ဖာပွန်ဒေသခံအမျိုးသမီးတစ်ဦး အသတ်ခံရမှုကို မကျေနပ်လို့ ဒေသခံ ၁၅၀၀ ကျော် ဆန္ဒပြ

ကရင်တိုင်းရင်းသားတွေ နေထိုင်တဲ့ရွာတွေအနီးက တပ်မတော်စခန်းတွေ အားလုံးဖယ်ရှားပေးဖို့ ဒေသခံတွေ တပ်စခန်း ၄ ခုရှေ့မှာ ၂ဝ၂ဝ ဇူလိုင် ၂၂ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ် / ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ
ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာရှိတဲ့ ကရင်တိုင်းရင်းသားတွေ နေထိုင်တဲ့ရွာတွေအနီးက  တပ်မတော်စခန်းတွေ အားလုံးဖယ်ရှားပေးဖို့  ဒေသခံ ၁၅၀၀ ကျော်က တပ်စခန်း ၄ ခုရှေ့မှာ ဇူလိုင် ၂၂ ရက် ဒီနေ့မနက်က ဆန္ဒပြ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပိုလိုးထာကျေးရွာသူ နော်မုနော်ကို တပ်မတော်သားနှစ်ဦးက သတ်ဖြတ်ခဲ့တဲ့အပေါ် ဒေသခံတွေက မခံနိုင်ဘဲ ဆန္ဒပြတာလို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောအဲဒိုက ပြောပါတယ်။

ဒီဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဒေသခံတွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဲဒီနေရာဟာ ဖုန်းလိုင်းမမိ တာကြောင့် မေးမြန်းလို့ မရခဲ့ပါဘူး။

၂၀၂၀ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်လအတွင်း ဖာပွန်မြို့နယ်မှာ နော်မုနော်အပါအဝင် ဒေသခံ ၅ ဦးဟာ တပ်မတော်သားတွေရဲ့ ပစ်သတ်ခံခဲ့ရတာ၊ တပ်မတော်က ကျေးရွာထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့တာနဲ့ ဒေသခံတွေအတွက် မလုံခြုံဘဲ စိုးရိမ်နေရတာကြောင့် တပ်စခန်း လေးခုကို ဖယ်ရှားပေးဖို့ ဆန္ဒပြသူတွေက ကရင်ဘာသာနဲ့ တောင်းဆိုကြွေးကြော်ခဲ့ကြတာလို့ ဗိုလ်မှူး စောအဲဒိုက ပြောပါတယ်။

KNU အနေနဲ့ကတော့ တပ်မတော်စခန်းတွေ ဖယ်ရှားပေးဖို့ ဒေသခံတွေ တောင်းဆိုတဲ့အပေါ် မှတ်ချက်တစ်စုံ တစ်ရာ မပေးလိုကြောင်း၊ ဒေသခံတွေရဲ့ တောင်းဆိုချက်ကို လက်ခံတာ မခံတာက တပ်မတော်အပေါ် မူတည်တယ်လို့ ဗိုလ်မှူးစောအဲဒို က ဆိုပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို မာလေးလယ်၊ ဝေါမူ၊ မယ်ဝေနဲ့ ခူသူထာ စတဲ့ကျေးရွာအုပ်စုတွေက ရွာပေါင်း ၃၅ ရွာက ဒေသခံ ၁၅၀၀ကျော်ဟာ သူတို့ရွာတွေအနီးမှာရှိတဲ့ တပ်မတော်ရဲ့ မယ်ဝေစခန်း၊ ကေကိုစခန်း၊ ဝေါမူစခန်းနဲ့ ခူသူထာ စခန်းတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တာလို့ သိရပါတယ်။

တပ်စခန်းလေးခုရှေ့မှာ ဆန္ဒပြခံရတာနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ ကို RFA က ဆက်သွယ်မေးမြန်းရာမှာ မှတ်ချက်ပေးစရာမရှိကြောင်းနဲ့ ပိုလိုးထာရွာသူ နော်မုနော်ကို သတ်ဖြတ်လုယက်ခဲ့တဲ့ တပ်မတော်သားနှစ်ယောက်ကို စစ်စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမယ်လို့သာ တုံ့ပြန်ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/kayin-protest-07222020093914.html
ဖာပွန်ဒေသခံအမျိုးသမီးတစ်ဦး အသတ်ခံရမှုကို မကျေနပ်လို့ ဒေသခံ ၁၅၀၀ ကျော် ဆန္ဒပြ ဖာပွန်ဒေသခံအမျိုးသမီးတစ်ဦး အသတ်ခံရမှုကို မကျေနပ်လို့ ဒေသခံ ၁၅၀၀ ကျော် ဆန္ဒပြ Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.