တာချီလိတ်တွင် ရွှေဆိုင် ဓားပြတိုက်ခံရ


အောက်တိုဘာလ ၈ ရက် ၂၀၁၉

သျှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း- မြန်မာ နယ်စပ် တာချီလိတ်မြို့ အာခါဈေး မီးပွိုင့် အနီးတွင် ယနေ့မွန်းလွှဲပိုင်း ၂ နာရီခန့်က ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၈ ရက် ယနေ့ မွန်းလွှဲပိုင်းက တာချီလိတ်မြို့ အာခါဈေးမီးပွိုင့်အနီးရှိ “ထားထားလွင်” ရွှေဆိုင် ကို အမျိုးသား ၂ ဦး က လာရောက် ဓားပြတိုက်ရာ ရွှေဆွဲကြိုး ၂ ကျပ်သား ပါသွားကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဆိုင်ကယ် နဲ့ အမျိုးသား ၂ ဦးလာတယ်။ ဓားနဲ့ ထောက်ပြီးတော့ ဓားပြတိုက်သွားတယ်။ ရွှေဆွဲကြိုး ၂ ကျပ်သား ပါသွားတယ်။ တရားခံက မမိသေးဘူး။ ရွှေဆိုင်တွေကို အချက်ပေးတဲ့ စနစ်တပ်ဖို့လည်း မှာထားပါတယ်” ဟု ဦးချမ်းမြေ့စော က ဆိုသည်။

လက်ရှိမှာတော့ တာချီလိတ်မြို့တွင်းကို ပိတ်ဆို့ပြီး စစ်ဆေးနေကြောင်း၊ ထိုင်းနယ်စပ်ဒေသဖြစ်သည့် အလျောက်တရားခံကို ဖမ်းဆီးရန် ခက်ခဲကြောင်း ဦးချမ်းမြေ့စော က ပြောသည်။

ယခုနှစ် မေနှင့် ဇွန်လကလည်း “ နန်းနန်းဘွန်းကျောက် ၂” ရွှေဆိုင်နှင့် ဇူလိုင်လ တွင် “ ရှင်းဒါး”ရွှေဆိုင် အနုကြမ်းစီးခံခဲ့ရကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
တာချီလိတ်တွင် ရွှေဆိုင် ဓားပြတိုက်ခံရ တာချီလိတ်တွင် ရွှေဆိုင် ဓားပြတိုက်ခံရ Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.