ကိုဗစ် -၁၉ ကာကွယ်ဆေးသုတေသန သူလျှိုမှုနဲ့ အမေရိကန်က တရုတ်အမျိုးသားနှစ်ဦးကို တရားစွဲ


တရုတ်အစိုးရဟာ ကိုဗစ် -၁၉ ကာကွယ်ဆေး တီထွင်နေတဲ့ ဓာတ်ခွဲခန်းတွေကို ပစ်မှတ်ထားနေတဲ့ ဟက်ကာတွေကို ထောက်ပံ့ပေးနေတယ်လို့ အမေရိကန်တရားရေးဌာနက စွပ်စွဲပြစ်တင်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် သုတေသနလုပ်နေတဲ့ အမေရိကန်ကုမ္ပဏီတွေကို စုံစမ်းထောက်လှမ်းတာတွေ လုပ်တဲ့အပြင် အခြား ခိုးယူမှုတွေလုပ်ဖို့ တရုတ်အစိုးရထောက်လှမ်းရေးတွေဆီက အကူအညီ ယူခဲ့တယ်ဆိုပြီး တရုတ်အမျိုးသား နှစ်ဦးကိုလည်း တရားစွဲဆိုလိုက်ပါတယ်။

တရုတ် ဆိုက်ဘာသူလျှိုတွေအပေါ်အမေရိကန်က ဖြိုခွဲနှိမ်နင်းမှုတွေ လုပ်နေတဲအချိန်မှာ အခုလို တရားဝင် အသိပေး တရားစွဲလိုက်တာပါ။

ပြီးခဲ့တဲ့အပတ်ကပဲ အမေရိကန်နဲ့အတူ ဗြိတိန် ကနေဒါတို့ ဟာ ကိုဗစ် -၁၉ နဲ့ ပတ်သက်တဲ့ သုတေသနတွေကို ခိုးယူတယ်ဆိုပြီး ရုရှားနိုင်ငံကိုလည်း စွပ်စွဲထားပါသေးတယ်။

အမေရိကန်ရဲ့ အင်္ဂါနေ့က တရားဝင်ထုတ်ပြန်ချက်အရ တရုတ်အမျိုးသား အီလက်ထရောနစ် အင်ဂျင်နီယာကျောင်းသားဟောင်း လီဇောင်ဝူနဲ့ ဒေါင်ဇီဟီ တို့ကို ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေ ခိုးယူမှုအပြင် ဆက်သွယ်ရေး နည်းပညာသုံးပြီး လိမ်လည်မှုတို့နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

စွပ်စွဲချက်တွေက ဘာတွေလဲ

အစိုးရရှေ့နေတွေက ဒီအမျိုးသားနှစ်ဦးဟာ ဇန်နဝါရီလမှာ ကိုဗစ် -၁၉ အတွက် ကုသနည်းကို သုတေသနပြုနေတဲ့ မက်ဆာချူးဆက်ပြည်နယ်က ဇီဝနည်းပညာ ကုမ္ပဏီတစ်ခုကို စုံစမ်းထောက်လှမ်းခဲ့ကြတယ်လို့သိရပါတယ်။

အဲဒီနောက် တစ်ပတ်အတွင်းမှာပဲ သူတို့ဟာ ကိုဗစ် -၁၉ အတွက်သုတေသနလုပ်နေတဲ့ မေရီလန်းပြည်နယ်က ကုမ္ပဏီတစ်ခုကိုလည်းဖောက်ထွင်းခဲ့တယ်လို့ဆိုပါတယ်။

ဒီဟက်ကာတွေဟာ တရုတ်လုံခြုံရေး၀န်ကြီးဌာန အရာရှိတစ်ဦးအပါအဝင် တရုတ် ထောက်လှမ်းရေးအရာရှိတွေဆီက အထောက်အပံ့တွေ မကြာခဏ ရရှိခဲ့ကြောင်းပြောပါတယ်။
လီဇောင်ဝူ ဝဲဘက် နဲ့ ဒေါင်ဇီဟီ
သူတို့ဟာ ၂၀၀၉ ခုနှစ်ကစပြီးဒေါ်လာသန်းရာနဲ့ချီတဲ့ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေနဲ့ မူပိုင်ခွင့်ဆိုင်ရာ အချက်အလက်တွေ အပါအဝင် အခြားအဖိုးတန်စီးပွားရေးအချက်အလက်တွေကို ခိုးယူခဲ့ပါတယ်။

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အဲ့ဒီအမျိုးသားနှစ်ဦးဟာ ကိုဗစ် ၁၉ကာကွယ်ဆေး၊ ကုသမှုနဲ့ စမ်းသပ်ခြင်းနည်းပညာတွေ အတွက်လူသိများတဲ့ဇီဝနည်းပညာကုမ္ပဏီနဲ့အခြားကုမ္ပဏီတွေ ရဲ့ ကွန်ရက်တွေရဲ့ အားနည်းချက်တွေ ရှာဖွေတွေ့ရှိထားတယ်လို့လည်း တရားစွဲတဲ့ အချက်တွေထဲမှာ ပါဝင်ပါတယ်။

တရုတ်ဟက်ကာတွေ ပစ်မှတ်ထားခံရတဲ့ ကုမ္ပဏီတွေကတော့ သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ဂျပန်၊ နယ်သာလန်၊ စပိန်၊ ဆွီဒင် နဲ့ ယူကေတို့ကကုမ္ပဏီတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဟက်ကာတွေဟာ ဗြိတိသျှ နည်းပညာသုံးထောက်လှမ်းရေးကုမ္ပဏီ၊ စပိန် ကာကွယ်ရေးကုမ္ပဏီတစ်ခုနဲ့ သြစတြေးလျနေရောင်ခြည်စွမ်းအင်သုံး ကုမ္ပဏီတစ်ခုကို ထိုးဖောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဟက်ကာတွေက သူတို့ဟာ ကိုယ်ပိုင်အကျိုးစီးပွားအတွက် ကုမ္ပဏီရဲ့ သတင်းအချက်အလက်များကို ထုတ်ဖော်ခြင်းမပြုဖို့ ငွေညှစ်တောင်းခံဖို့ခိုးယူခဲ့တာပါလို့ ပြောသလိုတရုတ်အစိုးရအတွက် စိတ်ဝင်စားဖွယ် အချက်အလက်တွေကိုခိုးယူခဲ့တာလို့လည်းပြောပါတယ်။

တရုတ် ဟာ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားတို့လို့ ဆိုက်ဘာပြစ်မှုကျူးလွန်သူများအတွက် အကာအကွယ်ပေးတဲ့ နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်လာနေပါတယ်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကတော့ အမေရိကန်တို့ရဲ့ ကိုဗစ် -၁၉ သုတေသနကို ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်ပြီး တရုတ်နိုင်ငံက ရယူနေတယ်လို့စွပ်စွဲပြစ်တင်မှုအပေါ် ပယ်ချငြင်းပယ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-53501455
ကိုဗစ် -၁၉ ကာကွယ်ဆေးသုတေသန သူလျှိုမှုနဲ့ အမေရိကန်က တရုတ်အမျိုးသားနှစ်ဦးကို တရားစွဲ ကိုဗစ် -၁၉ ကာကွယ်ဆေးသုတေသန သူလျှိုမှုနဲ့ အမေရိကန်က တရုတ်အမျိုးသားနှစ်ဦးကို တရားစွဲ Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.