ကွမ်းတောင်ရွာ မီးတင်ရှို့တာခံရတယ်လို့ ဒေသခံတွေပြော

ကွမ်းတောင်ရွာ မီးလောင်မှု
အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အေအေအကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်နေခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်ထဲက ကွမ်းတောင်ဆိုတဲ့ ရွာမှာ အောက်တိုဘာ ၄ ရက် နေ့လယ်ပိုင်းမှာ မီးလောင်မှု ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီမီးလောင်မှုကြောင့် နေအိမ် ၁ဝ လုံး ဝန်းကျင် ပျက်စီးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိတဲ့ နေ့မှာ အခုလို လောင်ကျွမ်းလာတဲ့ မီးဟာ ရှို့မီးဖြစ်ပြီး၊ အစိုးရတပ်ဘက်က ရှို့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ တပ်မတော်ဘက်ကတော့ ဒါကို ငြင်းဆိုပါတယ်။

"ကျွန်တော်တို့ လှမ်းကြည့်နေကြတာ၊ ရှို့မီး သေချာပါတယ်၊ အစိုးရတပ်က ရှို့တာ" လို့ ကွမ်းတောင်သား တစ်ယောက်က ပြောပါတယ်။

လှမ်းကြည့်နေကြတာလို့ သူပြောရတာကတော့ မီးလောင်ချိန်မှာ ရွာထဲမှာ ရွာသားတွေ ရှိမနေပါဘူး။

တိုက်ပွဲတွေ မကြာခဏ ဖြစ်ပြီး၊ အရပ်သား ထိခိုက်မှုတွေလည်း ကြုံလာရတဲ့ အတွက် ကွမ်းတောင်ကနေ ရွာသားတွေ ထွက်ပြေးသွားကြတာ လနဲ့ချီ ရှိပြီလို့ ဆိုပါတယ်။

ဒါ့ကြောင့် အနီးအနားရွာတွေမှာ ခိုလှုံနေကြတဲ့ ကွမ်းတောင်သားတွေက၊ သူတို့ရွာ မီးလောင်နေတာကို တွေ့မြင်နေခဲ့ရတယ်လို့ ပြောတာ ဖြစ်ပါတယ်။

ရွာထိပ် တစ်ဘက်တစ်ချက်ဆီက မီးခိုးတွေအူတက်
မီးလောင်နေတဲ့ ပုံတွေ၊ ဗီဒီယိုတွေ သူ့ဆီ လှမ်းပို့လာတဲ့ ဒေသခံတွေ ရှိတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး အောင်သောင်းရွှေ ကလည်း ဘီဘီစီကို ပြောပါတယ်။

အဲဒီလို ကျေးရွာကို မီးရှို့တယ်ဆိုတဲ့ စွပ်စွဲချက်ကို တပ်မတော်က ငြင်းပယ်ပါတယ်။

"မီးလောင်တာလည်း မရှိဘူး၊ ကျွန်တော်တို့ဘက်က ရှို့တယ်ဆိုတာလည်း လုံးဝ မဟုတ်ဘူး" ဆိုပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ထွက်လာတယ် ဆိုရင်လည်း အခုလို နည်းပညာခေတ်မှာ ကွန်ပျုတာနဲ့ ဖန်တီးထားတဲ့ အရာတွေ၊ ပုံအဟောင်းတွေ ဖြစ်လိမ့်မယ်လို့လည်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုပါတယ်။

ဒါ့အပြင် ကွမ်းတောင်မှာ အစိုးရတပ် ရှိမနေဘူးလို့လည်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ငြင်းဆိုပါတယ်။

ဦးအောင်သောင်းရွှေ ပြောတာကတော့ ကွမ်းတောင် မီးလောင်နေတာကို ချောင်းတစ်ဘက်ကမ်း စေတီတောင်ကနေ လှမ်းမြင်ရသူတွေ ရှိပြီး၊ အစိုးရတပ်တွေ အဲဒီအရပ်မှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဘူးသီးတောင်ရဲ့ တောင်ဘက်ပိုင်း ကွမ်းတောင်ဆိုတာ အိမ်ခြေ ၆ဝ ကျော် ရှိတဲ့ ရခိုင်ရွာ ဖြစ်ပါတယ်။

အဲဒီ ဒေသတဝိုက်က ကွမ်းတောင်အပါအဝင် ရခိုင်ရွာ ၁ဝ ရွာ ဝန်းကျင်က လူတွေဟာ အစိုးရတပ်နဲ့ အေအေကြားက တိုက်ပွဲတွေကြောင့် ရွာတွေ ကနေ ထွက်ပြေးခဲ့ကြရပါတယ်။

တိုက်ပွဲတွင်း လက်နက်ကြီးကျည်သင့်လို့ မီးလောင်တာမျိုး မဟုတ်ဘဲ ရွာကို အစိုးရတပ်က မီးတင်ရှို့တယ်ဆိုတဲ့ စွပ်စွဲချက် အရင်တုန်းကလည်း ပေါ်ပေါက်ဖူးပါတယ်။

တပ်မတော်ကတော့ အဲဒီလို စွပ်စွဲချက်တွေကို ပယ်ချထားပါတယ်။

တစ်ဘက်ရန်သူကတော့ အရပ်ဝတ်တွေနဲ့ ဖြစ်နေတယ်
တခါ၊ တိုက်ပွဲတွေထဲ အရပ်သားတွေ လက်နက်ကြီး လက်နက်ငယ်တွေ ထိမှန် သေဆုံး၊ ဒဏ်ရာရခဲ့တာတွေဟာ ဘယ်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုလည်း ဆိုတာ ကော်မတီဖွဲ့ စစ်ဖို့ ရခိုင်ပြည်နယ် လွှတ်တော်ထဲ ဆုံးဖြတ်ထားပါတယ်။

ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတဲ့ အခါတိုင်း Rules of engagement လို့ ခေါ်တဲ့ တိုက်ပွဲဖြစ်စဉ် လိုက်နာရမယ့် စည်းကမ်းတွေ အတိုင်း ဆောင်ရွက်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

လက်နက်ကိုင်တွေ အနေနဲ့ အရပ်သားတွေ နေထိုင်တဲ့ နေရာတွေနဲ့ အနီး ပတ်ဝန်းကျင်မှာ တိုက်ပွဲ မဖော်ဆောင်ဖို့ အရေးကြီးတယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

"ရွာတွေ အနီးအနား မိုင်းထောင်မိုင်းခွဲ တိုက်ခိုက်တာတွေ၊ ရွာတွေကို အကာအကွယ် ယူပြီး ပစ်ခတ်တာတွေ မလုပ်ဘူးဆိုရင် အရပ်သား ထိခိုက်သေဆုံးမှု နည်းနိုင်တယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်ဘက်က ယူနီဖောင်း စစ်ဝတ်စုံဝတ်ပြီး တိုက်ခိုက်တာ ဖြစ်ပေမယ့်၊ တစ်ဘက်ရန်သူကတော့ အရပ်ဝတ်တွေနဲ့ ဖြစ်တဲ့ အတွက် အရပ်သား၊ ရန်သူ ခွဲခြားရ ခက်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

BBC Burmese
https://www.bbc.com
ကွမ်းတောင်ရွာ မီးတင်ရှို့တာခံရတယ်လို့ ဒေသခံတွေပြော ကွမ်းတောင်ရွာ မီးတင်ရှို့တာခံရတယ်လို့ ဒေသခံတွေပြော Reviewed by THITHTOOLWIN on 00:28 Rating: 5
Powered by Blogger.