အမေရိကန် ဟူစတန်မြို့ တရုတ်ကောင်စစ်ဝန်ရုံး အပိတ်ခံရ

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်၊ ဟူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံး။ (ဇူလိုင် ၂၂၊ ၂၀၂၀)
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်၊ ဟူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ ညွှန်ကြားထားတယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Morgan Ortagus က ဒီကနေ့ပြောပါတယ်။

"အမေရိကန် ဉာဏပစ္စည်း မူပိုင်ခွင့်နဲ့ အမေရိကန်နိုင်ငံက ပုဂ္ဂလိကကဏ္ဍ သတင်းအချက်အလက်တွေကို ကာကွယ်ဖို့အတွက် ဟူစတန်မြို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ ညွှန်ကြားထားပါတယ်။" လို့ ပြောခွင့်ရ Ortagus က အီးမေးလ်နဲ့ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ပြောထားတဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
နိုင်ငံခြားရေးဌာနပြောခွင့်ရ Morgan Ortagus
ကောင်စစ်ဝန်ရုံးကိုပိတ်ဖို့ အမေရိကန်က ရုတ်တရက်ပြောခဲ့တယ်လို့ တရုတ်နိုင်ငံက အစောပိုင်းမှာ ပြောခဲ့ပြီးတဲ့နောက် အမေရိကန် နိုင်ငံခြားရေးဌာနဘက်က အခုလို အတည်ပြုလိုက်တာပါ။

သုံးရက်အတွင်း ကောင်စစ်ဝန်ရုံးကို ပိတ်ရမယ်လို့ အမေရိကန်က ပြောထားကြောင်းလည်း တရုတ် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒီလိုပိတ်ခိုင်းတဲ့အပေါ် အပြင်းအထန် ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနကပြောပြီး လက်တုံ့ပြန်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

"ဒီ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ချက်ခြင်း ပြန်ရုပ်သိမ်းဖို့ အမေရိကန်ကို ကျနော်တို့ တိုက်တွန်းပါတယ်။ ဒီလို မှားယွင်းတဲ့လမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုရင်တော့ တရုတ်နိုင်ငံအနေနဲ့ အခိုင်အမာ တုံ့ပြန်သွားမှာဖြစ်ပါတယ်။" လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin က ဒီကနေ့လုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

ဒီနှစ်အစောပိုင်းမှာ တရုတ်နိုင်ငံ၊ ဝူးဟန်မြို့ကနေ ကိုရိုနာဗိုင်းရပ်စ်ပိုး စပြီးပျံ့နှံ့ကူးစက်ခဲ့ချိန်ကတည်းက အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေး ကျဆင်းလာနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းကပဲ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသ နိုင်ငံတွေမှာရှိတဲ့ အမေရိကန်သံရုံး တာဝန်ရှိသူတွေက ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်ထားတဲ့ ဆောင်းပါးတွေ ရေးသားထုတ်ဝေခဲ့ပြီး တရုတ် သံအဖွဲ့တွေဘက်ကလည်း အပြင်းအထန် တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-china/5512715.html
အမေရိကန် ဟူစတန်မြို့ တရုတ်ကောင်စစ်ဝန်ရုံး အပိတ်ခံရ အမေရိကန် ဟူစတန်မြို့ တရုတ်ကောင်စစ်ဝန်ရုံး အပိတ်ခံရ Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.