ကွတ်ခိုင်မြို့နယ်မှာ မိုင်း‌ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးသေဆုံး လေးဦးဒဏ်ရာရ

ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာတွင် ဇူလိုင်လ ၃၀ ရက်နေ့ညနေက မိုင်းပေါက်ကွဲပြီး ဒဏ်ရာရခဲ့သည့် ကလေးငယ်များကို လားရှိုးမြို့ဆေးရုံသို့ ပို့ဆောင်စဉ်။ Photo: Khan Thar/RFA
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အထွက် လွိုင်ဆမ်ဆစ်တောင်အနီးက ခိုတင်ကျေးရွာမှာ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ငါးနာရီလောက်က မိုင်းတစ်လုံးပေါက်ကွဲပြီး ကလေးငယ်ငါးဦး ဒဏ်ရာ အပြင်းအထန် ရရှိပြီး အဲဒီထဲက တစ်ဦးက ဆေးရုံမှာ သေဆုံးသွားပါတယ်။

ကျေးရွာတွင်းက နေအိမ်ရှေ့မှာ ဆော့ကစားနေကြချိန်မှာ မိုင်းပေါက်ကွဲတာဖြစ်ပြီး ကလေးခုနှစ်ဦးထဲက ငါးဦး ဒဏ်ရာရသွားခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။

အသက်ငါးနှစ်ကနေ ခုနှစ်နှစ်အရွယ် ကလေးငါးဦး ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး၊ အသက်ငါးနှစ်အရွယ် ကိန်းခမ်းအမည်ရှိ မိန်းကလေးတစ်ဦးကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ည ၉ နာရီ မိနစ် ၄၀ မှာ သေဆုံးသွားတယ်လို့ ဆေးရုံမှာ လိုက်ပါ ကူညီပေးနေတဲ့ ကိုဇော်ဝင်းနောင်က ပြောပါတယ်။ ကျန်တဲ့ကလေးသုံးဦးကို ဒီကနေ့ညပိုင်းမှာ လားရှိုးဆေးရုံကို ပို့ဆောင်လိုက်ပြီး ဒဏ်ရာသိပ်မပြင်းထန်တဲ့ နောက်တစ်ယောက်ကိုတော့ ကွတ်ခိုင်ဆေးရုံမှာ ကုသပေးနေပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေအိမ်ဟာ လွန်ခဲ့တဲ့ဆယ်လလောက်က တပ်မတော်သားတွေ ဝင်ရောက် နေရာယူခဲ့ဖူးပြီး ကျေးရွာမှာ ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့ဖူးတယ်လို့ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ပေါက်ကွဲတဲ့ မိုင်းဟာ ကျေးရွာထဲက နေအိမ်ရှေ့မှာတင် မြှုပ်ထားတဲ့မိုင်းဖြစ်တယ်လို့ ယူဆရပြီး ဘယ်အဖွဲ့ကမိုင်းလည်း ဆိုတာကိုတော့ တိတိကျကျ မသိဘူးလို့ ဒေသခံက ပြောပါတယ်။

ခိုတင်ကျေးရွာ အပါအဝင် အနီးအနားကျေးရွာတွေ တဝိုက်မှာ ပြီးခဲ့တဲ့နှစ်က တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ဒေသခံကပြောပါတယ်။ တိုက်ပွဲကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာခဲ့ရဖူးတယ်လို့လည်း ပြောပါတယ်။

ဇူလိုင်လ ၈ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် ပန်ကိုင်ကျေးရွာအုပ်စု နမ့်ခွမ်ရွာက တောင်ယာလုပ်ငန်းခွင်မှာ လက်နက်ကျည်ဟောင်းတစ်လုံး ပေါက်ကွဲတဲ့အတွက် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ခုနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း သိန္နီမြို့နယ် ပန်တီးကျေးရွာမှာ မိုင်းဟောင်းတစ်လုံး ပေါက်ကွဲပြီး ကျောက်တုံးသယ်နေတဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့မှာ ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာက ဝါးခုတ်သွားတဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့ ညနေငါးနာရီလောက်က နမ့်ခမ်းမြို့နယ် လော့နော်ကျေးရွာမှာ မိုင်းနင်းမိတာကြောင့် သံဃာတစ်ပါးနဲ့ ရွာသားတစ်ဦး သေဆုံးခဲ့ပြီး ကိုရင်တစ်ပါး မိုင်းစထိမှန် ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင်လ ၂၄ရက်နေ့ကလဲ ကွတ်ခိုင်မြို့နယ် ပါနင်ကျေးရွာက ကျွဲရောင်းဖို့သွားတဲ့ အသက် ၂၉ နှစ်အရွယ် ပါနင်ရွာသား မိုင်းအိုက်ဝေါင်းဟာ မန်လွယ်ရွာအနီးမှာ မိုင်းနင်းမိပြီး သေဆုံးခဲ့ပါတယ်။ အလားတူပဲ ကျောက်မဲမြို့နယ် ကျောင်းကုန်းရွာအနီး တောင်ယာမှာ မိုင်းဟောင်းတစ်လုံး ပေါက်ကွဲလို့ အသက် ၅၉ နှစ် အရွယ် ဦးကြင်မောင်ဆိုသူ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

RFA ပြုစုထားတဲ့စာရင်း‌တွေအရ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ သိန္နီမြို့နယ်တွေမှာ ဇူလိုင်လ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း မိုင်းနဲ့စစ်လက်နက် အကြွင်းအကျန်တွေ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ခုနှစ်ကြိမ်၊ သေဆုံးသူ သံဃာတစ်ပါးနဲ့ အရပ်သားသုံးဦး၊ ဒဏ်ရာရသူ ၁၅ ဦး ရှိခဲ့ပါတယ်။ အဲ့ဒီထဲမှာ ကွတ်ခိုင်မြို့နယ်မှာ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရမှု အကြိမ်ရေ အများဆုံး ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/landmine-blast-in-kutkai-07302020120531.html
ကွတ်ခိုင်မြို့နယ်မှာ မိုင်း‌ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးသေဆုံး လေးဦးဒဏ်ရာရ ကွတ်ခိုင်မြို့နယ်မှာ မိုင်း‌ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးသေဆုံး လေးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 07:21 Rating: 5
Powered by Blogger.