာကွယ်ဆေး ထုတ်နိုင်တော့မလား ထိုင်းက ကိုယ်ပိုင် ကိုဗစ်ကာကွယ်ဆေး ထုတ်နိုင်တော့မလား Reviewed by THITHTOOLWIN on 08:29 Rating: 5
Powered by Blogger.