ဝန်ထမ်းအပြောင်းအလဲလုပ်ဖို့ ကန် သံအဖွဲ့ တရုတ်ကိုထွက်ခွာ

အမေရိကန်သံရုံးကားကို ရှန်ဟိုင်းမှာတွေ့ရစဉ် (ဇူလိုင်လ ၂၀၁၉)
အမေရိကန်သံတမန်တွေ သယ်ဆောင်သွားတဲ့ လေယာဉ်ဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို ဗုဒ္ဓဟူးနေ့က ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ Texas ပြည်နယ်၊ Houston မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ အမေရိကန်က အမိန့်ထုတ်လိုက်ပြီးတဲ့နောက် တရုတ်နဲ့ အမေရိကန်အကြား သံတမန်ရေး တင်းမာမှုတွေ ဖြစ်ပေါ်လာပြီးတဲ့နောက် တရုတ်မှာရှိနေတဲ့ အမေရိကန်သံတမန်တွေ အပြောင်းအလဲလုပ်ဖို့ အမေရိကန်ဘက်က အရှိန်မြင့် ဆောင်ရွက် လာတာပါ။

အရေအတွက် အတိအကျ မသိရတဲ့ အမေရိကန်သံတမန်တွေကို တင်ဆောင်ထားတဲ့ လေယာဉ်ဟာ ဗုဒ္ဓဟူးနေ့နှောင်းမှာ ဝါရှင်တန်ကနေ ထွက်ခွာသွားကြောင်း ဒီကိစ္စနဲ့ နီးစပ်တဲ့အသိုင်းဝိုင်းကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်း မေးမြန်းမှုတွေကို အမေရိကန် နိုင်ငံခြားရေးဌာနကလည်း ချက်ခြင်း တုံ့ပြန် ပြောဆိုခြင်း မရှိသေးပါဘူး။

နိုင်ငံခြားရေးဌာနအတွင်း ပေးပို့တဲ့ ဇူလိုင် ၁၇ ရက်နေ့စာထဲမှာတော့ ဝါရှင်တန်က ရှန်ဟိုင်းကို လေယာဉ်စေလွတ်ဖို့ စီစဉ်နေတဲ့အကြောင်းကို ရေးသားထားတယ်လို့ အဲဒီစာကို တွေ့ခဲ့တဲ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ လေယာဉ်ဟာ မူလက စီစဉ်ထားတဲ့ရက်ထက်စောပြီး ထွက်ခွာသွားတာလို့လည်း ဆိုပါတယ်။

မူလအစီအစဉ်အရ Tianjin နဲ့ ဘေဂျင်းမြို့တို့ကို ဇူလိုင်လ ၂၉ ရက်နေ့မှာ လေယာဉ်ငှားပြီး ပို့ဆောင်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပြီး Guangzhou မြို့ကိုသွားမယ့် လေယာဉ်ကတော့ ရက်အတိအကျ မစီစဉ်ရသေးဘူးလို့ ဆိုပါတယ်။

အမေရိကန်သံတမန်တွေအနေနဲ့ ကွဲကွာနေတဲ့ မိသားစုတွေနဲ့ ပြန်လည် ဆုံဆည်းခွင့်ရကြမှာဖြစ်သလို ရုံးအသီးသီးရဲ့ အကြီးအကဲတွေ ကိုလည်း လူစားထိုး ခန့်အပ်မှာဖြစ်ကြောင်း အီးမေးမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ကိုဗစ် ၁၉ ကြောင့် တရုတ်နိုင်ငံကနေ ပြန်ခေါ်ထားတဲ့ အမေရိကန်သံတမန်တွေကို လူစားထိုး ပြန်ခန့်ဖို့ အစိုးရက စီစဉ်နေတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-china-american-consulate-shanghai-/5515676.html
ဝန်ထမ်းအပြောင်းအလဲလုပ်ဖို့ ကန် သံအဖွဲ့ တရုတ်ကိုထွက်ခွာ ဝန်ထမ်းအပြောင်းအလဲလုပ်ဖို့ ကန် သံအဖွဲ့ တရုတ်ကိုထွက်ခွာ Reviewed by THITHTOOLWIN on 08:27 Rating: 5
Powered by Blogger.