ရန်ကုန်တိုင်းဝန်ကြီးချုပ်ကလွဲလို့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်အားလုံးနီးပါး ရွေးကောက်ပွဲ ပြန်ဝင်

ရန်ကုန်တိုင်းဝန်ကြီးချုပ်
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကလွဲလို့ ၊ ကျန် တိုင်းနဲ့ပြည်နယ် တွေက ဝန်ကြီးချုပ်အားလုံးနီးပါးဟာ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို ဒီကနေ့ ဇူလိုင်လ(၂၃)ရက်နေ့မှာပဲ ကြေညာလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ကော့မှူး မဲဆန္ဒနယ်က ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ရှိနေပြီး လက်ရှိ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တာမွေ မဲဆန္ဒနယ်ကနေ ယှဉ်ပြိုင်သွားမှာပါ။

ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူကတော့ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကနေ ဝင်ပြိုင် မှာဖြစ်တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေထဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဦးဖြိုးမင်းသိန်းကလွဲပြီး ကျန် ဝန်ကြီးချုပ်တွေကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်တွေကနေ ပြန်လည် ဝင်ရောက်ယှဥ်ပြိုင်ဖို့ရှိတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး
NLD ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ လက်ရှိမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အမရပူရ မဲဆန္ဒနယ် ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကတော့ ပွင့်ဖြူမဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ လို့သိရပါတယ်။။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က မြန်အောင်မဲဆန္ဒနယ်၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ရေတာရှည်မြို့နယ်နဲ့ တနင်္လာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က ကော့သောင်းကနေ ဝင်ရောက်သွားမှာဖြစ်ပါတယ်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မြစ်ကြီးနား၊ကယားဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မယ်စဲ့မြို့နယ် နဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လားရှိုး ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ကျိုက်ထိုမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

ရခိုင်ဝန်ကြီးချုပ် ဦးညီပုက ဂွ မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဘားအံက ဝင်ရောက်သွားမှာဖြစ်ပြီး စစ်ကိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ရွေဘိုကနေဝင်ရောက် မှာဖြစ်ပါတယ်။

ချင်းဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်ကတော့ ဖလမ်း ကနေဝင်ပြိုင်မှာဖြစ်ပါတယ်။
အမရပူမြို့နယ် ရွှေဂဲရေထိန်း တံခါး တာဘောင်ကျိုးမှု ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူလာရောက်စဥ်
ဝန်ကြီးချုပ်တွေဟာ ၂၀၁၅ တုန်းက အနိုင်ရရှိခဲ့တဲ့မဲဆန္ဒနယ်တွေ အများစုကပဲ ဝင်ရောက်ယှဉ်ပြိုင်တာကိုတွေ့ရပါတယ်။

ရန်ကုန်တိုင်းမှာတော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဝင်ပြိုင်မယ့်ကိုယ်စားလှယ်စာရင်းမှာ မတွေ့ရသလို သူအရင်ပြိုင်ခဲ့တဲ့ လှည်းကူးမြို့နယ် မဲဆန္ဒနယ်မှာအမျိုသမီး ကိုယ်စားလှယ်လောင်း တစ်ဦး စာရင်းပေးထားတာကို တွေ့ရပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ကိုရွေးချယ်နိုင်တဲ့ ရန်ကုန်တိုင်းက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်စာရင်းမှာ ဦးပြုံးချို ကဒေါပုံကနေ ဝင်ပြိုင်မှာဖြစ်သလို ဦးရဲမင်းဦးကတော့ ဒဂုံမြို့နယ်က ဝင်ပြိုင်မှာကို စာရင်းမှာ တွေ့ရပါတယ်။

ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာမှာတော့ နော်လှလှစိုး ဝင်ပြိုင်မှာကို တွေ့ရပါတယ်။

"ဒီနှစ်မှာ ကိုယ်စားလှယ်ပေါင်း ၁၁၃၁ ဦး ပြန်ရွေးပါတယ်။ အမျိုးသားလွှတ်တော်မှာ ၁၆၂ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၃၁၉ နေရာ၊ ပြည်နယ်နဲ့ တိုင်းမှာ ၆၂၂ နေရာ ဝင်ပြိုင်မယ်" လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြောခွင့်ရသူ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်

အခုထုတ်ပြန်လိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကိုတော့ လာမယ့်သြဂုတ်လ ထဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကို တင်သွင်းရမှာလည်းဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-53514584
ရန်ကုန်တိုင်းဝန်ကြီးချုပ်ကလွဲလို့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်အားလုံးနီးပါး ရွေးကောက်ပွဲ ပြန်ဝင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကလွဲလို့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်အားလုံးနီးပါး ရွေးကောက်ပွဲ ပြန်ဝင် Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.