ရန်ကုန်တိုင်းစည်ပင် ဌာနသုံးကားဝယ်ဖို့ ကျပ်သိန်းသောင်းချီသုံးဖို့ လိုအပ်လား

ရန်ကုန်ကားပြခန်းတွေမှာ ပြထားတဲ့ ဂျပန်နဲ့ ကိုရီးယား တပတ်ရစ်ကားများ
ရန်ကုန်တိုင်းအစိုးရက တင်သွင်းလာတဲ့ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို အောက်တိုဘာ ၄ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော်က အတည်ပြု ပေးလိုက်ပါတယ်။

ဒီထဲမှာ တိုင်းပြည်သူ့ငွေစာရင်း ကော်မတီ အပါအဝင် လွှတ်တော်အမတ်တချို့ ကန့်ကွက်နေတဲ့ ကျပ် သိန်း ၂သောင်း အသုံးပြုပြီး ရန်ကုန်စည်ပင်အတွက် ကားအစီး ၈ဝ ဝယ်မယ့် ကိစ္စ ကိုလည်း အတည်ပြုထားပေးခဲ့ပါတယ်။

၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတင်သွင်းရာမှာ လုပ်ငန်း သုံးမဟုတ်တဲ့ မီနီကဘ်တွေ၊ မီနီထရပ်တွေ၊ ဆလွန်း ကားတွေ၊ ဟိုင်းအေ့စ် အမျိုး အစား ကားအစီး ၈ဝ ဝယ်ယူဖို့ တိုင်းအစိုးရကတင်သွင်းလာခဲ့တာ ဖြစ်ပါတယ်။

ဒီလိုတင်သွင်းတာကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေမှာ သုံးစွဲတာကို ကန့်ကွက်စရာ မရှိပေမယ့် ဌာနအတွက် ငွေလုံးငွေရင်း သုံးစွဲမှုကို တော့ ပြန်လည်သုံးသပ်ဖို့ ပြည့်သူ့ငွေစာရင်းကော်မတီက အစီရင်ခံစာမှာ မှတ်ချက် ပေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ငွေစာရင်း ကော်မတီ အတွင်းရေးမှူးလည်းဖြစ် တိုင်း ဒေသကြီး၂ သာကေတမြို့နယ် လွှတ်တော်အမတ်လည်း ဖြစ်တဲ့ ဒေါ်သက်ထားနွယ်ဝင်းက ပြောပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ တိုင်း/ဒေသကြီးလွှတ်တော်မှာ စည်ပင်က ကားဝယ်ယူနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း စည်ပင်သာယာမြို့နယ် ၃၃ခုမှာ ရှိတဲ့ စည်ပင်ဥက္ကဋ္ဌ အတွက် ၃၃စီး၊ ရွေးချယ်ခံ ကော်မတီဝင် ၆ဦးနဲ့လုပ်ငန်းတာဝန်ခံ အဖွဲ့ ၇ဖွဲ့ရဲ့ အတွင်းရေးမှူးတွေ အသုံးပြုဖို့၊ အုပ်ချုပ်မှုလုပ်ငန်းစဉ် ညွှန်ကြားရေးမှူးနဲ့အထက် အသုံးပြုဖို့၊ လုပ်ငန်းစဉ် လမ်းကြောင်း ဧည့်ကြိုရာမှာ အသုံးပြုဖို့၊ ဝန်ထမ်းတွေ အခမ်းအနား သွားရာမှာ ကြိုပို့ဖို့ စုစုပေါင်း ကားအစီး ၈ဝ ဝယ်ယူဖို့ စီမံဘဏ္ဍာ ဝန်ကြီးက ရှင်းလင်းခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

"သူတို့က စည်ပင်သာယာရေး ကော်မတီရဲ့ ဥပဒေအရ ဝယ်ယူရခြင်း ဖြစ်တယ် ဆိုပြီးတော့ ဖြေရှင်းသွားတယ်ပေါ့၊ ဖြေရှင်းသွားပြီးတော့မှ ကျွန်မတို့ အတည်ပြု ပေးလိုက်ရတယ်ပေါ့ အနေအထားကတော့" လို့ ဒေါ်သက်ထားနွယ်ဝင်းက ပြောပါတယ်။

ဒီအသုံးစရိတ်နဲ့ပတ်သက်ပြီးအရင်က ပြည်သူ့ငွေစာရင်းက မေးမြန်းရာမှာ စည်ပင် ဥက္ကဋ္ဌတွေ၊ ရွေးချယ်ခံ ကိုယ်စားလှယ်တွေ၊ ဌာနတွင်း အသုံးပြုဖို့ဆိုတဲ့ အကြောင်း တင်ပြရာမှာ မပါခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

၂ဝ၁၂ ခုနှစ် ရန်ကုန် လေလံပွဲတခုမှာ တွေ့ရတဲ့ ကားများ
ဌာနသုံးကားဝယ်ဖို့က လိုအပ်လား။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီရဲ့ ရငွေက ကျပ် ၃၆၂၆၄၆.၅၆၃ သန်း ဖြစ်ပြီး သုံးငွေက ၄၅ဝ၁၆ဝ.၂၉၆ သန်း ဖြစ်တာကြောင့် အသုံးစရိတ် လိုငွေပြနေပါတယ်။

ဒီအတွက် အစိုးရ အသုံးစရိတ်ကနေ ဌာနတွင်းသုံး ကားတွေ ဝယ်ယူဖို့နဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေအတွက် အငြင်းပွား ကန့်ကွက်စရာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

လိုငွေတွေပြနေတဲ့ကြားထဲက ဌာနသုံးကားတွေကို ဝယ်မယ်ဆိုတာကြောင့် လာမယ့်ဘဏ္ဍာနှစ် အသုံးစရိတ်ထဲကနေ ဒေသဖွံ့ဖြိုးရေး စီမံကိန်းတွေအပေါ် ထိခိုက်နစ်နာမလားဆိုတာ ပြောရခက်ပေမယ့် ကားဝယ်ဖို့ အသုံးပြုလိုက်တဲ့ ငွေကြေးပမာဏကို ကြည့်ပြီး တစုံတရာ သုံးသပ်နိုင်တယ်လို့ ဒေါ်သက်ထားနွယ်ဝင်းက ပြောပါတယ်။

၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို စတင်သွင်းတုန်းက ၁၆ ဘီလျံ အသုံးပြုထားတဲ့ ရဲရုံးကြီး၊ ရာဇဝတ် တရားရုံးစတဲ့ စီမံကိန်းတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တာတွေ၊ ကမာရွတ် စည်ပင်ရုံးနဲ့ ပတ်သက်ပြီး ဘဏ္ဍာငွေ အသုံးပြုတာ ကိုလည်း စည်ပင်စည်းကမ်းနဲ့ မညီဘူးဆိုပြီး ထောက်ပြတာတွေကို ရန်ကုန်တိုင်းအစိုးရဘက်က လက်ခံ ပယ်ဖျက်ပေးခဲ့ ပေမယ့် အခုလို ကားကိစ္စမျိုးတွေက ပြန်ပေးလိုက်ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၂ လှိုင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး ရှင်းပြပါတယ်။

"လှိုင်မြို့နယ်မှာ ဟိုဘက် ဒီဘက်သွားဖို့ ကျယ်တယ်ပေါ့၊ ကားလိုတယ်ပေါ့၊ ဥပမာ ကျောက်တံတားလို၊ ပန်းဘဲတန်းလိုမျိုးမှာ စည်ပင် ဥက္ကဋ္ဌတွေ သုံးဖို့ ကားမှ မလိုတာ၊ သူက ပတ်လိုက်ရင်ရတယ်၊ နောက် ကားကလည်း ကြပ်တယ်၊ မြို့နယ်ထဲကို စည်ပင် ဥက္ကဋ္ဌတွေ လမ်းလျှောက်ပြီးတော့ ပတ်လို့ရတဲ့ နေရာတွေဆို ဒီကားကို သူ့အတွက် ကျွန်မတို့က မသုံးဘူးပေါ့နော်၊ တကယ်တမ်းလိုအပ်တဲ့ မြို့နယ်တွေဆို ရှိတယ်၊ ရွှေပြည်သာတို့ ဘာတို့လိုပေါ့ အဲလိုမျိုးကျတော့ ကားချပေးသင့်တယ်လို့ ထင်တယ်၊ လိုအပ်ရင်သုံးပါ၊ မလိုအပ်ရင် ကျွန်မတို့က ဒါတွေကို ချုံ့စေချင်ပါ တယ်"လို့ သူက ပြောပါတယ်။

နိုင်ငံက တည်ဆောက်ဆဲ ကာလဖြစ်တာကြောင့် အစိုးရဌာနတွေအနေနဲ့ အမှန် တကယ် လိုအပ်တဲ့ အသုံးစရိတ်ကိုသာ တင်တောင်း သင့်မယ်ဆိုရင် အသုံးစရိတ် တောင်းခံတာနဲ့ ပတ်သက်လို့ လွှတ်တော်မှာ အငြင်းပွားတာ နည်းသွားမယ်လို့ လည်း ဒေါ်ခိုင်မာဌေးက ပြောပါတယ်။

BBC Burmese
https://www.bbc.com
ရန်ကုန်တိုင်းစည်ပင် ဌာနသုံးကားဝယ်ဖို့ ကျပ်သိန်းသောင်းချီသုံးဖို့ လိုအပ်လား ရန်ကုန်တိုင်းစည်ပင် ဌာနသုံးကားဝယ်ဖို့ ကျပ်သိန်းသောင်းချီသုံးဖို့ လိုအပ်လား Reviewed by THITHTOOLWIN on 00:17 Rating: 5
Powered by Blogger.