ICJ ခရီးစဥ္ေထာက္ခံမႈ တရားခြင္အေပၚ လႊမ္းမိုးမႈ ရွိမည္မဟုတ္

ICJ တြင္ ေဒၚေအာင္ဆန္းစုၾကည္ သြားေရာက္ရင္ဆုိင္မည့္အေပၚ UWSA ထုတ္ျပန္ခ်က္။ (ႏုိဝင္ဘာ ၂၇၊ ၂၀၁၉)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ စြပ္စြဲခ်က္အေပၚ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကုိယ္တိုင္ ႏုိင္ငံတကာတရား႐ံုး (ICJ) မွာ သြားေရာက္ရင္ဆိုင္ဖို႔ လုပ္တာဟာ တာဝန္ယူမႈ တာဝန္ခံမႈရွိတဲ့ လုပ္ရပ္အျဖစ္ ေထာက္ခံတယ္လို႔ UWSA က ေျပာဆိုလိုက္ပါတယ္။ စစ္တပ္ရဲ႕ စစ္ရာဇဝတ္မႈ က်ဴးလြန္မႈေတြကို ICJ မွာ သက္ေသခံမယ္လို႔ ထုတ္ျပန္ခဲ့တဲ့ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔နဲ႔ေတာ့ အျမင္ကြဲျပားမႈ ရွိႏုိင္ေပမယ့္ ႏုိင္ငံေရးမဟာမိတ္ေတြသာ ျဖစ္တယ္လို႔လည္း UWSA က ေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ICJ ကိုသြားမယ့္ ခရီးစဥ္အေပၚ အခုလို တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြၾကား အျမင္သေဘာထား ကြဲျပားမႈ ရပ္တည္ခ်က္ ကြာျခားမႈေတြဟာ ဘယ္လိုသက္ေရာက္မႈေတြ ရွိႏုိင္ပါသလဲဆိုတဲ့ အျမင္ေတြကို မဆုမြန္က ေမးျမန္းတင္ျပထားပါတယ္။

ျမန္မာႏိုင္ငံအေပၚ လူမ်ဳိးတုံးသတ္ျဖတ္မႈဆိုင္ရာ စြပ္စြဲခ်က္နဲ႔ ႏုိင္ငံတကာတရား႐ံုး ICJ မွာ ဂမ္ဘီယာႏုိင္ငံက တိုင္ၾကားထားတာကို ၾကားနာစစ္ေဆးမယ့္ကိစၥ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ သြားေရာက္ရင္ဆိုင္ေျဖရွင္းမွာ ျဖစ္ပါတယ္။ အခုလို ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ႏိုင္ငံျခားေရးဝန္ႀကီးတေယာက္ အေနနဲ႔ ကိုယ္တိုင္ဦးစီးၿပီး ေျဖရွင္းမယ့္ကိစၥအေပၚ ျပည္ေထာင္စု၏ ဂုဏ္သိကၡာအေပၚ ကာကြယ္ေစာင့္ထိန္းမည့္ လုပ္ရပ္အျဖစ္ ဂုဏ္ယူတယ္လို႔ UWSA ဝျပည္နယ္ဘက္က ေထာက္ခံေၾကညာခ်က္ ႏိုဝင္ဘာလ ၂၇ ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္။ စြပ္စြဲခ်က္ေတြအေပၚ မ်က္စိစံုမွိတ္ ျငင္းပယ္မေနဘဲ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ဦးေဆာင္ၿပီး သြားရွင္းမယ့္အေပၚ တာဝန္ယူမႈ တာဝန္ခံမႈအျပည့္နဲ႔ လုပ္ေဆာင္ခ်က္အျဖစ္ ေထာက္ခံတဲ့သေဘာ ျဖစ္ပါတယ္လို႔ UWSA ဝအဖြဲ႔ရဲ႕ လား႐ိႈးဆက္ဆံေရး႐ံုး တာဝန္ခံ ဦးညီရန္းက ဗီြအိုေအျမန္မာပိုင္းကို အခုလိုေျပာပါတယ္။

“က်ေနာ္တို႔အေနနဲ႔ ဘယ္လုိပဲျဖစ္ျဖစ္ မ်က္စိမွိတ္ျငင္းတာထက္ ဒါမ်ဳိး တာဝန္ယူမႈ၊ တာဝန္ခံမႈ ရဲရဲဝံ့ဝံ့ သြားၿပီးမွ ေျဖရွင္းတယ္ဆုိတာေတာ့ ေထာက္ခံပါတယ္။ Genocide ေျမာက္တယ္၊ မေျမာက္ဘူးဆုိတာ ဒါက တရား႐ုံးက ဆုံးျဖတ္ပါလိမ့္မယ္။”

မဆုမြန္ - ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ကိုယ္တုိင္ သြားၿပီး ေျဖရွင္းမယ့္ကိစၥကိုေရာ ကူညီေပးတာမ်ဳိး၊ ဝုိင္းၿပီးေတာ့ ေဆာင္ရြက္ေပးတာမ်ဳိး ဘာမ်ားရွိႏုိင္မလဲ။

ဦးညီရန္း - “အရင္တုန္းကေတာ့ က်ေနာ္တုိ႔ အစုိးရနဲ႔ ပူးေပါင္းခဲ့တဲ့ အစဥ္အလာေတြ ရွိခဲ့ပါတယ္။ ဆက္လက္ၿပီးေတာ့ ဘယ္လိုပူးေပါင္းမလဲဆုိတာ ဒါကေတာ့ ႏုိင္ငံေတာ္အစုိးရက ဘယ္လိုမ်ဳိး ကမ္းလွမ္းလာမလဲ ဆုိတဲ့အေပၚမွာ ဌာနခ်ဳပ္နဲ႔ ဘယ္လုိတုိင္ပင္မလဲ ဆုိတဲ့အေပၚမွာ မူတည္ပါလိမ့္မယ္။”

ICJ ႏိုင္ငံတကာ တရား႐ုံးမွာ ျမန္မာႏိုင္ငံအေပၚ လူမ်ိဳးတုံုးသတ္ျဖတ္မႈနဲ႔ တရားစြဲဆိုမႈကို ေထာက္ခံေၾကာင္းနဲ႔ စစ္ရာဇဝတ္မႈ က်ဴးလြန္ခဲ့မႈေတြအတြက္ လုိအပ္တဲ့ အခ်က္အလက္ သက္ေသအေထာက္အထားေတြ ကူညီေပးသြားမွာ ျဖစ္တယ္လို႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ဝင္ ၃ ဖြဲ႔ကလည္း ႏုိဝင္ဘာလ ၂၉ ရက္က ေၾကညာခ်က္ ထုတ္ထားတာပါ။ အခုလို တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြၾကား ရပ္တည္ခ်က္ သေဘာထား ထုတ္ျပန္ခ်က္ မတူကြဲျပားမႈဟာ အဖြဲ႔အခ်င္းခ်င္းၾကား ဘယ္လိုအေျခအေနေတြ ျဖစ္လာႏုိင္သလဲ ဆိုတဲ့အေပၚ UWSA တာဝန္ခံတဦးျဖစ္တဲ့ ဦးညီရန္းက အခုလိုေျပာပါတယ္။

“ေျမာက္ပုိင္း မဟာမိတ္တပ္နဲ႔ အျမင္မတူတာတခ်ဳိ႕ေတာ့ ရွိတယ္။ ဒီကိစၥက က်ေနာ္တုိ႔ရဲ႕ လက္ရွိျဖစ္တည္မႈအေပၚမွာ သြားၿပီးေတာ့ အေျခခံတာေပါ့။ ေျမာက္ပိုင္းမဟာမိတ္ကလည္း သူတုိ႔ ေန႔စဥ္နဲ႔အမွ် တုိက္ပြဲျဖစ္တဲ့အခါက်ေတာ့ က်ေနာ္တုိ႔ အေျခအေနခ်င္းကေတာ့ မတူဘူးေပါ့။”

မဆုမြန္ - ဘယ္လိုမ်ဳိး ကြဲျပားမႈရွိပါသလဲရွင့္။

ဦးညီရန္း - “သူတုိ႔က ေန႔စဥ္နဲ႔အမွ် တုိက္ပြဲျဖစ္တဲ့အခါက်ေတာ့ သူတုိ႔ရဲ႕ အေနအထားကိုလည္း က်ေနာ္တုိ႔ နားလည္ေပးပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူ႔အျမင္ ကုိယ့္အျမင္ဆုိတာ သီးျခားအျမင္ေတြ ရွိေနပါတယ္။ ဒီလုိမ်ဳိး အျမင္ေတြ ကြဲေပမယ့္လည္း ဒီ FPNCC အဖြဲ႔ကုိေတာ့ က်ေနာ္တုိ႔က တစုံတရာ ထိခုိက္တာ စိတ္ဝမ္းကြဲတာ မရွိပါဘူး။ က်ေနာ္တုိ႔ ႏုိင္ငံေရးမဟာမိတ္ေတြပဲေလ။”

ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ႏုိင္ငံတကာတရား႐ံုး ICJ ကို သြားေရာက္ေျဖရွင္းမယ့္ ကိစၥအေပၚ ေထာက္ခံသူေတြရွိသလို ကန္႔ကြက္သူေတြလည္း ရွိပါတယ္။ ေနာက္ တရားမွ်တမႈကို လိုလားသူေတြဘက္ကလည္း တရားမွ်တမႈနဲ႔ အမွန္တရားကို ေဖာ္ထုတ္ေပးဖို႔ ေတာင္းဆိုမႈေတြနဲ႔ ရပ္တည္ခ်က္ အျမင္သေဘာထား အမ်ိဳးမ်ိဳး ကြဲျပားေနတာပါ။

ဒီအထဲမွာေတာ့ အခုလုိ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ အခ်င္းခ်င္းၾကား အျမင္သေဘာထား ရပ္တည္ခ်က္ မတူညီမႈေတြကေတာ့ ICJ ရဲ႕ တရား႐ံုး ဆံုးျဖတ္ခ်က္ကို လႊမ္းမိုးႏုိင္မွာ မဟုတ္ေပမယ့္လို႔ ႏိုင္ငံေတာ္အတုိင္ပင္ခံရဲ႕ ခရီးစဥ္အေပၚမွာေတာ့ သက္ေရာက္မႈ ရွိႏိုင္တယ္ဆိုတဲ့ သံုးသပ္မႈရွိပါတယ္။

ျမန္မာ့အေရး ေလ့လာသံုးသပ္ေနတဲ့ သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္က သူ႔အျမင္ကုိ အခုလိုေျပာပါတယ္။

“အခုထုတ္ျပန္ခ်က္ လုပ္တဲ့အေပၚမွာ ေနာက္ဆုံးထုတ္ျပန္ထားတာေတြ ႏွစ္မ်ဳိးေတြ႔တယ္။ ကြဲျပားမႈဆုိတဲ့ဟာကေတာ့ ႐ုိးရွင္းပါတယ္။ ခုနလို ျပင္းျပင္းထန္ထန္ တုိက္ေနခုိက္ေနတဲ့ အဖြဲ႔ကေတာ့ တပ္မေတာ္ေရာ အစုိးရေရာ ေဒၚေအာင္ဆန္းစုၾကည္ေရာ ခြဲျခားမေနဘူး။ အားလုံးကုိ ဆန္႔က်င္တယ္ဆိုတဲ့သေဘာ ထုတ္ျပတာေပါ့။ က်န္တဲ့ အဖြဲ႔အစည္းေတြကေတာ့ ခြဲျခားၿပီးျမင္တာေပါ့။ အလားတူပဲ ဝအဖြဲ႔က ထုတ္ျပန္တာလည္း ဒီသေဘာပဲ။ အခုလည္း AA ရယ္္၊ ကိုးကန္႔ရယ္၊ ပေလာင္ရယ္ သူတုိ႔သုံးဖြဲ႔ ထုတ္ျပန္ခ်က္ကေတာ့ လုံးဝျခားနားတယ္။ သူတုိ႔ကေတာ့ ႏုိင္ငံတကာမွာ စြဲထားတဲ့ဟာေတြ အကုန္လုံးကို တရားစြဲဆုိမႈကို ေထာက္ခံတယ္လို႔ ေျပာတယ္။ ICJ မွာျဖစ္ေစ၊ ICC မွာျဖစ္ေစ၊ အာဂ်င္တီးနားမွာျဖစ္ေစ တရားစြဲတဲ့လူေတြဘက္က အေထာက္အထားေတြ ဘာေတြ လုိခ်င္တယ္ဆုိရင္ သူတို႔ကလည္း အဲဒီအေထာက္အထားေတြ သြားၿပီးေပးမယ္ ဆုိတာေလာက္ကို ေျပာထားတယ္။ ဒါ လုံးဝ ဆန္႔က်င္တာေပါ့၊ အဲလုိေတာ့ ေတြ႔မိတယ္။”

အစိုးရက ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးကို လက္ခံမထားတဲ့့ ျမန္မာႏိုင္ငံမွာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာ မြတ္စလင္ေတြကို ႏွိပ္စက္ညႇဥ္းပန္းၿပီး လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အဲဒီအမႈကို လာမယ့္ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ နယ္သာလန္ႏိုင္ငံ The Hague ၿမိဳ႕မွာ စတင္ၾကားနာစစ္ေဆးမွာ ျဖစ္တဲ့အေၾကာင္း ICJ က ထုတ္ျပန္ထားပါတယ္။ အဲဒီေန႔မွာ တရားလိုျဖစ္တဲ့ ဂမ္ဘီယာႏုိင္ငံက ေလွ်ာက္လဲခ်က္ တင္သြင္းမွာျဖစ္ၿပီး ဒီဇင္ဘာ ၁၂ ရက္ေန႔မွာ ျမန္မာႏိုင္ငံက ICJ မွာ ေလွ်ာက္လဲခ်က္ တင္ရမွာျဖစ္ပါတယ္။

အာဖရိက အေနာက္ပိုင္းေဒသမွာရွိတဲ့ ဂမ္ဘီယာႏုိင္ငံက OIC အစၥလာမၼစ္ႏိုင္ငံမ်ား ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ဝင္ ၅၇ ႏိုင္ငံကိုယ္စား ျမန္မာႏိုင္ငံအေပၚ တရားစြဲဆိုထားတာ ျဖစ္ပါတယ္။

------------------------------------

(Unicode)

ICJ ခရီးစဉ်ထောက်ခံမှု တရားခွင်အပေါ် လွှမ်းမိုးမှု ရှိမည်မဟုတ်

မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်အပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတကာတရားရုံး (ICJ) မှာ သွားရောက်ရင်ဆိုင်ဖို့ လုပ်တာဟာ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ လုပ်ရပ်အဖြစ် ထောက်ခံတယ်လို့ UWSA က ပြောဆိုလိုက်ပါတယ်။ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို ICJ မှာ သက်သေခံမယ်လို့ ထုတ်ပြန်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့တော့ အမြင်ကွဲပြားမှု ရှိနိုင်ပေမယ့် နိုင်ငံရေးမဟာမိတ်တွေသာ ဖြစ်တယ်လို့လည်း UWSA က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ ကိုသွားမယ့် ခရီးစဉ်အပေါ် အခုလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အမြင်သဘောထား ကွဲပြားမှု ရပ်တည်ချက် ကွာခြားမှုတွေဟာ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်ပါသလဲဆိုတဲ့ အမြင်တွေကို မဆုမွန်က မေးမြန်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ကြားနာစစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ဖြေရှင်းမှာ ဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးတယောက် အနေနဲ့ ကိုယ်တိုင်ဦးစီးပြီး ဖြေရှင်းမယ့်ကိစ္စအပေါ် ပြည်ထောင်စု၏ ဂုဏ်သိက္ခာအပေါ် ကာကွယ်စောင့်ထိန်းမည့် လုပ်ရပ်အဖြစ် ဂုဏ်ယူတယ်လို့ UWSA ဝပြည်နယ်ဘက်က ထောက်ခံကြေညာချက် နိုဝင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

စွပ်စွဲချက်တွေအပေါ် မျက်စိစုံမှိတ် ငြင်းပယ်မနေဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး သွားရှင်းမယ့်အပေါ် တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ လုပ်ဆောင်ချက်အဖြစ် ထောက်ခံတဲ့သဘော ဖြစ်ပါတယ်လို့ UWSA ဝအဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ကျနော်တို့အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် မျက်စိမှိတ်ငြင်းတာထက် ဒါမျိုး တာဝန်ယူမှု၊ တာဝန်ခံမှု ရဲရဲဝံ့ဝံ့ သွားပြီးမှ ဖြေရှင်းတယ်ဆိုတာတော့ ထောက်ခံပါတယ်။ Genocide မြောက်တယ်၊ မမြောက်ဘူးဆိုတာ ဒါက တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်။”

မဆုမွန် - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် သွားပြီး ဖြေရှင်းမယ့်ကိစ္စကိုရော ကူညီပေးတာမျိုး၊ ဝိုင်းပြီးတော့ ဆောင်ရွက်ပေးတာမျိုး ဘာများရှိနိုင်မလဲ။

ဦးညီရန်း - “အရင်တုန်းကတော့ ကျနော်တို့ အစိုးရနဲ့ ပူးပေါင်းခဲ့တဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ဘယ်လိုပူးပေါင်းမလဲဆိုတာ ဒါကတော့ နိုင်ငံတော်အစိုးရက ဘယ်လိုမျိုး ကမ်းလှမ်းလာမလဲ ဆိုတဲ့အပေါ်မှာ ဌာနချုပ်နဲ့ ဘယ်လိုတိုင်ပင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။”

ICJ နိုင်ငံတကာ တရားရုံးမှာ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုမှုကို ထောက်ခံကြောင်းနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့မှုတွေအတွက် လိုအပ်တဲ့ အချက်အလက် သက်သေအထောက်အထားတွေ ကူညီပေးသွားမှာ ဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၃ ဖွဲ့ကလည်း နိုဝင်ဘာလ ၂၉ ရက်က ကြေညာချက် ထုတ်ထားတာပါ။ အခုလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ရပ်တည်ချက် သဘောထား ထုတ်ပြန်ချက် မတူကွဲပြားမှုဟာ အဖွဲ့အချင်းချင်းကြား ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်သလဲ ဆိုတဲ့အပေါ် UWSA တာဝန်ခံတဦးဖြစ်တဲ့ ဦးညီရန်းက အခုလိုပြောပါတယ်။

“မြောက်ပိုင်း မဟာမိတ်တပ်နဲ့ အမြင်မတူတာတချို့တော့ ရှိတယ်။ ဒီကိစ္စက ကျနော်တို့ရဲ့ လက်ရှိဖြစ်တည်မှုအပေါ်မှာ သွားပြီးတော့ အခြေခံတာပေါ့။ မြောက်ပိုင်းမဟာမိတ်ကလည်း သူတို့ နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်တဲ့အခါကျတော့ ကျနော်တို့ အခြေအနေချင်းကတော့ မတူဘူးပေါ့။”

မဆုမွန် - ဘယ်လိုမျိုး ကွဲပြားမှုရှိပါသလဲရှင့်။

ဦးညီရန်း - “သူတို့က နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်တဲ့အခါကျတော့ သူတို့ရဲ့ အနေအထားကိုလည်း ကျနော်တို့ နားလည်ပေးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အမြင် ကိုယ့်အမြင်ဆိုတာ သီးခြားအမြင်တွေ ရှိနေပါတယ်။ ဒီလိုမျိုး အမြင်တွေ ကွဲပေမယ့်လည်း ဒီ FPNCC အဖွဲ့ကိုတော့ ကျနော်တို့က တစုံတရာ ထိခိုက်တာ စိတ်ဝမ်းကွဲတာ မရှိပါဘူး။ ကျနော်တို့ နိုင်ငံရေးမဟာမိတ်တွေပဲလေ။”

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတကာတရားရုံး ICJ ကို သွားရောက်ဖြေရှင်းမယ့် ကိစ္စအပေါ် ထောက်ခံသူတွေရှိသလို ကန့်ကွက်သူတွေလည်း ရှိပါတယ်။ နောက် တရားမျှတမှုကို လိုလားသူတွေဘက်ကလည်း တရားမျှတမှုနဲ့ အမှန်တရားကို ဖော်ထုတ်ပေးဖို့ တောင်းဆိုမှုတွေနဲ့ ရပ်တည်ချက် အမြင်သဘောထား အမျိုးမျိုး ကွဲပြားနေတာပါ။

ဒီအထဲမှာတော့ အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား အမြင်သဘောထား ရပ်တည်ချက် မတူညီမှုတွေကတော့ ICJ ရဲ့ တရားရုံး ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်မှာ မဟုတ်ပေမယ့်လို့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ခရီးစဉ်အပေါ်မှာတော့ သက်ရောက်မှု ရှိနိုင်တယ်ဆိုတဲ့ သုံးသပ်မှုရှိပါတယ်။

မြန်မာ့အရေး လေ့လာသုံးသပ်နေတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သူ့အမြင်ကို အခုလိုပြောပါတယ်။

“အခုထုတ်ပြန်ချက် လုပ်တဲ့အပေါ်မှာ နောက်ဆုံးထုတ်ပြန်ထားတာတွေ နှစ်မျိုးတွေ့တယ်။ ကွဲပြားမှုဆိုတဲ့ဟာကတော့ ရိုးရှင်းပါတယ်။ ခုနလို ပြင်းပြင်းထန်ထန် တိုက်နေခိုက်နေတဲ့ အဖွဲ့ကတော့ တပ်မတော်ရော အစိုးရရော ဒေါ်အောင်ဆန်းစုကြည်ရော ခွဲခြားမနေဘူး။ အားလုံးကို ဆန့်ကျင်တယ်ဆိုတဲ့သဘော ထုတ်ပြတာပေါ့။ ကျန်တဲ့ အဖွဲ့အစည်းတွေကတော့ ခွဲခြားပြီးမြင်တာပေါ့။ အလားတူပဲ ဝအဖွဲ့က ထုတ်ပြန်တာလည်း ဒီသဘောပဲ။ အခုလည်း AA ရယ်၊ ကိုးကန့်ရယ်၊ ပလောင်ရယ် သူတို့သုံးဖွဲ့ ထုတ်ပြန်ချက်ကတော့ လုံးဝခြားနားတယ်။ သူတို့ကတော့ နိုင်ငံတကာမှာ စွဲထားတဲ့ဟာတွေ အကုန်လုံးကို တရားစွဲဆိုမှုကို ထောက်ခံတယ်လို့ ပြောတယ်။ ICJ မှာဖြစ်စေ၊ ICC မှာဖြစ်စေ၊ အာဂျင်တီးနားမှာဖြစ်စေ တရားစွဲတဲ့လူတွေဘက်က အထောက်အထားတွေ ဘာတွေ လိုချင်တယ်ဆိုရင် သူတို့ကလည်း အဲဒီအထောက်အထားတွေ သွားပြီးပေးမယ် ဆိုတာလောက်ကို ပြောထားတယ်။ ဒါ လုံးဝ ဆန့်ကျင်တာပေါ့၊ အဲလိုတော့ တွေ့မိတယ်။”

အစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးကို လက်ခံမထားတဲ့ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေကို နှိပ်စက်ညှဉ်းပန်းပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဲဒီအမှုကို လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ နယ်သာလန်နိုင်ငံ The Hague မြို့မှာ စတင်ကြားနာစစ်ဆေးမှာ ဖြစ်တဲ့အကြောင်း ICJ က ထုတ်ပြန်ထားပါတယ်။ အဲဒီနေ့မှာ တရားလိုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက လျှောက်လဲချက် တင်သွင်းမှာဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံက ICJ မှာ လျှောက်လဲချက် တင်ရမှာဖြစ်ပါတယ်။

အာဖရိက အနောက်ပိုင်းဒေသမှာရှိတဲ့ ဂမ်ဘီယာနိုင်ငံက OIC အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် ၅၇ နိုင်ငံကိုယ်စား မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

 မဆုမြန္/ VOA Burmese
https://burmese.voanews.com
ICJ ခရီးစဥ္ေထာက္ခံမႈ တရားခြင္အေပၚ လႊမ္းမိုးမႈ ရွိမည္မဟုတ္ ICJ ခရီးစဥ္ေထာက္ခံမႈ တရားခြင္အေပၚ လႊမ္းမိုးမႈ ရွိမည္မဟုတ္ Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.