Huawei နည္းပညာအျငင္းပြားမႈ ျမန္မာျပည္ကို ႐ိုက္ခတ္


အေမရိကန္အပါအ၀င္ ကမၻာ့ႏိုင္ငံတခ်ဳိ႕မွာ လံုၿခံဳေရး စိုးရိမ္မႈေတြျဖစ္ေစခဲ့တဲ့ တရုတ္နည္းပညာကုမၸဏီ ႀကီးျဖစ္တဲ့ Huawei ကို တားျမစ္ပိတ္ပင္မႈေတြရွိခဲ့ေပမဲ့ ျမန္မာႏို္င္ငံကေတာ့ မိုဘိုင္းလ္ဆက္သြယ္ေရး နည္းပညာသစ္အတြက္ Huawei ကိုပဲ ဆက္လက္ အသံုးျပဳသြား မွာျဖစ္တယ္လို႔ ဆံုးျဖတ္ထားပါတယ္။

Google အပါအ၀င္ အေမရိကန္ နည္းပညာကုမၸဏီတခ်ဳိ႕ သူတို႔ရဲ႕ application ေတြကို Huawei ဖုန္းေတြထဲ ေပးမထည့္ေတာ့ဘူးလို႔ ေမလက ေၾကညာခဲ့ၿပီးေနာက္ ျမန္မာျပည္က Huawei ဖုန္း သံုးစဲြသူေတြကို ဂယက္ရိုက္မႈေတြ ရွိခဲ့ေၾကာင္း မအင္ၾကင္းႏိုင္က ဆက္လက္ တင္ျပမွာပါ။

တရုတ္ဆက္သြယ္ေရး နည္းပညာကုမၸဏီ Huawei နဲ႔ပတ္သက္လို႔ အေမရိကန္ျပည္ေထာင္စုနဲ႔ အျခားႏိုင္ငံတခ်ဳိ႕က ႏိုင္ငံလံုၿခံဳေရး အတြက္ စိုးရိမ္မကင္းျဖစ္မႈေတြရွိေနေပမယ့္ ျမန္မာအစိုးရကေတာ့ ဆက္ၿပီး အသံုးျပဳသြားဖို႔ ဆံုးျဖတ္ ထားတာျဖစ္ပါတယ္။

နည္းပညာ မ်ဳိးဆက္သစ္ျဖစ္လာတဲ့ 5G ကြန္ယက္ ႀကိဳးမဲ့ဆက္သြယ္ေရး ကမၻာတ၀ွမ္းလံုးမွာ တည္ေဆာက္ဖို႔ လက္ရွိ Huawei ကုမၸဏီက လုပ္ကိုင္ေနတာပါ။ 5G ကြန္ယက္နည္း ပညာေၾကာင့္လည္း အေမရိကန္ျပည္ေထာင္စုနဲ႔ တရုတ္ႏိုင္ငံၾကားမွာ တင္းမာမႈေတြျဖစ္ေစခဲ့ပါတယ္။ တရုတ္အစိုးရဟာ လွ်ဳိ႕၀ွက္ေထာက္လွမ္းေရးလႈပ္ရွားတဲ့ေနရာမွာ အေထာက္အကူရဖို႔ Huawei ကုမၸဏီရဲ႕ နည္းပညာပစၥည္းေတြ အသံုးျပဳေနတယ္လို႔ အေမရိကန္အစိုးရ အရာရွိေတြက အခ်ိန္အေတာ္ၾကာကတည္းက သံသယျဖစ္ခဲ့တာပါ။ ဒါေပမဲ့ Huawei ကေတာ့ ဒီစြပ္စဲြခ်က္ မမွန္ကန္ေၾကာင္း ျငင္းဆိုထားပါတယ္။

ၿပီးခဲ့တဲ့ ေမလကေတာ့ အေမရိကန္အစိုးရက Huawei နည္းပညာကုမၸဏီကို ႏိုင္ငံလံုၿခံဳေရးနဲ႔ ႏိုင္ငံျခားေရး မူ၀ါဒ ဆိုင္ရာမွာ အႏၱရာယ္ရွိတဲ့ ကုမၸဏီေတြစာရင္းထဲမွာ ထည့္သြင္းခဲ့သလို Google နဲ႔ အျခား အေမရိကန္ နည္းပညာ ကုမၸဏီတခ်ဳိ႕ကလည္း သူတို႔ရဲ႕ application ေတြကို Huawei ဖုန္းေတြထဲ ေပးမထည့္ေတာ့ဘူးလို႔ ေၾကညာခဲ့ပါတယ္။ ဒီဂယက္ဟာ ျမန္မာႏိုင္ငံက Huawei ဖုန္းသံုးစဲြသူေတြ ၾကားမွာ အေတာ္ေလး ရိုက္ခတ္ခဲ့ပါတယ္။

ေမလ (၂၁)ရက္က ရန္ကုန္မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ Huawei Myanmar ရဲ႕ ျပည္သူ႔ေရး ရာ နဲ႔ ဆက္သြယ္ေရး ဌာန ညႊန္ၾကားေရးမွဴး Mr. Zhu Bo က အေမရိကန္ရဲ႕ တားျမစ္ပိတ္ပင္မႈ ၊ Google ရဲ႕ ေၾကညာမႈေတြေၾကာင့္ စုိးရိမ္စရာမလိုေၾကာင္းနဲ႔ ျမန္မာသံုးစဲြသူေတြအေနနဲ႔ အရင္လို ပဲ application ေတြကို ဆက္လက္ ၀ယ္ယူအသံုးျပဳႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။ ျပည္တြင္း တရုတ္ဖုန္းသံုးစဲြသူ တဦးျဖစ္တဲ့ မသက္မြန္ၿဖိဳးကေတာ့ လက္ရွိ Huawei ဖုန္းသံုးစဲြသူေတြက ဆက္ၿပီး သံုးေနၾကေပမယ့္ ဖုန္းအသစ္၀ယ္မယ္ဆိုရင္ေတာ့ Huawei ဖုန္းကို ေရွာင္ၾကတာမ်ားလာေၾကာင္း အခုလို ဗီြအိုေအကို ေျပာပါတယ္။

“ဘယ္လိုပဲျဖစ္ျဖစ္ ဒီ US နဲ႔ Huawei ပိတ္ဆို႔အေရးယူတာမွာ Google feature ေတြက အသံုးျပဳလို႔ရမွာလား မရဘူးလားဆိုတာ အျငင္းပြားတာမွာ အေစာပိုင္းကရွိခဲ့တဲ့အတြက္ေၾကာင့္ ဒါက ျပင္းျပင္းထန္ထန္ရိုက္ခတ္မႈကေတာ့ ျဖစ္တယ္။ အဲဒီေတာ့ ျမန္မာျပည္သူေတြအားလံုးကလည္း အခုအခ်ိန္မွာ တကမာၻလံုးက တေနရာမွာျဖစ္ၿပီဆိုရင္ အားလံုးက ခ်က္ခ်င္းသိၾကရတာျဖစ္တဲ့အတြက္ Huawei product ေတြမွာအရမ္းကို သံသရရွိသြားတယ္ အရမ္းကို စိုးရိမ္တာေတြက ဒီမွာ လြန္လြန္ကဲကဲျဖစ္သြားေတာ့ ေရရွည္မွာမ်ား အကယ္၍ အခုလက္ရွိကေတာ့ အသံုးျပဳလို႔ရေနေသးတယ္။ သံုးလို႔ရေနေပမယ့္ ေရရွည္မွာ တစံုတရာ သံုးလို႔မရေတာ့ဘူးဆိုၿပီးေတာ့ ရုတ္တရက္ျဖစ္လာရင္ ဘယ္လိုလုပ္မလဲဆိုတဲ့အေတြးနဲ႔ အျခား Brand ေတြကို ေရြးခ်ယ္ကုန္တယ္ဆိုတာကိုေတာ့ က်မျမင္ေနရတယ္။”

ကိုယ္တိုင္လည္း Huawei ဖုန္းသံုးခဲ့ဖူးသူတဦးဆိုေပမယ့္ ဖုန္းကုမၸဏီအေပၚ ယံုၾကည္မႈမရွိတဲ့အတြက္ အျခား တရုတ္ဖုန္းအမ်ဳိးအစားေတြကို ေရြးခ်ယ္သံုးစဲြ ေနေၾကာင္း မသက္မြန္ၿဖိဳးက ဆိုပါတယ္။

“က်မအေနနဲ႔ေတာ့ Huawei ကို ေရြးခ်ယ္မွာမဟုတ္ေတာ့ဘူး ။ မေရြးခ်ယ္ခ်င္ေတာ့ဘူးေပါ့ေနာ္ က်မအေနနဲ႔က စိတ္ထဲမွာ စိတ္ပူေနတာ ရွိေနၿပီေပါ့ေနာ္။ ေနာက္တခုက သူနဲ႔အၿပိဳင္ ယွဥ္ေရြးခ်ယ္စရာရွိတဲ့ဖုန္းေတြကလည္း အေကာင္းေတြအမ်ားႀကီးေပၚေနၿပီ Vivo တို႔က ေစ်းကြက္ထဲမွာ Huaweiနဲ႔အၿပိဳင္ ေရြးလို႔ရေနတဲ့ ေကာင္းတဲ့ တရုတ္ဖုန္းေတြရွိေနတဲ့အတြက္ က်မအေနနဲ႔ ဖုန္းအသစ္ကို ေရြးခ်ယ္ရမယ္ဆိုရင္ က်မ အျခားBrand ေတြကိုပဲ ေရြးခ်ယ္ေတာ့မယ္”

ျမန္မာႏိုင္ငံ လူဦးေရ ၅၃ သန္းေက်ာ္ထဲက သံုးပံုတပံုေလာက္အတြက္ ဆက္သြယ္ေရးကြန္ယက္ေတြ ေထာက္ပံ့ေပးေနတယ္လို႔ Huawei Myanmar အႀကီးအကဲ Zhu Bo က ဆိုပါတယ္။ ဒါအျပင္ စီးပြားေရး လုပ္ငန္းေတြမွာေရာ၊ ပုဂၢိဳလ္ တဦးခ်င္းစီအတြက္ပါ ဆက္သြယ္ေရးကြန္ယက္ ၀န္ေဆာင္မႈ ေပးမွာျဖစ္ တယ္လို႔ သူကေျပာပါတယ္။

Huawei ကုမၸဏီဟာ တကမၻာလံုးရဲ႕ နည္းပညာဆက္သြယ္ေရး ပစၥည္းေစ်းကြက္ရဲ႕ ၃၀% နီးပါးကို သိမ္းပိုက္ထားၿပီး ျဖစ္ပါတယ္။ အထူးသျဖင့္ 5G ကြန္ယက္မွာ Hawei ဟာ နံပါတ္၁ ထိပ္ဆံုးက ဦးေဆာင္ေနၿပီး စမတ္ဖုန္းထုတ္လုပ္မႈမွာလည္း ေရွ႕ဆံုးက ဦးေဆာင္ေနတာပါ။

ျမန္မာႏိုင္ငံအတြက္ အေျခခံအေဆာက္အဦေတြ တိုးတက္လာဖို႔ Huawei အပါအ၀င္ တရုတ္ကုမၸဏီေတြကို မွီခိုေနရတာျဖစ္ပါတယ္။ ျမန္မာဆက္သြယ္ေရးနဲ႔ နည္းပညာ၀န္ႀကီးဌာနက အဆင္ျမင့္အရာရွိတဦးကလည္း 5G ကြန္ယက္နဲ႔ ပတ္သက္လို႔ လာမယ့္ ႏွစ္၊ သံုးႏွစ္အတြင္း တိုးတက္လာဖို႔ ျမန္မာဟာ အဆင္သင့္ျဖစ္ေနတယ္လို႔ ဒီႏွစ္အေစာပိုင္း စပိန္ႏိုင္ငံမွာ ျပဳလုပ္တဲ့ မိုဘိုင္းလ္ဖုန္းညီလာခံမွာ ေျပာၾကားခဲ့ပါတယ္။

........................

{Unicode}

Huawei နည်းပညာအငြင်းပွားမှု မြန်မာပြည်ကို ရိုက်ခတ်

အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာ လုံခြုံရေး စိုးရိမ်မှုတွေဖြစ်စေခဲ့တဲ့ တရုတ်နည်းပညာကုမ္ပဏီ ကြီးဖြစ်တဲ့ Huawei ကို တားမြစ်ပိတ်ပင်မှုတွေရှိခဲ့ပေမဲ့ မြန်မာနိုင်ငံကတော့ မိုဘိုင်းလ်ဆက်သွယ်ရေး နည်းပညာသစ်အတွက် Huawei ကိုပဲ ဆက်လက် အသုံးပြုသွား မှာဖြစ်တယ်လို့ ဆုံးဖြတ်ထားပါတယ်။

Google အပါအဝင် အမေရိကန် နည်းပညာကုမ္ပဏီတချို့ သူတို့ရဲ့ application တွေကို Huawei ဖုန်းတွေထဲ ပေးမထည့်တော့ဘူးလို့ မေလက ကြေညာခဲ့ပြီးနောက် မြန်မာပြည်က Huawei ဖုန်း သုံးစွဲသူတွေကို ဂယက်ရိုက်မှုတွေ ရှိခဲ့ကြောင်း မအင်ကြင်းနိုင်က ဆက်လက် တင်ပြမှာပါ။

တရုတ်ဆက်သွယ်ရေး နည်းပညာကုမ္ပဏီ Huawei နဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံတချို့က နိုင်ငံလုံခြုံရေး အတွက် စိုးရိမ်မကင်းဖြစ်မှုတွေရှိနေပေမယ့် မြန်မာအစိုးရကတော့ ဆက်ပြီး အသုံးပြုသွားဖို့ ဆုံးဖြတ် ထားတာဖြစ်ပါတယ်။

နည်းပညာ မျိုးဆက်သစ်ဖြစ်လာတဲ့ 5G ကွန်ယက် ကြိုးမဲ့ဆက်သွယ်ရေး ကမ္ဘာတဝှမ်းလုံးမှာ တည်ဆောက်ဖို့ လက်ရှိ Huawei ကုမ္ပဏီက လုပ်ကိုင်နေတာပါ။ 5G ကွန်ယက်နည်း ပညာကြောင့်လည်း အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံကြားမှာ တင်းမာမှုတွေဖြစ်စေခဲ့ပါတယ်။ တရုတ်အစိုးရဟာ လျှို့ဝှက်ထောက်လှမ်းရေးလှုပ်ရှားတဲ့နေရာမှာ အထောက်အကူရဖို့ Huawei ကုမ္ပဏီရဲ့ နည်းပညာပစ္စည်းတွေ အသုံးပြုနေတယ်လို့ အမေရိကန်အစိုးရ အရာရှိတွေက အချိန်အတော်ကြာကတည်းက သံသယဖြစ်ခဲ့တာပါ။ ဒါပေမဲ့ Huawei ကတော့ ဒီစွပ်စွဲချက် မမှန်ကန်ကြောင်း ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေလကတော့ အမေရိကန်အစိုးရက Huawei နည်းပညာကုမ္ပဏီကို နိုင်ငံလုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာမှာ အန္တရာယ်ရှိတဲ့ ကုမ္ပဏီတွေစာရင်းထဲမှာ ထည့်သွင်းခဲ့သလို Google နဲ့ အခြား အမေရိကန် နည်းပညာ ကုမ္ပဏီတချို့ကလည်း သူတို့ရဲ့ application တွေကို Huawei ဖုန်းတွေထဲ ပေးမထည့်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ ဒီဂယက်ဟာ မြန်မာနိုင်ငံက Huawei ဖုန်းသုံးစွဲသူတွေ ကြားမှာ အတော်လေး ရိုက်ခတ်ခဲ့ပါတယ်။

မေလ (၂၁)ရက်က ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Huawei Myanmar ရဲ့ ပြည်သူ့ရေး ရာ နဲ့ ဆက်သွယ်ရေး ဌာန ညွှန်ကြားရေးမှူး Mr. Zhu Bo က အမေရိကန်ရဲ့ တားမြစ်ပိတ်ပင်မှု ၊ Google ရဲ့ ကြေညာမှုတွေကြောင့် စိုးရိမ်စရာမလိုကြောင်းနဲ့ မြန်မာသုံးစွဲသူတွေအနေနဲ့ အရင်လို ပဲ application တွေကို ဆက်လက် ဝယ်ယူအသုံးပြုနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ပြည်တွင်း တရုတ်ဖုန်းသုံးစွဲသူ တဦးဖြစ်တဲ့ မသက်မွန်ဖြိုးကတော့ လက်ရှိ Huawei ဖုန်းသုံးစွဲသူတွေက ဆက်ပြီး သုံးနေကြပေမယ့် ဖုန်းအသစ်ဝယ်မယ်ဆိုရင်တော့ Huawei ဖုန်းကို ရှောင်ကြတာများလာကြောင်း အခုလို ဗွီအိုအေကို ပြောပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီ US နဲ့ Huawei ပိတ်ဆို့အရေးယူတာမှာ Google feature တွေက အသုံးပြုလို့ရမှာလား မရဘူးလားဆိုတာ အငြင်းပွားတာမှာ အစောပိုင်းကရှိခဲ့တဲ့အတွက်ကြောင့် ဒါက ပြင်းပြင်းထန်ထန်ရိုက်ခတ်မှုကတော့ ဖြစ်တယ်။ အဲဒီတော့ မြန်မာပြည်သူတွေအားလုံးကလည်း အခုအချိန်မှာ တကမ္ဘာလုံးက တနေရာမှာဖြစ်ပြီဆိုရင် အားလုံးက ချက်ချင်းသိကြရတာဖြစ်တဲ့အတွက် Huawei product တွေမှာအရမ်းကို သံသရရှိသွားတယ် အရမ်းကို စိုးရိမ်တာတွေက ဒီမှာ လွန်လွန်ကဲကဲဖြစ်သွားတော့ ရေရှည်မှာများ အကယ်၍ အခုလက်ရှိကတော့ အသုံးပြုလို့ရနေသေးတယ်။ သုံးလို့ရနေပေမယ့် ရေရှည်မှာ တစုံတရာ သုံးလို့မရတော့ဘူးဆိုပြီးတော့ ရုတ်တရက်ဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးနဲ့ အခြား Brand တွေကို ရွေးချယ်ကုန်တယ်ဆိုတာကိုတော့ ကျမမြင်နေရတယ်။”

ကိုယ်တိုင်လည်း Huawei ဖုန်းသုံးခဲ့ဖူးသူတဦးဆိုပေမယ့် ဖုန်းကုမ္ပဏီအပေါ် ယုံကြည်မှုမရှိတဲ့အတွက် အခြား တရုတ်ဖုန်းအမျိုးအစားတွေကို ရွေးချယ်သုံးစွဲ နေကြောင်း မသက်မွန်ဖြိုးက ဆိုပါတယ်။

“ကျမအနေနဲ့တော့ Huawei ကို ရွေးချယ်မှာမဟုတ်တော့ဘူး ။ မရွေးချယ်ချင်တော့ဘူးပေါ့နော် ကျမအနေနဲ့က စိတ်ထဲမှာ စိတ်ပူနေတာ ရှိနေပြီပေါ့နော်။ နောက်တခုက သူနဲ့အပြိုင် ယှဉ်ရွေးချယ်စရာရှိတဲ့ဖုန်းတွေကလည်း အကောင်းတွေအများကြီးပေါ်နေပြီ Vivo တို့က ဈေးကွက်ထဲမှာ Huaweiနဲ့အပြိုင် ရွေးလို့ရနေတဲ့ ကောင်းတဲ့ တရုတ်ဖုန်းတွေရှိနေတဲ့အတွက် ကျမအနေနဲ့ ဖုန်းအသစ်ကို ရွေးချယ်ရမယ်ဆိုရင် ကျမ အခြားBrand တွေကိုပဲ ရွေးချယ်တော့မယ်”

မြန်မာနိုင်ငံ လူဦးရေ ၅၃ သန်းကျော်ထဲက သုံးပုံတပုံလောက်အတွက် ဆက်သွယ်ရေးကွန်ယက်တွေ ထောက်ပံ့ပေးနေတယ်လို့ Huawei Myanmar အကြီးအကဲ Zhu Bo က ဆိုပါတယ်။ ဒါအပြင် စီးပွားရေး လုပ်ငန်းတွေမှာရော၊ ပုဂ္ဂိုလ် တဦးချင်းစီအတွက်ပါ ဆက်သွယ်ရေးကွန်ယက် ဝန်ဆောင်မှု ပေးမှာဖြစ် တယ်လို့ သူကပြောပါတယ်။

Huawei ကုမ္ပဏီဟာ တကမ္ဘာလုံးရဲ့ နည်းပညာဆက်သွယ်ရေး ပစ္စည်းဈေးကွက်ရဲ့ ၃၀% နီးပါးကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ အထူးသဖြင့် 5G ကွန်ယက်မှာ Hawei ဟာ နံပါတ်၁ ထိပ်ဆုံးက ဦးဆောင်နေပြီး စမတ်ဖုန်းထုတ်လုပ်မှုမှာလည်း ရှေ့ဆုံးက ဦးဆောင်နေတာပါ။

မြန်မာနိုင်ငံအတွက် အခြေခံအဆောက်အဦတွေ တိုးတက်လာဖို့ Huawei အပါအဝင် တရုတ်ကုမ္ပဏီတွေကို မှီခိုနေရတာဖြစ်ပါတယ်။ မြန်မာဆက်သွယ်ရေးနဲ့ နည်းပညာဝန်ကြီးဌာနက အဆင်မြင့်အရာရှိတဦးကလည်း 5G ကွန်ယက်နဲ့ ပတ်သက်လို့ လာမယ့် နှစ်၊ သုံးနှစ်အတွင်း တိုးတက်လာဖို့ မြန်မာဟာ အဆင်သင့်ဖြစ်နေတယ်လို့ ဒီနှစ်အစောပိုင်း စပိန်နိုင်ငံမှာ ပြုလုပ်တဲ့ မိုဘိုင်းလ်ဖုန်းညီလာခံမှာ ပြောကြားခဲ့ပါတယ်။

အင္ၾကင္းႏိုင္ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
Huawei နည္းပညာအျငင္းပြားမႈ ျမန္မာျပည္ကို ႐ိုက္ခတ္ Huawei နည္းပညာအျငင္းပြားမႈ ျမန္မာျပည္ကို ႐ိုက္ခတ္ Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.