လူ႔အခြင့္အေရးေကာ္မရွင္ရဲ႕ Victoria အမႈကိစၥ ေၾကညာခ်က္ ေဝဖန္ခံေနရ

ရန္ကုန္ၿမိဳ႕ ၆ မိုင္ခြဲမွာရွိတဲ့ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးေကာ္မရွင္ ႐ုံးဆိုင္းဘုတ္ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ေနျပည္ေတာ္က Wisdom Hill ပုဂၢလိက မူႀကိဳကိုယ္ပိုင္ေက်ာင္းမွာ ေက်ာင္းတက္ခဲ့တဲ့ ဗစ္တိုးရီးယား လို႔ အမည္ေပးထားတဲ့ သုံးႏွစ္အ႐ြယ္ ကေလးငယ္ တစ္ဦး လိင္အၾကမ္းဖက္ခံရမႈမွာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ အရာရွိ သုံးဦးက နစ္နာသူကေလးအမည္၊ မိဘအမည္ေတြကို သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖာ္ေျပာၾကားခဲ့လို႔ အဲဒီ ရဲတပ္ဖြဲ႕တာဝန္ရွိသူေတြကို အေရးယူေပးဖို႔ဆိုၿပီး ဆႏၵျပေတာင္းဆိုမႈေတြ ဆက္တိုက္ရွိေနခ်ိန္မွာ ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ရဲ႕ ေၾကညာခ်က္ဟာ ေက်နပ္အားရစရာမရွိတဲ့အတြက္ ေဝဖန္ခံေနရပါတယ္။

ဗစ္တိုးရီးယားျဖစ္စဥ္မွာ ကေလးသူငယ္အခြင့္အေရး ခ်ိဳးေဖာက္ထိခိုက္မႈေတြ ရွိေနတယ္လို႔ သုံးသပ္ေၾကာင္း ေကာ္မရွင္ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ အဲဒီေနာက္ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ သေဘာတူစာခ်ဳပ္ပါ ေဖာ္ျပခ်က္ေတြကိုသာ အက်ယ္တဝင့္ေဖာ္ျပထားၿပီး ေနာက္ဆုံးမွာေတာ့ ဒီအမႈနဲ႔ပတ္သက္လို႔ တရား႐ုံးမွာ ထြက္ဆိုခ်က္ေတြအေပၚ တာဝန္ရွိသူေတြရဲ႕ ထုတ္ေဖာ္ေျပာဆိုမႈေတြ၊ မီဒီယာေတြမွာ ထည့္သြင္းေဖာ္ျပမႈေတြဟာ ကေလးသူငယ္အခြင့္အေရးကို ထိပါးတာျဖစ္တယ္လို႔ ဆိုထားပါတယ္။ ဒါေၾကာင့္ တာဝန္ရွိသူေတြနဲ႔ သတင္းမီဒီယာေတြအေနနဲ႔ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ျပဌာန္းခ်က္ေတြကို လိုက္နာက်င့္သုံးဖို႔ လိုအပ္ေၾကာင္း တိုက္တြန္းထားတာပါ။

သတင္းမီဒီယာ ေကာင္စီအဖြဲ႕ဝင္ တစ္ဦးလည္း ျဖစ္သလို ေမာ္ကြန္း မဂၢဇင္းရဲ႕ အယ္ဒီတာခ်ဳပ္ ကိုေဇယ်ာလႈိင္က လူ႔အခြင့္အေရး ေကာ္မရွင္ရဲ႕လုပ္ရပ္ဟာ အရွက္ရစရာ ျဖစ္ေစမယ့္ ကိစၥရပ္ေတြ ျဖစ္တယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ အဖြဲ႕ဝင္ ဦးယုလြင္ေအာင္ကေတာ့ -- တရား႐ုံးကထြက္ဆိုခ်က္ေတြ အေပၚ တာဝန္ရွိသူေတြရဲ႕ ထုတ္ေဖာ္ေျပာဆိုမႈေတြ၊ သတင္းမီဒီယာေတြမွာ ထည့္သြင္းေဖာ္ျပမႈေတြနဲ႔ ပတ္သက္ၿပီး ထုတ္ေဖာ္ေရးသားသူေတြကို သိရွိေအာင္ လိုက္နာေအာင္ ထုတ္ျပန္လိုက္တာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဒီဇင္ဘာ ၁၉ ရက္ေန႔က ရဲတပ္ဖြဲ႕ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ နာမည္ေတြထုတ္ေဖာ္ေျပာခဲ့တဲ့ ရဲတပ္ဖြဲ႕ အဆင့္ျမင့္ အရာရွိေတြျဖစ္တဲ့ ရဲမႉးခ်ဳပ္ စိုးႏိုင္ဦး၊ ရဲမႉးႀကီး မင္းဟန္၊ ရဲမႉးႀကီး သာထြန္းေအာင္ တို႔ သုံးဦးအမည္ကို ေကာ္မရွင္ရဲ႕ ေၾကညာခ်က္မွာ ထည့္သြင္း ထုတ္ျပန္တာ မရွိဘဲ တာဝန္ရွိသူေတြလို႔သာ သုံးႏႈန္းထားတာကို ေတြ႕ရပါတယ္။

ဥပေဒအရဆိုရင္ ရဲတပ္ဖြဲ႕ဟာ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒ ပုဒ္မ ၉၆ နဲ႔အညီ နစ္နာသူ အမည္ကို ထိန္ခ်န္ထားေပးရမွာပါ။ ရဲတပ္ဖြဲ႕ရဲ႕ ရွင္းလင္းပြဲကို ရဲဇာနည္ လို႔ အမည္ေပးထားတဲ့ ရဲတပ္ဖြဲ႕သတင္းျပန္ၾကားေရး ေဖ့စ္ဘြတ္စာမ်က္ႏွာကလည္း တိုက္႐ိုက္ထုတ္လႊင့္ခဲ့ပါတယ္။ အဲဒီလိုထုတ္ေဖာ္ေျပာၾကားလိုက္တာကို ေဖ့ဘြတ္စ္အသုံးျပဳသူေတြက ေဝဖန္ေထာက္ျပခဲ့ခ်ိန္မွာပဲ ရဲဇာနည္ စာမ်က္ႏွာကေန အမႈတြဲ အခ်က္အလက္နဲ႔ အမည္အရင္းပါတဲ့ လွ်ိဳ႕ဝွက္စာ႐ြက္ေတြကို ထပ္တင္ခဲ့တာပါ။

ေနာက္ပိုင္းမွာေတာ့ ေဝဖန္မႈျမင့္တက္လာတဲ့အခါ ရဲဇာနည္ စာမ်က္ႏွာေပၚက တိုက္႐ိုက္ထုတ္လႊင့္မႈနဲ႔ စာ႐ြက္ စာတမ္းေတြကို ျဖဳတ္ခ်သြားခဲ့ပါတယ္။

လူမႈသဟဇာတျဖစ္ေျမာက္ေရး စင္တာက ကိုသက္ေဆြဝင္းက လူ႔အခြင့္အေရး ေကာ္မရွင္ရဲ႕ထုတ္ျပန္ခ်က္ဟာ ရဲတပ္ဖြဲ႕ကို ကာကြယ္ေပးေနတဲ့ ပုံစံျဖစ္ေနတယ္လို႔ ေျပာပါတယ္။

ေကာ္မရွင္ရဲ႕ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ အေပၚ ေဝဖန္မႈေတြ ရွိေနတာနဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီး ေက်ာ္သီဟ ကို RFA က ဆက္သြယ္ေပမယ့္ ဖုန္းလက္ခံေျဖၾကားျခင္း မရွိခဲ့ပါဘူး။

ဗစ္တိုးရီးယား အမႈကိစၥနဲ႔ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့တဲ့ ရဲတပ္ဖြဲ႕ အဆင့္ျမင့္အရာရွိေတြကို အေရးယူေပးဖို႔ ေတာင္းဆိုဆႏၵျပမႈေတြရွိသလို တစ္ခ်ိန္တည္းမွာလည္း အမႈဖြင့္အေရးယူႏိုင္ေအာင္ ေဆာင္႐ြက္ေနသူေတြလည္း ရွိေနပါတယ္။ စာေရးဆရာ ထင္လင္းဦးက ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၂ ရက္ေန႔မွာ ကိုယ္စားလွယ္လႊဲစာရတာနဲ႔ အမႈဖြင့္ႏိုင္ေအာင္ ေဆာင္႐ြက္သြားဖို႔ ရွိေနပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
လူ့အခွင့်အရေးကော်မရှင်ရဲ့ Victoria အမှုကိစ္စ ကြေညာချက် ဝေဖန်ခံနေရ

ရန်ကုန်မြို့ ၆ မိုင်ခွဲမှာရှိတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ရုံးဆိုင်းဘုတ်ကို တွေ့ရစဉ်

နေပြည်တော်က Wisdom Hill ပုဂ္ဂလိက မူကြိုကိုယ်ပိုင်ကျောင်းမှာ ကျောင်းတက်ခဲ့တဲ့ ဗစ်တိုးရီးယား လို့ အမည်ပေးထားတဲ့ သုံးနှစ်အရွယ် ကလေးငယ် တစ်ဦး လိင်အကြမ်းဖက်ခံရမှုမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အရာရှိ သုံးဦးက နစ်နာသူကလေးအမည်၊ မိဘအမည်တွေကို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့လို့ အဲဒီ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို အရေးယူပေးဖို့ဆိုပြီး ဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက်ရှိနေချိန်မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ကြေညာချက်ဟာ ကျေနပ်အားရစရာမရှိတဲ့အတွက် ဝေဖန်ခံနေရပါတယ်။

ဗစ်တိုးရီးယားဖြစ်စဉ်မှာ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ထိခိုက်မှုတွေ ရှိနေတယ်လို့ သုံးသပ်ကြောင်း ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီနောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ပါ ဖော်ပြချက်တွေကိုသာ အကျယ်တဝင့်ဖော်ပြထားပြီး နောက်ဆုံးမှာတော့ ဒီအမှုနဲ့ပတ်သက်လို့ တရားရုံးမှာ ထွက်ဆိုချက်တွေအပေါ် တာဝန်ရှိသူတွေရဲ့ ထုတ်ဖော်ပြောဆိုမှုတွေ၊ မီဒီယာတွေမှာ ထည့်သွင်းဖော်ပြမှုတွေဟာ ကလေးသူငယ်အခွင့်အရေးကို ထိပါးတာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေအနေနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်တွေကို လိုက်နာကျင့်သုံးဖို့ လိုအပ်ကြောင်း တိုက်တွန်းထားတာပါ။

သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သလို မော်ကွန်း မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ကိုဇေယျာလှိုင်က လူ့အခွင့်အရေး ကော်မရှင်ရဲ့လုပ်ရပ်ဟာ အရှက်ရစရာ ဖြစ်စေမယ့် ကိစ္စရပ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်ကတော့ -- တရားရုံးကထွက်ဆိုချက်တွေ အပေါ် တာဝန်ရှိသူတွေရဲ့ ထုတ်ဖော်ပြောဆိုမှုတွေ၊ သတင်းမီဒီယာတွေမှာ ထည့်သွင်းဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ရေးသားသူတွေကို သိရှိအောင် လိုက်နာအောင် ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ နာမည်တွေထုတ်ဖော်ပြောခဲ့တဲ့ ရဲတပ်ဖွဲ့ အဆင့်မြင့် အရာရှိတွေဖြစ်တဲ့ ရဲမှူးချုပ် စိုးနိုင်ဦး၊ ရဲမှူးကြီး မင်းဟန်၊ ရဲမှူးကြီး သာထွန်းအောင် တို့ သုံးဦးအမည်ကို ကော်မရှင်ရဲ့ ကြေညာချက်မှာ ထည့်သွင်း ထုတ်ပြန်တာ မရှိဘဲ တာဝန်ရှိသူတွေလို့သာ သုံးနှုန်းထားတာကို တွေ့ရပါတယ်။

ဥပဒေအရဆိုရင် ရဲတပ်ဖွဲ့ဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၉၆ နဲ့အညီ နစ်နာသူ အမည်ကို ထိန်ချန်ထားပေးရမှာပါ။ ရဲတပ်ဖွဲ့ရဲ့ ရှင်းလင်းပွဲကို ရဲဇာနည် လို့ အမည်ပေးထားတဲ့ ရဲတပ်ဖွဲ့သတင်းပြန်ကြားရေး ဖေ့စ်ဘွတ်စာမျက်နှာကလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီလိုထုတ်ဖော်ပြောကြားလိုက်တာကို ဖေ့ဘွတ်စ်အသုံးပြုသူတွေက ဝေဖန်ထောက်ပြခဲ့ချိန်မှာပဲ ရဲဇာနည် စာမျက်နှာကနေ အမှုတွဲ အချက်အလက်နဲ့ အမည်အရင်းပါတဲ့ လျှို့ဝှက်စာရွက်တွေကို ထပ်တင်ခဲ့တာပါ။

နောက်ပိုင်းမှာတော့ ဝေဖန်မှုမြင့်တက်လာတဲ့အခါ ရဲဇာနည် စာမျက်နှာပေါ်က တိုက်ရိုက်ထုတ်လွှင့်မှုနဲ့ စာရွက် စာတမ်းတွေကို ဖြုတ်ချသွားခဲ့ပါတယ်။

လူမှုသဟဇာတဖြစ်မြောက်ရေး စင်တာက ကိုသက်ဆွေဝင်းက လူ့အခွင့်အရေး ကော်မရှင်ရဲ့ထုတ်ပြန်ချက်ဟာ ရဲတပ်ဖွဲ့ကို ကာကွယ်ပေးနေတဲ့ ပုံစံဖြစ်နေတယ်လို့ ပြောပါတယ်။

ကော်မရှင်ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အပေါ် ဝေဖန်မှုတွေ ရှိနေတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟ ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

ဗစ်တိုးရီးယား အမှုကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိတွေကို အရေးယူပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေရှိသလို တစ်ချိန်တည်းမှာလည်း အမှုဖွင့်အရေးယူနိုင်အောင် ဆောင်ရွက်နေသူတွေလည်း ရှိနေပါတယ်။ စာရေးဆရာ ထင်လင်းဦးက ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ ကိုယ်စားလှယ်လွှဲစာရတာနဲ့ အမှုဖွင့်နိုင်အောင် ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

RFA Burmese
https://www.rfa.org
လူ႔အခြင့္အေရးေကာ္မရွင္ရဲ႕ Victoria အမႈကိစၥ ေၾကညာခ်က္ ေဝဖန္ခံေနရ လူ႔အခြင့္အေရးေကာ္မရွင္ရဲ႕ Victoria အမႈကိစၥ ေၾကညာခ်က္ ေဝဖန္ခံေနရ Reviewed by THITHTOOLWIN on 03:37 Rating: 5
Powered by Blogger.