နမ့်ဆန်မှာ TNLAနဲ့တပ်မတော်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး လက်နက်ကြီးထိမှန်မှုကြောင့် ၆၅နှစ်အရွယ်အရပ်သားတစ်ဦး သေဆုံး

ဓာတ်ပုံ- V Dian Thein Han

တောင်ကြီး၊ စက်တင်ဘာ ၁၄

လက်နက်ကိုင်မဟာမိတ်သုံးဖွဲ့က တစ်လ အပစ်ရပ်မယ်လို့ စက်တင်ဘာလ ၉ရက်က ထုတ်ပြန်ကြေငြာခဲ့ပြီးနောက် စက်တင်ဘာလ ၁၃ရက် မနက်ပိုင်းကနေ ယနေ့အထိ ရှမ်းမြောက်ဒေသ၊ နမ့်ဆန်မြို့မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ရှမ်းမြောက်ဒေသ၊ နမ့်ဆန်မြို့နယ်၊ မနက်၆နာရီဝန်းကျင်အချိန်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြင်းထန်မှုရှိတယ်လို့ သိရသလို လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်တွေပျက်စီးခဲ့ပြီး၆၅နှစ်အရွယ်အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတွေထံက သိရပါတယ်။

ဓာတ်ပုံ- V Dian Thein Han
"တိုက်ပွဲကတော့ မနေ့ကတည်းက ဖြစ်နေတာပါ။ ဒီနေ့မှာ ရဟတ်ယာဉ်တွေလာတယ်။လက်နက်ကြီးတွေပစ်ကြတယ်။ဦးလေးတစ်ယောက်ရဲ့နေအိမ်ကို လက်နက်ကြီးထိပြီး နေအိမ်ကပြာကျသွားတယ်။လူကိုလည်းထိတယ်။အဲဒါနဲ့ နာရေးကူညီမှုအသင်းကကားနဲ့ ဆေးရုံသွားဖို့လုပ်တယ်။တိုက်ပွဲဖြစ်နေလို့ဆိုပြီးတပ်က ပေးမသွားဘူး။ညနေ၄နာရီလောက်က သွေးထွက်လွန်ပြီးဆုံးသွားတယ်"လို့ နမ့်ဆန်နာရေးကူညီမှုအသင်းမှ ကိုသိန်းဟန်က ရွှေတြိဂံသတင်းဌာနကို ပြောပါတယ်။

အဆိုပါကျေးရွာအနီးမှာ ယနေ့နံနက်ပိုင်းအချိန်ကတည်းက ရဟတ်ယာဉ်တွေပျံသန်းနေတာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေကို တွေ့နေရပြီး လက်နက်ကြီးကျရောက်မှုကြောင့် ပန်တူအူကျေးရွာနေ ဦးအိုက်ထွန်း(၆၅နှစ်)သေဆုံးခဲ့ပြီး တောင်ရိုးစေတီမှ ဦးဇင်းတစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နမ့်ဆန်မြို့မှာ မနေ့နံနက်ပိုင်းကစတင်ပြီးတိုက်ပွဲဖြစ်စဉ်တွေကြောင့် ဟိုချောင်း၊ ပန်တူအူကျေးရွာ၊ မန်ဆာရွာကျေးရွာ၊ကဒုတ်ခိုကျေးရွာက စစ်ရှောင်၆၀၀ကျော်က ဇယန်းကြီးဘုန်းကြီးကျောင်းမှာ ထွက်ပြေးခိုလှုံနေရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

တပ်မတော်အနေနဲ့ လာမယ့် စက်တင်ဘာ ၂၁ရက်နေ့အထိ အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားပြီး မြောက်ပိုင်း ၃ဖွဲ့ကလည်း အောက်တိုဘာလ ၈ရက်နေ့ထိ ထိုးစစ်ရပ်မယ်လို့ ထုတ်ပြန်ထားခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
နမ့်ဆန်မှာ TNLAနဲ့တပ်မတော်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး လက်နက်ကြီးထိမှန်မှုကြောင့် ၆၅နှစ်အရွယ်အရပ်သားတစ်ဦး သေဆုံး နမ့်ဆန်မှာ TNLAနဲ့တပ်မတော်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး လက်နက်ကြီးထိမှန်မှုကြောင့် ၆၅နှစ်အရွယ်အရပ်သားတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 00:23 Rating: 5
Powered by Blogger.