ရခိုင်ပဋိပက္ခအတွင်း ကိုယ်အင်္ဂါဆုံးရှုံးတဲ့ အရပ်သားတွေ များလာ

ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခအတွင်း ကိုယ်အင်္ဂါဆုံးရှုံးခဲ့သူတဦး။
ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဒေသခံတွေ မကြာခဏ သေကြေထိခိုက်နေကြရတဲ့အကြောင်း ကိုယ်တိုင်ကြုံရသူတွေရဲ့ ပြောပြချက်တွေကို တင်ပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲတွေကြား မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးဒဏ်ကြောင့် သေဆုံးသူတွေ ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေ တိုးလာနေတာပါ။ တိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၁၈ ခုနှစ်နှောင်းပိုင်းကစလို့ သေဆုံးသူ ၂ ဒါဇင်ကျော်အပြင် ကိုယ်လက်အင်္ဂါ ဆုံးရှုံးတဲ့အထိ ဒဏ်ရာရခဲ့သူ အများအပြား ရှိခဲ့ကြောင်းလည်း စစ်ရှောင်တွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုအများ အစည်းအရုံး (REC) ပြောခွင့်ရ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“ကျနော်တို့ ရရှိထားတဲ့ စာရင်းတွေအရတော့ ၂၀၁၈ ဒီဇင်ဘာကနေ သေဆုံးတဲ့ သူက ၂၆ဦး ရှိပြီးတော့ ဒဏ်ရာရတဲ့ သူက ၅၇ ဦးရှိပါတယ်။ အဲဒီ ၅၇ ဦးထဲမှာလည်း ၆၀ ရာခိုင်နှူန်းက ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့အထိ ဒဏ်ရာရတဲ့ ဖြစ်သွားကြတယ်။”

မိုင်းထိမှန်ပြီး ဒဏ်ရာရသူတွေထဲမှာ မြေပုံမြို့နယ် စညင်းကျေးရွာက အသက် ၂၀ အရွယ် မနန်းစု တစ်ယောက်လည်း ပါဝင်ပါတယ်။ ခင်ပွန်းနဲ့အတူ ချောင်းထဲမှာ ဂဏန်းသွားဖမ်းရင် အပြန်မှာ မိုင်းထိပြီးခြေတစ်ဘက် ဆုံးရှုံးသွားတာပါ။

“ဒဏ်ရာရတာကတော့ ချောင်းကိုဆင်းပြီးတော့ ဂဏန်းခုတ် ထောင်တယ်။ ဂဏန်းခုတ် မထောင်ခင် ရေမကျသေးတော့ ရေတွေ ပြည့်နေတော့ ဂဏန်းခုတ်က ထောင်လို့ မရသေး တော့ ရေနည်းနည်း ကျအောင် စောင့်ရင်းနဲ့ ချောင်းနားမှာ တောင်းစောင်လေးရှိတယ်။ အဲဒီမှာ ဟင်းရွက် တက်ခူးတယ်။ တက်ခူးပြီး အပြန်မှာ အဲလမ်းက အရင်ကလည်းသွားနေကြလေ နှစ် ရက်ပဲ ရှိသေးတယ်။ နှစ်ခေါက်ပြန် သွားတာပေါ့နော်။ အရင်ကလည်း မဖြစ်ဖူးဘူး ဒါပေမယ့် အဲဒီနေရာနားမှာ စစ်သားတွေ သွားတာ လာတာရှိတယ်ဆိုတာတော့ သိတယ်။ အဲဒီနေ့ကလည်း ဘာမှမဖြစ်ပါဘူးဆိုပြီးသွားတာ အပြန်မှာ မိုင်းနင်းမိတာပေါ့။”

လက်ရှိအချိန်မှာသူဟာ စစ်တွေမြို့ပေါ်က အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေထိုင်နေပါတယ်။

“ခြေထောက်တစ်ဘက် ဆုံးရှူံးလိုက်ရတော့ စိတ်ထဲမှာတော့ မကောင်းဘူးပေါ့နော်။ ဒါပေမဲ့ ညီမ စိတ်ဓာတ်မကျပါဘူး၊ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာထားတယ်။ ညီမ ဘာလို့ စိတ်ဓာတ် ခိုင် ခိုင်မာမာထားလဲဆိုတော့ ညီမ မဟုတ်ရင်လည်း တခြားသူတွေက ဒီလိုမျိုး ဖြစ်ရင် ဖြစ်မှာ လေ။ ညီမ မဟုတ်ဘဲ တစ်ခြားလူတွေ ဖြစ်သွားရင်လည်း စိတ်မကောင်းဖြစ်ရမှာပေါ့နော်။ တခြားလူ မဖြစ်ဘဲ ညီမ ဖြစ်လိုက်ရတော့ ဘာပဲဖြစ်ဖြစ် သူတို့အတွက် ညီမ ပေးဆပ်လိုက်တယ်လို့ပဲ သဘောထားပါတယ်။”

စစ်ရှောင်ဦးရေ ၂၀၀ နီးပါးရှိနေတဲ့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းမှာ သူ့လိုပဲ စစ်ဒဏ်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူ တချို့လည်း ရှိနေပါတယ်။

ကျောက်တော်မြို့နယ် သရက်အုပ် ကျေးရွာက မမိုးမိုးနွယ်ဟာလည်း တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ကျပြီး ခြေထောက်တစ်ဘက် ဆုံရှူံးခဲ့ရသူပါ။

"ကျမဒီကို စစ်ဖြစ်ပြီး တော့ရောက်လာတာပေါ့နော်။ ရွာမှာစစ်ဖြစ်တော့ ကျောက်တော်ကို ပြေးတယ်။ အဲဒီမှာ ကားသုံးစီး လာတယ်။ ကျောက်တော်မြို့ထဲကို ဝင်လာတယ်။ အဲဒီမှာ အိမ်ထဲကို လက်နက်ကြီး ကျပြီးတော့ ခြေထောက်နဲ့ ပေါင်ကို ထိသွားတယ်။ အရိုးကျိုး သွားတော့ ခြေထောက်ကို ပိုင်းလိုက်ရတယ်။"

ခြေတစ်ဘက် ဆုံးရှုံးသွားပေမဲ့ သူဝါသနာပါတဲ့ အပ်ချုပ်လုပ်ငန်းကို လုပ်ကိုင်နိုင်ဖို့ အလိုတော်ပြည့်ကျောင်းမှာ အပ်ချုပ်ပညာ သင်ကြားနေပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အမျှ သေကျေထိခိုက်သူအရေအတွက် တိုးလာနေသလို စစ်ရှောင်ဦးရေဟာလည်း ၂၀၀,၀၀၀ ကျော် အထိရှိနေတယ် လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။

သက်နိုင်  / ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/rakhine-conflict/5518889.html
ရခိုင်ပဋိပက္ခအတွင်း ကိုယ်အင်္ဂါဆုံးရှုံးတဲ့ အရပ်သားတွေ များလာ ရခိုင်ပဋိပက္ခအတွင်း ကိုယ်အင်္ဂါဆုံးရှုံးတဲ့ အရပ်သားတွေ များလာ Reviewed by THITHTOOLWIN on 21:43 Rating: 5
Powered by Blogger.