သီပေါကျေးလက်ဘုန်းကြီးကျောင်းတကျောင်းမီးလောင် ရှင်သာမဏေတပါးပျံလွန်


အောက်တိုဘာလ ၃ ရက် ၂၀၁၉

(စိုင်းဟိန်းထွဠ် ရေးသားပေးပို့သည်) သီပေါမြို့နယ် အတွင်း ကျေးလက်ဘုန်းတော်ကြီးကျောင်းတကျောင်း ယမန်နေ့ညက မီးလောင်မှုဖြစ်ပွားရာ အသက် ၉ နှစ် အရွယ်ရှိ ကိုရင်ငယ်တစ်ပါးမီးစွဲ ပျံလွန်တော်မူ သွားသည်ဟု ဒေသအတွင်းသတင်းရပ်ကွက်မှသိရ သည်။

၂၀၁၉ အောက်တိုဘာ ၂ ရက် ည ၁၀ နာရီအချိန်တွင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ အရှေ့တောင်ဘက် ၁၅ မိုင်အကွာရှိ မိုင်းလင်းကျေးရွာအုပ်စု မိုင်းလင်းဘုန်းတော်ကြီးကျောင်း မီးလောင်မူဖြစ်ပွားခဲ့သည်။

ဖရောင်းတိုင်မီး ထွန်းရာမှာ ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် အသက် ၉ နှစ် ခန့်ရှိ ရှင်ကုသလ ဆိုသည့် ကိုရင်လေးတပါး မီးလောင်ခံရပြီး ပျံလွန်တော်မူသွားခဲ့ရသည်။

မိုင်းလင်းကျောင်းထိုင်ဆရာတော် ပညာဇောတ က - “ တောရပ်က ဆိုတော့ လျှပ်စစ်မီးမရဘူးလေနော်၊ ည ကျရင်လည်း ဆိုလာပြား နဲ့မီးထွန်းတယ် ၈ နာရီလောက်ဆို မီးပိတ်ပြီး ကိုရင်တွေကိုအိပ်ခိုင်းတယ်။ ကိုရင်တွေ က ဖယောင်းတိုင်မီးထွန်းပြီး အိပ်ကြတယ် အဲတာကနေစပြီး မီးစလောင်တယ်။ ကျောင်းကသက်တမ်းရင့် ပျဉ်ထောင်ကျောင်းဆိုတော့ မိနစ်ပိုင်းပဲ မီးကအရမ်းမြန်တယ်။ အသက်လုပြီးပြေးရတော့ ဘယ်သူကျန်နေမှန်းမသိ။ ဘယ်သူလွတ်မြောက် သွား လဲမသိ။ ဒီလိုနဲ့ ကိုရင်ငယ်လေးက မီးထဲပါသွားတာ။ ကံတရားကြောင့်ပေါ့နော်။ စိတ်တော့ဘယ်ကောင်း မလဲ” ဟု မိန့်တော်မူသည်။

ပျံလွန်သွားသည့် ကိုယ်ရင်လေး ရှင်ကုသလသည် မိုင်းလင်းဇာတိဖြစ်ပြီးဖခင် ဦးစိုင်းဆန်ညွန့် မိခင် ဒေါ်ရွှေလီ တို့၏သားဖြစ်သည်။ ပြီးခဲ့သည့် နွေရာသီက သာသနာ့ဘောင်အတွင်း ၀င်ရောက်လာကာ ဗုဒ္ဓစာပေကျမ်းကန် များ သင်ယူနေသည့် ကျောင်သားကိုရင်လေးဖြစ်သည်။

မီးလောင်ချိန်တွင် နီးစပ်ရာကျေးရွာများ၊ သီပေါမြို့လူမူရေးကူညီရေးအသင်း နှင့် မီးသတ်အဖွဲ့တို့ သွားရောက်ကူ ညီခဲ့သည်။

သီပေါလူငယ်ကူညီကယ်ဆယ်ရေးမှ စိုင်းတူးလီ က - “ မီးစစလောင်ချိန်တော့ ကိုရင်ကမနိုးဘူး။ နိုးလာတဲ့အချိန်က မီးက တံခါးပေါက်ကနေ လောင်နေကုန်ပြီး၊ ထွက်လို့မရပဲ မီးလောင်ခံရတာဗျ” - ဟု ပြောသည်။

မိုင်းလင်းကျောင်းတိုက်တွင် ဘုန်းတော်ကြီး အပါ အ၀င် ရဟန်းသံဃာ ၈ ပါး သာရှိသည်။ ကျောင်းဆောင်မှာ မူ ရှေးဟောင်း သျှမ်းရိုးရာ လက်ရာ ကျောင်းဆောင်ကြီးဖြစ်သည်။ မိုင်းလင်းကျေးရွာ အုပ်စု ၀င် ကျေးရွာ ၆ ရွာကရွာသားများ ကိုးကွယ်ကြသည့်ကျောင်းဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း တန့်ယန်းမြို့နယ် ၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ် အတွင်း ဘုန်းတော်ကြီးကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ယခု သီပေါမြို့နယ်အတွင်း ဘုန်းကြီးကျောင်းမီးလောင်မှုသည် ဒုတိယ အကြိမ် ဖြစ်သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
သီပေါကျေးလက်ဘုန်းကြီးကျောင်းတကျောင်းမီးလောင် ရှင်သာမဏေတပါးပျံလွန် သီပေါကျေးလက်ဘုန်းကြီးကျောင်းတကျောင်းမီးလောင် ရှင်သာမဏေတပါးပျံလွန် Reviewed by THITHTOOLWIN on 03:40 Rating: 5
Powered by Blogger.