တရုတ်အစိုးရက ဟောင်ကောင် အရေး ဝင်မစွက်ဖို့ ယူကေကို သတိပေး

တရုတ်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာဥပဒေအသစ်အပေါ်ဟောင်ကောင်မှာ ဆန္ဒပြမှုများရှိခဲ့
ယူကေအစိုးရ အနေနဲ့ ဟောင်ကောင်နဲ့ ပတ်သက်လို့ လမ်းလွဲလိုက်ခဲ့ရင် ဖြစ်ပေါ်လာမယ့် အကျိုးသက်ရောက်မှု‌တွေကို ခံနိုင်ရမယ်လို့ တရုတ်အစိုးရက သတိပေးလိုက်ပါတယ်။

ယူကေဘက်က ဟောင်ကောင်နဲ့ သဘောတူထားတဲ့ တရားခံလွှဲအပ်ရေး သဘောတူညီချက်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က ဆိုင်ငံ့ထားလိုက်တဲ့ အကြောင်းရင်းကလည်း တရုတ်အစိုးရက ဟောင်ကောင်မှာ လုံခြုံရေးဆိုင်ရာ ဥပဒေသစ် ချမှတ်လို့ ဖြစ်ပါတယ်။

လန်ဒန်က တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကလည်း ယူကေဟာ တရုတ်ပြည်တွင်းရေးမှာ ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်နေတယ်လို့ တုံ့ပြန်လိုက်ပါတယ်။

တရုတ်ဘက်ကတော့ ယူကေပြည်တွင်းရေးမှာ ဘယ်တော့မှ မစွက်ဖက်လို့ ယူကေလည်း အလားတူ ကျင့်သုံးသင့်ကြောင်း သံအမတ် လူရှောင်မင်းက ပြောတာပါ။

ဇူလိုင်လဆန်းပိုင်းက ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဟောင်ကောင်ဒေသခံ သုံးသိန်းကို ယူကေမှာ အခြေချလိုရင် ဗြိတိသျှ နိုင်ငံသား လျှောက်ခွင့်ပြုမယ် လို့ပြောခဲ့ပါတယ်။

ဒီကမ်းလှမ်းချက်ကလည်း ပြီးခဲ့တဲ့ ဇွန်လကုန်က တရုတ်ဘက်ကနေ အငြင်းပွားဖွယ်ရာ လုံခြုံရေးဆိုင်ရာ ဥပဒေသစ် ထုတ်လို့ ဖြစ်ပါတယ်။

ဒီဥပဒေအရဆိုရင် တရားစီရင်ရေးအပိုင်းမှာ ဟောင်ကောင် ဒေသခံတွေကို တရုတ်ပြည်ဘက်မှာ တရားရင်ဆိုင်ရေး ဖြစ်ပါတယ်။

အဆိုပါ ဥပဒေကြောင့် ဟောင်ကောင်ဒေသခံတွေ အနေနဲ့ တရုတ်အစိုးရ ဥပဒေကို လူစုလူဝေးနဲ့ ကန့်ကွက်တဲ့အခါမှာ တရုတ်ပြည်ဘက် ဖမ်းခေါ်သွားပြီး ထောင်ဒဏ် တစ်သက် ချမှတ် နိုင်ကြောင်း ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

ဒီလို ယူကေနဲ့ တရုတ်အစိုးရအကြား တင်းမာမှု အရှိန်မြင့်တက်လာရာက ယူကေက တရုတ် ဟွာဝေး ရဲ့ 5G mobile နည်းပညာ ကွန်ရက်ကို လက်မခံတော့မယ့် အကြောင်း ကြေညာလိုက်ပါတယ်။

ဒီကြားထဲမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုဟာ လန်ဒန်ကိုရောက်လာပြီး ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ဆွေးနွေးရာမှာ တရုတ်အရေး နဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ အကြောင်းတွေ ပါဝင်ပါတယ်။

အတိုက်အခံ အင်အားစုတွေ ပြောကြားချက်အရ တရုတ်ဘက်က ထုတ်ပြန်တဲ့ လုံခြုံရေးဥပဒေသစ်ဟာ ၁၉၉၇ ခုနှစ်က ဟောင်ကောင်ကို တရုတ်လက်အောက် ပြန်မလွှဲမီမှာ သဘောတူခဲ့တဲ့ သဘောတူညီချက်ကို တရုတ်ဘက်က ချိုးဖောက်တာလို့ သိရပါတယ်။

အဆိုပါ နှစ်ငါးဆယ် သဘောတူညီချက်အရ တရုတ်အစိုးရ အနေနဲ့ ဟောင်ကောင်ဒေသခံတွေကို အခြေခံလွတ်လပ်ခွင့်တွေ ပေးရမယ့်အထဲမှာ လွတ်လပ်စွာ ဆန္ဒပြခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်နဲ့ လွတ်လပ်တဲ့တရားစီရင်ရေးစနစ်တွေ ကို ဟောင်ကောင်ရဲ့ အခြေခံဥပဒေမှာ ထည့်သွင်းပေးခဲ့တာပါ။ သဘောကတော့ တစ်ပြည်ထောင် စနစ်နှစ်မျိုးနဲ့ အုပ်ချုပ်ရေးပဲ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုဟာ လန်ဒန်ကိုရောက်လာပြီး ဝန်ကြီးချုပ် ဘောရစ်စ် ဂျွန်ဆင် နဲ့ ဆွေးနွေးရာမှာ တရုတ်အရေး နဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ အကြောင်းတွေ ပါဝင်
ယူကေ နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရဘ်ကလည်း တရုတ်နဲ့ ယူကေအကြား တရားခံလွှဲအပ်ရေး သဘောတူညီချက်ကို ဆိုင်းငံ့ကြောင်း ကြေညာအပြီးမှာ တရုတ်ရဲ့ ဟောင်ကောင်ဆိုင်ရာ ဥပဒေသစ်ဟာ ဘယ်လို အသက်ဝင်အောင် အသုံးချမယ် ဆိုတာလည်း သေချာမှု မရှိကြောင်း ပြောပါတယ်။

သူ့ အနေနဲ့ ပြောနိုင်တာကတော့ တရုတ်ရဲ့ ခြေလှမ်းကို နိုင်ငံတကာ က စောင့်ကြည့် နေတယ် လို့ ထောက်ပြသွားပါတယ်။

ဒါကြောင့် ဟောင်ကောင်မှာ ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်တယ်လို့ သံသယရှိသူကို တရားရင်ဆိုင်ဖို့ ယူကေ အာဏာပိုင်တွေ အနေနဲ့ လွယ်လင့်တကူ တရုတ်ဘက်ကို လွှဲပြောင်းပေးမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ပြောတာပါ။

တရုတ်သံရုံးရဲ့ အင်တာနက် စာမျက်နှာတော့ တရုတ်ရဲ့ ပြည်တွင်းရေးမှာ ယူကေအစိုးရရဲ့ ဝင်ရောက် စွက်ဖက်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံအကြား သံတမန်ရေး အငြင်းပွားမှုဟာ လတ်တလော ပြီးဆုံးမယ့် အခြေအနေမရှိသေးသလို ဘယ်လောက်အထိ ကြီးထွားလာမယ် ဆိုတာလည်း ခန့်မှန်းလို့ မရသေးပါဘူး။

BBC Burmese
https://www.bbc.com/burmese/world-53494012
တရုတ်အစိုးရက ဟောင်ကောင် အရေး ဝင်မစွက်ဖို့ ယူကေကို သတိပေး တရုတ်အစိုးရက ဟောင်ကောင် အရေး ဝင်မစွက်ဖို့ ယူကေကို သတိပေး Reviewed by THITHTOOLWIN on 06:52 Rating: 5
Powered by Blogger.