မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက် ထပ်မံထုတ်ပြန်


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ COVID-19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး တို့အတွက် ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်ကို ၂ဝ၂ဝပြည့်နှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် ထပ်မံထုတ်ပြန်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ နိုက်ကလပ်၊ ကာရာအိုကေ/စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗွီဒီယိုရုံများ၊ ရုပ်ရှင်ရုံများ၊ တရားပွဲ/စခန်းများ၊ ဘုရား ပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ ရဟန်းခံရှင်ပြုပွဲများ၊ အခြားပွဲလမ်း သဘင်များ၊ လူမှုရေးလုပ်ငန်းများ၊ ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးပွဲများ ခေတ္တယာယီပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အတိုင်းအတာတစ်ရပ်အထိ ဆောင်ရွက်နိုင်ပြီဖြစ်သည့်အတွက် ပုဂ္ဂလိက အဖွဲ့အစည်း/အရပ်ဖက်အဖွဲ့အစည်းများမှ ဖွင့်လှစ်သည့်သင်တန်းများအနက် (Capacity Building) မဖြစ် မနေဖွင့်လှစ်ရန် လိုအပ်သည့် သင်တန်းများကို Social Distancing နှင့်အညီ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက်စေပြီး ပြန်လည်ဖွင့်လှစ် ခွင့်ပြုသွားမည် ဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်/မြို့/ရပ်ကွက်နှင့်ကျေးရွာများတွင် ဖွင့်လှစ်ထားသော အောက်ပါလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော Covid-19 ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ သတိပေးချက်များ၊ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်စေရန် သက်ဆိုင်ရာ မြို့နယ် Covid-19  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများသို့ တင်ပြ၍ စစ်ဆေးမှုခံယူစေပြီး စံနှုန်းများနှင့်ကိုက်ညီမှုရှိပါက ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သည်။

 (က) စကိတ်ကွင်း၊ ဖူဆယ်ကွင်း၊ ဘောလုံးကွင်း၊ ကိုယ်ကာယကြံ့ခိုင်မှုဝန်ဆောင်မှု လုပ်ငန်း၊ ဘိလိယက်/စနူကာလုပ်ငန်း၊ Spa အလှပြင်ဆိုင်၊ အကြောပြင်လုပ်ငန်း။

 ( ခ) မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၏ မဟာအောင်မြေကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း။
COVID - 19 ရောဂါနှင့်ပတ်သက်၍ WHO နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များအရ အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သဖြင့် ပြန့်ပွားမှုကိုထိန်းချုပ်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းမှာ မိမိအိမ်တွင် နေထိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုမရှိခြင်းတို့ဖြစ်ပါသည်။ မဖြစ်မနေ အပြင်သို့ သွားရောက်သည့်အခါတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်၍ သွားရောက်ရန် လိုအပ်ပါသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်/မြို့/ရပ်ကွက်နှင့်ကျေးရွာများသို့ ပြည်ပ နိုင်ငံများမှ ပြန်လည်ရောက်ရှိသူများအားလုံး Community Based Facility Quarantine (၂၁)ရက်နှင့် Home Quarantine (၇)ရက် ထားရှိဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ပါသည်။

၇။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် နေ့စဉ် ည(၁၂)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရ Curfew  အမိန့်များကို ဆက်လက်ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ပါသည်။
အများပြည်သူအနေဖြင့် COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်ခြင်းလုပ်ငန်းများကို အမျိုးသားရေးအသွင်အဖြစ်မှတ်ယူပြီး လမ်းညွှန်ချက်များ၊ တားမြစ်ကန့်သတ်ချက်များကို (၁၆-၇-၂၀၂၀)ရက်မှ စတင်၍ (၃၁-၇-၂၀၂၀)ရက်အထိ လိုက်နာဆောင်ရွက်ပေးပါရန် ပြည်သူများသိရှိစေရန် အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ Coronavirus Disease 2019 (COVID-19)အား ကမ္ဘာ့ကပ်ရောဂါ တစ်ခုအဖြစ် သတ်မှတ်ကြေညာခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက် ထပ်မံထုတ်ပြန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက် ထပ်မံထုတ်ပြန် Reviewed by THITHTOOLWIN on 00:53 Rating: 5
Powered by Blogger.